Sunday, August 4, 2013

(၈.၈.၈၈) ရှစ်လေးလုံး

ပန်းချီး .. စစ်ငြိမ်းအေး

ခေါင်းလောင်းသံတွေ
တိတ်ဆိတ်နေခဲ့တယ်။

ဧရာဝတီလည်း
မျက်ရည်တွေနဲ့
စီးဆင်းခဲ့။

ရိုးမတောတောင်တွေက
တက်ခေါက်သံတွေနဲ့ နီမြနေခဲ့ပေါ့။

မိခင်တွေ
ကြေကွဲဖြေမဆည်နိုင်ခဲ့ဘူး။

ငါတို့ကျောင်းက
ခွပ်ဒေါင်းတောင်ပံ
ရိုက်ခတ်သံများ
ကမ္ဘာမြေတုန်ဟည်းသွားခဲ့တယ် ။

လုံချည်စိမ်းနဲ့
အင်္ကျီအဖြူဝတ် လူငယ်လေးတွေ
သွေးသံတရဲရဲနဲ့။

တတောင့်ချင်း ပစ်ခတ်နေတဲ့
သေနတ်သံတွေကြားမှာ
ပုံလျက်သားလဲပြိုသွားခဲ့ကြ
ဒေါင်းအလံကို အသက်နဲ့ဖက်တွယ်လျက်
ငယ်ရွယ်နုပျိုတဲ့ လူငယ်လေးတွေသတ္တိရှိပုံက
စစ်ခွေးတွေ ရူးသွပ်သွားခဲ့ကြတယ် ။

ဂစ်တာသံတွေတိတ်ဆိတ်ကြေမွစွာ
စာသင်ခန်းတို့ ညှိုးနွမ်းခြောက်သွေ့လျက်
ကျောင်းလမ်းမတွေထက်မှ
ရိုးမတောတောင်တွေဆီ
ခွပ်ဒေါင်းသွေးမို့ နီခဲ့တယ် ။

စာသင်ခန်းမှ
လွတ်မြောက်ရေးဆီ
ရဲရဲချီခဲ့။

ရာဇဝင်အစဉ်အလာမပျက်
လွတ်မြောက်ရေးအတွက်
အသက်ဆက်လော့
တကျော့ပြန်သီ
မြစ်မဧရာဝတီနဲ့
ခွပ်ဒေါင်းအာဇာနည်တွေရဲ့ဝိညာဉ်ကို
သက်သေတည်လို့
စစ်မျက်နာအစုံဖွင့်
ခွပ်ဒေါင်းအလံနဲ့ချီတက်
ရိတ်သိမ်းချိန်နေ့ရက်များဆီ သွားကြမယ်။ 

(၈.၈.၈၈) ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် သူရဲကောင်းဆန်စွာ ကျဆုံးသွားခဲ့ကြသော အာဇာနည်ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့အား ဤကဗျာဖြင့် အလေးပြုပါသည်။

နီလွင်သွေး (ဒဿနိက)
၃၁ ၊ ၈ ၊ ၂၀၁၃
အင်္ဂါနေ့

No comments: