Wednesday, April 23, 2014

ခုတာ့လည်း ကျနော်တို့ ဗမာပြည် “ခ - လေးလုံးခေတ်” ကို တကယ်ရောက်နေပြီလား

၁၉၇၃ - ၇၄ ခုနှစ်မှာ ကျနော့ဇာတိရပ်မြေ မူလတန်းကျောင်းလေးမှာ လေးတန်းမြို့နယ်စစ် စာမေးပွဲဖြေအပြီး ပညာခရီးဆက်ဖို့ ကိုရင်လူထွက်ဘဝ ပုပုလုံးလုံး ကတုံးလေးနဲ့ ရောက်လာချိန်မှာ ရန်ကုန်ဟာ အလုပ်သမားသပိတ် ကျောင်းသားသပိတ်တွေနဲ့ ပြည့်လျံနေပါတယ်။ ကျနော် နေခဲ့တဲ့နေရာကနေ ဆင်မလိုက်သင်္ဘောကျင်းရုံက အလုပ်ဆင်းအလုပ်တက်ဥသြသံကို ကြားရတယ်။ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားတွေရဲ့ဆန်တောင်းတဲ့သပိတ်တိုက်ပွဲကို ဝဲစားကြီး ဗိုနေဝင်းက ဆန်အစားကျည်ဆံတွေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းခဲ့စဉ် ထွက်ပေါ်လာတဲ့ မရဏမင်းရဲ့အူသံလို မရပ်မနားအူထွက်နေတဲ့ ဆင်မလိုက်သင်္ဘောကျင်းက ဥသြသံကိုအခုထိ ကြားယောင်နေဆဲပါ။ ကြားယောင်မိတိုင်း အိမ်မက်ဆိုးတခုလို ခြောက်လှန့်ခံနေဆဲပါ။

အဲဒီကာလ အဲဒီတိုက်ပွဲတွေမှာ

တတိယနှစ်စိတ်ပညာတက်နေတဲ့ ကျနော့ဆွေမျိုးနီး အကိုကြီး ကိုဝင်းအောင် တယောက် ဒီနေ့အထိ သေသည်ရှင်သည် မသိရဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ဘယ်လိုမှ စုံစမ်းမရဘဲ သူ့ရဲ့ ကျောင်းသားကဒ်ကလေးကိုသာ နှိမ်နှင်း သတ်ဖြတ်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့တဲ့ သမိုင်း ချည်မျှင်စက်ရုံဘေး မြောင်းလေးထဲက ပြန်ရခဲ့တယ်။ သေပြီအမှတ်နဲ့ပဲ သူ့အတွက် ဆွမ်းကျွေး အမျှဝေခဲ့ရတယ်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာရောက်တော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ဈာပနအရေး ပေါ်လာပြန်တယ်။ တောကရောက်စဆိုတော့ အစောပိုင်းက ဒီအရေး ဒီအသံတွေကြားရင် စိုးရွံ့ခဲ့ပေမယ့် ဦးသန့်ဈာပနအရေးမှာတော့ ကလေးသာသာအရွယ်နဲ့ ပါဝင်ခဲ့မိတယ်။ ကိုယ်နေတဲ့နေရာ တက္ကသိုလ်ကျောင်းဝင်းထဲမှာ ဖြစ်နေတာလဲ တကြောင်းပါမယ်ထင်ပါတယ်။ အိမ်ကဘယ်လိုပဲလိုက်ခေါ်ခေါ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာပဲ သွားနေတယ်၊ ဦးသန့်အခေါင်းဘေးမှာ အလှည့်ကျထိုင်ပေးကြတယ်။ ကျနော့အရွယ် နှစ်ဆယ်လောက်ရှိမယ်ထင်တယ်။ စစ်တပ်က ဝင်စီးမယ့်နေ့မှာ ကျောင်းသားကြီးတွေက ကျနော်တို့ကို အတင်းပြန်လွတ်ကြတယ်။

ဦးသန့် ရဲ့ ဈာပနအရေးပေါ်လာရတာက အာဏာရှင်တွေရဲ့ ဝန်တိုမစ္ဆရိယစိတ်နဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပုဇော်ဖို့ ပျက်ကွက်ယုံမက ပိတ်ပင်မှုကြောင့်ပေါ်လာရတာ ဖြစ်တယ်။ အာဏာရှင် ဝဲစားကြီး ဗိုနေဝင်းက တကမ္ဘာလုံးက လေးစားဂုဏ်ပြုပူဇော်နေတဲ့ ဦးသန့်ကို “သူဘာမို့လို့လဲ ငါ့မယား (ခင်မေသန်း) တောင် ကြံတောမှာပဲ မြှုပ်တာ၊ ကြံတောမှာပဲမြှုပ်” ဆိုတဲ့ အပြောနဲ့ ဝန်တိုမစ္ဆရိယ လုပ်တွေကြောင့် အများပြည်သူတွေ မခံမရပ်နိုင်လို့ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဦးသန့်အလောင်းထားရာ ကျိုက္ကဆံကွင်းကနေ ကျောင်းသားနဲ့ ရဟန်းသံဃာပြည်သူတွေက ဦးသန့် ညီ ဦးခန့်နဲ့ ဆွေမျိုးတွေပါတဲ့ ဈာပနကော်မတီလက်ကနေ လုယူပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲကို သယ်ဆောင်ခဲ့ကြရာက စခဲ့တယ်။ ဦးသန့် ညီ ဦးခန့်ကတော့ အာဏာရှင်အလိုကျ ဈာပနကို ဘယ်လိုဖြစ်စေချင်ပါတယ် ဘာမဖြစ်စေချင်ပါဘူးလို့ ပြောပေး စာထုတ်ပေးခဲ့ရသေးတာပါပဲ။

ဒါပေမယ့် ကျောင်းသားတွေနဲ့ရဟန်းရှင်လူတို့က သူတို့တာဝန်သူတို့ထမ်းခဲ့ကြ၊ ကျေပွန်ခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်ထဲရောက်တာနဲ့ ပြည်သူတွေ သောင်းသိန်းချီ လာရောက်ဂါရဝပြုကြ၊ ဗိမ္မာန်တည်ဆောက်ရေး ရံပုံငွေတွေ ထဲ့ဝင်လှူဒါန်းကြနဲ့ အုတ်အော်သောင်သဲ ဖြစ်ခဲ့ရတယ်။ ဦးသန့်ကို နောက်ဆုံးဂါရဝပြုလိုတဲ့ လူအုပ်ကြီး အဓိပတိဂိတ်ပေါက်ဝကနေ ဘွဲ့နှင်းသဘင်ခန်းမထိ လူတန်း (၃) တန်းထိ တန်းစီစောင်းဆိုင်နေကြရတယ်။ ဒါကြောင့် အာဏာရှင်ဟာ ပြည်သူတွေတွေရဲ့ ဆန္ဒကို ရိုကျိုးလိုက်လျောလိုက်ရပြီး ဦးသန့်ကို ရွှေတိဂုံတောင်ဖက်မုဒ် ကန်တော်မင်ပန်းခြံမှာ စုဖုရားလတ်၊ ဆရာကြီးကိုယ်တော်မှိုင်းတို့နဲ့အတူ လဲလျောင်းခွင့်ပေးခဲ့ရတယ်။

ဦးသန့်နဲ့ ဦးဝင်းတင်တို့ဟာ အမိမြေရဲ့သားကောင်းဇာနည်တွေချည်ပါပဲ။ အမိမြေရဲ့ဂုဏ်ကိုမြှင့်တင်ခဲ့ကြတယ်။ မတူတဲ့ကဏ္ဍကရပ်တည်လုပ်ဆောင်သွာကြတဲ့ သူတို့နှစ်ဦးရဲ့ဂုဏ်ကို သာသည်နာသည် နှိင်းယှဉ်ချိန်ထိုးတာဟာ မသင့်လျော်ပါ၊ သို့သော် ကျနော့အတွက်တော့ ကျားရဲတကောင်လို အမှန်တရားနဲ့ အခြေခံမူကျောရိုးကို ကျားကုတ်ကျားခဲ ကြံ့ကြံ့ခံကာကွယ်စောင့်ထိန်း အလံထူသွားတဲ့ ဦးဝင်းတင်ရဲ့ သတ္တိဂုဏ်ကိုပိုသာ လေးစားဦးညွတ်မိပါတယ်။ ကျနော်တို့အတွက် ဝီရဂုဏ် သမာဓိဂုဏ်ပြယုဂ်တခုပါ။

ဒီလိုပုဂ္ဂိုလ်ကြီးရဲ့နောက်ဆုံးခရီးက သေတာနဲ့လူသူမနီးတဲ့ ရေးဝေးကိုရောက်သွားရတယ်။ အောက်မေ့ဂုဏ်ပြုပွဲက တခြားမှာ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ယုဒသန်ရိပ်သာတာဝန်ရှိသူက လိုလိုလားလား လက်ခံဖို့ပြောတဲ့ကြားက ဒီလိုဖြစ်သွားတယ်ဆိုတော့ သူနဲ့တန်တဲ့အစိုးရကိုပဲရမယ်ဆိုတဲ့ ဂရိစကားပုံကိုပဲ သတိရမိတယ်။ သေသူ ဦးဝင်းတင်ရဲ့ သေရင်မြန်မြန်သဂြုင်္ိလ်ဖို့ ပြောခဲ့တဲ့စကားကြောင့်လို့လဲ ကြားရတယ်၊ အာဏာရှင်တွေရဲ့လေသံ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မလာအောင်လို့လဲ ကြားရပြန်တယ်။ ဒါဟာ ပူဇော်ထိုက်သူကို ပူဇော်ဖို့လိုအပ်ချက်အတွက် လုံလောက်တဲ့ ဆင်ခြေတွေလား။ ဒီလိုဆို ဦးသန့်ဈာပန အရေးမှာပါခဲ့ကြ၊ ရင်းနှီးပေးဆက်ခဲ့ကြသူတွေက ပြဿနာရှာသူတွေ နှောင့်ယှက်ဖျက်ဆီးသူတွေလို့ စစ်အာဏာရှင်တွေ စွပ်စွဲအပုပ်ချနေတာကို ထောက်ခံပေးရာကျမနေပေဘူးလား။

ဦးဝင်းတင်လိုပုဂ္ဂိုလ်က သေရင်မြန်မြန်သဂြုင်္ိလ်ဖို့ ပြောခဲ့မှာပဲ၊ ငါ့ကိုဘယ်လို ခမ်းခမ်းနားနားနဲ့ သဂြုင်္ိလ်ကြ၊ ပူဇော်ဂုဏ်ပြုကြလို့ ဘယ်နည်းနဲ့မှပြောမှာ မဟုတ်။ ဒါက ကျန်ရစ်သူတွေရဲ့တာဝန်နဲ့သိတတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ပူဇာစ ပူစနေယျာနံ ဆိုတဲ့ မင်္ဂလာတရားကို ဖြည့်ဆည်းရမှာက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဝန်တာပဲ။ အတိုက်အခံရယ်လို ပီပီသသ မရှိတဲ့ခေတ် ဦးသန့် ကိုတောင် သူနဲ့ထိုက်တန်တဲ့ ဂုဏ်ပြု ပူဇော်နိုင်ခဲ့ပါလျက် အတိုက်အခံခေါင်းဆောင်ဆိုသူတွေ မှိုလိုပေါက်နေတဲ့ခေတ်မှာ၊ ဦးဝင်းတင်ကို လေးစားကြည်ညိုလှပါတယ်ဆိုသူတွေ ရိုက်သတ်မကုန်ရှိနေတဲ့ အခြေနေမှာ ဦးဝင်းတင်နဲ့ပတ်သက်တဲ့ ပူဇာစ ပူစနေယျာနံ ဆိုတဲ့ မင်္ဂလာတရားကို ဖြည့်ဆည်းမှုယုတ်လျော့ခဲ့ပြီဆိုတာက တိုင်းပြည်နဲ့လူမျိုးအတွက် မကောင်းတဲ့လက္ခဏာ၊ အမဲစက်တခုလို ဖြစ်ကျန်တော့မှာကိုပဲ စိုးရိမ်မိတယ်။

ဦးသန့် ဈာပနအရေးမှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းဟာ လွတ်မြောက်နယ်မြေတခုလို ဖြစ်နေတော့ လူထုရဲ့ ရင်ဖွင့်ရာစင်မြင့်လို ဖြစ်လာတယ်။ ဘွဲ့နှင်းသဘင်ခန်းမရှေ့က တရားဟောစင်မြင့်မှာ ရဟန်းသံဃာတွေ၊ ဝန်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ သာမန်လက်လုပ်လက်စား ပြည်သူတွေ ဦးသန့် ကို ဂုဏ်ပြုကြတယ်၊ ရင်ဖွင့်ကြတယ်။ အဲဒီမှာ ခုထိနားထဲစွဲကျန်ခဲ့တာက ဘုန်းကြီးတပါးရဲ့ ဟောပြောချက်ပဲ။ သူဟောပြောချက်က နေဝင်း ဟာ တပြည်လုံးကို ဆင်းရဲအောင် သူခိုးဖြစ်အောင် လုပ်နေတယ်။ ဒါကြောင့် သူ့ကိုတိုက်ပွဲဝင် ဖြုတ်ချရမယ်ဆိုတာပါပဲ။ နေဝင်း (အာဏာရှင်စနစ်) ခေတ်မှာ ကြီးပွားချင်ရင် “ခ” လေးလုံးဆောင်ထားကြတဲ့။ အဲဒါက ခေါ်ရင်သွား၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့ ခိုးစားတဲ့။ ခုကျနော်တို့ ဗမာပြည် “ခ” လေးလုံးခေတ်ကို တကယ်ရောက်နေပြီလား။

ရဲဘော်ကျော်သန်း
၂၃.၄.၂၀၁၄

No comments: