Friday, April 25, 2014

ဆရာကြီးဦးဝင်းတင်၏ နောက်ဆုံးခရီးသို့ ဂါရ၀ပြုခြင်း (မိုးသီးဇွန်)

ဥဒါန်း

“သားလုတာ အလျော့ပေးလို့ရတယ်၊ အမေလုတာ အလျော့ပေးလို့ မရဘူး” (ဟံသာဝတီ ဦးဝင်းတင်)

ဆရာကြီး ဦးဝင်းတင်ကို ခမ်းခမ်းနားနား လူထုဈာပန ဖြစ်စေချင်တာ ကျနော့်ဆန္ဒပါ။ တတ်နိုင်ရင် သူ့ခန္ဓာကို ယုဒသန်ခန်းမမှာ လူထုဈာပနအဖြစ် ကျင်းပချင်ပါတယ်။ ယုဒသန်ခန်းမက သိက္ခာတော်ရ ဆရာတော်ကလဲ ခွင့်ပြုပါတယ်။ ဒါပေမဲ့ ကျနော့်ဆန္ဒ မပြည့်ဝခဲ့ဘူးပေါ့နော်။ တကယ်က ဆရာကြီးရဲ့ ရုပ်အလောင်းကို မိုးပြာရောင်ပိတ်စပတ်ပြီး ဧရာဝတီမြစ်ကမ်းပါးမှာ ဈာပနအခမ်းအနား ကျင်းပချင်ပါတယ်။ ဆရာကြီးအတွက် အမှတ်တရဂူဗိမာန်ကိုလဲ တနေ့နေ့ တနေရာမှာတော့ ဖြစ်အောင် ကျနော်တို့ ကြိုးပမ်းရပါမယ်။

(၁) ရေဖြင့်ကန်တော့ခြင်း

ကျနော် ဆရာ့ရုပ်ကလာပ်ကို ရေဝေးက ရေခဲတိုက်သွင်းတော့ ကျနော် လိုက်ဝင်သွားမိတယ်။ ကျနော့်ရင်ထဲက ဆရာကြီးကို ဂါရဝပြု ဖြစ်စေချင်တဲ့ဆန္ဒတွေက လွှမ်းမိုးနေပါတယ်။ ပူလောင်နေပါတယ်။ ဆွေမျိုးတွေ နောက်ဆုံးဂါရဝပြု ပြီး၊ ဝန်ထမ်းတွေက ရေချိုးပေးဖို့ စီစဉ်တော့ အားလုံးထွက်သွားကြပါတယ်။ ရေချိုးခန်းမှာ ဘယ်သူမှ မရှိတော့ပါ။ ကျနော်ထင်တာက တမျိုးပါ။ ကျနော်တို့ရဲဘော်တွေက ရေးချိုး အမွေးနံ့သာလိမ်းကျံပေးကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကမန်းကတမ်းလိုဖြစ်နေတော့ ဘယ်သူမှမလာနိုင်ကြတဲ့အချိန် ဖြစ်နေပါတယ်။ ကျနော်နဲ့  သုသာန်ဝန်ထမ်းတချို့ရယ် လူငယ်တချို့ရယ်သာ ကျန်ခဲ့ပါတော့တယ်။

လူတွေက ပူဆွေးသောကရောက်နေကြတဲ့အတွက် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။

ကျနော်နဲ့အတူပါလာတဲ့ ရဲဘော်တွေလဲ ကျနော့်နားတွင်တဦးမှ မကျန်ခဲ့ကြပါ။ ဆရာကြီးကို ရေချိုးဖို့ တင်လိုက်တော့ သုသာန်ရဲ့ရေချိုးခန်းက သန့်ရှင်းမှုနည်းလှတယ်။ ဆင်းရဲလွန်းလှပါတယ်။ ဆပ်ပြာတုံး အဟောင်းတတုံး၊ ညစ်ပတ်နေတဲ့ ပလပ်စတစ် ရေတိုင်ကီတွေကို ကျနော်ကို မခံစားနိုင်ပါ။ ဆရာကြီး ဆေးရုံတက်စဉ်ကလဲ ဆေးရုံကို ကျနော် ရောက်ပါတယ်။ ဆေးရုံကြီးကလဲ တော်တော်ကို ညစ်ပတ်ပါတယ်။ သန့်ရှင်းမှုအဆင့်အတန်းက တော်တော်ကို ကျဆင်းနေပါတယ်။ ရေဝေး သုသာန်ဆိုတော့ စဉ်းစားသာကြည့်ပါ။

ဆရာကြီးကို အမွှေးနံ့သာတွေနဲ့ ကျနော် ရေချိုးပေးချင်ပါတယ်။ ပန်းတွေဝေနေစေချင်တယ်။ ဆရာကြီးကို ချစ်မြတ်နိုးမှု လူတိုင်းရှိတယ်။ ကျနော့်နေရာမှာ တခြားသူတဦးဆိုလဲ ဒီလိုပဲ လုပ်မှာပဲ။ ဒီလို ဂါရဝပြုမိမှာပဲ။ ဒါ မှားသလား။

ကျနော့်စိတ်မှာ ဘယ်လို့မှ မခံစားနိုင်တော့ဘူး။ ဒါနဲ့  ကျနော်ကိုယ်တိုင် ရေခွက်ကိုယူပြီး ဆရာကြီးကို ရေချိုးပေးလိုက်မိပါတယ်။ အရင်ဆုံး ဆရာကြီးခေါင်းကို လျော်ပေးမိပါတယ်။ နောက်တော့ မျက်နှာသစ်ပေးတယ်။ နောက်တော့ ခန္ဓာကိုယ်။ ဆရာကြီးခန္ဓာကိုယ်က ပူနွေးနေတုန်း၊ ကျက်သရေ ရှိနေတုန်း၊ တည်ကြည်နေတုန်း၊ ပြုံးရယ်နေတုန်း၊ ကျနော့်ကို ခွန်အားတွေပေးနေတုန်း ဖြစ်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ အသက်ရှင်နေတဲ့ ဆရာကြီးကို နှစ်သစ်ကူးမှာ ရေနဲ့ ကန်တော့နေရသလို ကြည်နူးလာတယ်။ ကျနော့်စိတ်ထဲမှာ ရေတွေက အေးမြကြည်လင်လာတယ်၊ ညစ်ပေနေတဲ့ ရေတိုင်ကီအပြာကြီးက ဝင်းဝင်းပပ ဖြစ်လာတယ်၊ ရေခွက်က သန့်ရှင်းလာတယ်၊ ရုပ်အလောင်းကိုတင်ထားတဲ့ အလူမီနီယံ ခုံကြီးက မြကျောက်ဖျာလို ဖြစ်လာတယ်။ အခန်းထဲမှာ အမွှေးနံ့တွေ မွှေးလာသလို ခံစားရပါတယ်။ ခြင်္သေ့မင်းက ဝိညာဉ်ကင်းမဲ့နေသော်လဲ ရဲရင့်တည်ကြည်မှုက ဘယ်တော့မှ မပျောက်သွားပါတကား။

ဆရာကြီးအတွက် လုပ်ပေးနိုင်တာ ဒါပဲလားလို့ တွေးမိတယ်။ ရှက်မိတယ်။ မျက်ရည်ကျမိတယ်။

ဆရာကြီးရုပ်အလောင်းကို ကျနော် ရေချိုးပေးမယ်လို့ မစဉ်းစားမိပါ။ မသိပါ။ သို့သော် ဆရာကြီးကို ရေချိုးပေးခွင့် ကျနော် လာရသွားသလို ဖြစ်သွားခဲ့ပါတယ်။ ကျနော် ပီတိ ဖြစ်ပါတယ်။

(၂) ဓါတ်ပုံ

ကျနော် ဆရာကြီးဦးခေါင်းကို စတင်လျော်ပေးနေချိန်မှာ ကလေးတချို့က တယ်လီဖုန်းများနဲ့ ဓါတ်ပုံရိုက်လိုက်ကြတဲ့အတွက် ကျနော် ချက်ချင်းတားလိုက်ပါတယ်။ သူတို့လဲ ရပ်လိုက်ကြပါတယ်။ မတင်ဖို့ သတိပေးလိုက်ပါတယ်။ သို့သော် အင်တာနက်မှာ ဓါတ်ပုံတချို့ တွေ့လိုက်ရပါတယ်။ ပြန်ဖြုတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ဓါတ်ပုံတင်မိသူများကလဲ ဆရာကြီးကို အဂါရဝ လုပ်ခြင်း မဟုတ်ဘူးဆိုတာကိုလဲ ယုံကြည်ပါတယ်။ ကျနော့်ကို အင်တာနက်မှာ လူတချို့က ဆဲထားတယ်လို့ လာပြောကြပါတယ်။ ကျနော်တို့ ချစ်ခင်တဲ့ ဆရာကြီးကို ပြုစုခွင့်ကို အဆဲဆိုခံပြီး ရလိုက်တာပဲလို့ အောက်မေ့မိတယ်။ ထိုက်တန်လှပါပေတယ်။ ကျနော်ခံပါမယ်။

(၃) ကိုစိန်လှိုင် နဲ့ မောင်ကို

ဆရာကြီးဆုံးသွားတဲ့ မနက်အစောကြီးမှာ ဆေးရုံကြီးကိုအမြန်လိုက်ခဲ့ဖို့ ကိုမောင်ကိုက ကျနော့်ကို ဖုန်းဆက်ခေါ်ပါတယ်။ သူ့အသံက ကြေကွဲဆို့နင့်နေတယ်။ သူက အလောင်းကို ရေဝေးကို သယ်ကြတော့မယ်ဗျာ။ ခင်ဗျား လာပြောပေးပါအုံး၊ ရေဝေးကို မသယ်စေချင်ဘူးလို့ သူပြောပါတယ်။ သူက ဆရာကြီးအလောင်းကို ခုလို ချက်ချင်းသယ်သွားတာကို ခံစားနေရတယ်။ ကျနော်ရောက်သွားတော့ သူလိုပဲ ကိုစိန်လှိုင် နဲ့ ရဲဘော်တွေ စိတ်မကောင်းကြီးစွာ ခံစားနေတာကို တွေ့ရတယ်။

ဒေါ်ခင်ကြည် ဈာပန၊ ဆရာကြီး တင်မိုး ဈာပန၊ ဆရာကြီး ဒဂုံတာရာ ဈာပနတွေလို့ ခမ်းနားစေချင်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးများ ဈာပနတွေမှာ ကျနော် ပါခဲ့ပါတယ်။

၁၉၈၉ ဒေါ်ခင်ကြည် ဈာပနကို အာဏာပိုင်းတွေက လမ်းလျောက်မပို့ရဟု အမိန့်ထုတ်ပါတယ်။ ဖမ်းမလိုလို ဆီးမလိုလို သတင်းများ ပျံ့နေတယ်။ သို့သော် ကျနော်တို့ ဒေါ်ခင်ကြည်ဈာပနက စစ်သားများကို ဖယ်ရှားခဲ့တယ်။ လှည်းတန်းမှသည် ရွှေတိဂုံတောင်ဘက်မုဒ်ဆီသို့ လမ်းလျောက်ချီတက် ဂါရဝပြုခဲ့ကြတယ်။

ကျောင်းသားတွေ ချီတက်လာတာကို မြင်ရတော့ ဆရာကြီး ဦးတင်မိုးက သူတို့မသေပါလား ဆိုတဲ့ ကဗျာရှည်တပုဒ်ကို ရေးဖွဲ့ပြီးတော့ပင် ကျနော်တို့ကို ဂုဏ်ပြုခဲ့ပါတယ်။

(၄) ကိုမျိုးမင်း

ကျနော် မြန်မာပြည်ပြန်အရောက်မှာ ရုပ်အလောင်းကိုရေချိုးပေးရတာ ၂ ကြိမ်ကြုံခဲ့ရပါတယ်။ မထင်မှတ်ဘဲ လုပ်ပေးခဲ့ရခြင်း ဖြစ်ပါတယ်။ ပထမအကြိမ်က ကိုမျိုးမင်း ဆုံးစဉ်ကပါ။ ဒုတိယအကြိမ်က ဆရာကြီး ဦးဝင်းတင် ဖြစ်သွားရပါတယ်။ ကိုမျိုးမင်းက ကျနော်တို့ ၈၈ ကာလ အတူအလုပ်လုပ်ခဲ့တဲ့ ရဲဘော်တဦး ဖြစ်ပါတယ်။

သူ့မိသားစုက ချမ်းသာပါတယ်။ ယခင်က ရွှေတောင်ကြားမှာနေပါတယ်။ စစ်အစိုးရလက်ထက်မှာ သူတို့မိသားစုစီးပွားရေးကို ထိခိုက်သွားခဲ့ရပါတယ်။ မိသားတစုလုံးရဲ့ ဒီမိုကရေစီအရေးပေါ် အားပေးထောက်ခံမှုကြောင့် ဖြစ်ပါတယ်။ ယခု ပါရမီမှာနေပါတယ်။

သူဆုံးသွားတဲ့ မနက်အစောကြီးမှာ သူ့ရဲ့ ကျန်ရစ်သူမိသားစုတွေက ကျနော်ကို ဖုန်းဆက်ခေါ်တဲ့အတွက် ကျနော် ထသွားပါတယ်။ ဟိုရောက်တော့ ချက်ချင်းသဂြုင်္ိလ်ချင်တယ် ပြောပါတယ်။ အိမ်ကိုရောက်သွားတော့ အသက်အရွက်ကြီးရင့်နေတဲ့ သူ့မိခင်၊ ဖခင်၊ ဇနီး၊ တူမလေးများနဲ့ ကလေးများသာ ရှိပါတယ်။ ယောက်ကျားအရင့်မာကြီးဆိုလို့ ကျနော်သာရှိတယ်။ ကိုမျိုးမင်း မိခင်ကလဲ ကျနော်တို့ကိုသားလို ချစ်ပါတယ်။ ကျနော်တို့ကလဲ မာမီလိုသာခေါ်ပါတယ်။

ကိုမျိုးမင်းကိုအလွန်ချစ်ပါတယ်။ ကိုမျိုးမင်းနဲ့ သူ့ပထမ အိမ်ထောင်ပါ ထောင်ကျတယ်။ နှစ်ရှည် ကျကြပါတယ်။ ကိုမျိုးမင်းက Dream bed ပေါ်တွင် ခွေခွေလေး သေဆုံးနေရှာပါတယ်။ ကျနော် စိတ်မကောင်းပါ။ မာမီ ဘာလုပ်ချင်သလဲဆိုတော့ အလောင်းကို ရေချိုးပြီး ပြင်ပေးပါလို့ ပြောတဲ့အတွက် ကျနော် ရေချိုးပေးလိုက်ရပါတယ်။ ကျနော့် သူငယ်ချင်း၊ ကျနော့် ရဲဘော်၊ ဒီမိုကရေစီ အရေးတော်ပုံတပ်သားတဦး၊ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သူ၊ သူအခု ကျနော့်ကို ထာဝရနှုတ်ဆက်သွားခဲ့လေပြီ။ ကျနော် ကိုယ်တိုင်ပဲ ရေချိုးပေးခဲ့ပါတယ်။

(၅) ခေါင်းဆောင်များ ဈာပန

ကျနော်တို့တိုင်းပြည်က ဆင်းရဲလွန်းသွားတဲ့အတွက် အသိပညာတွေလဲ နိမ့်ကျ၊၊ ကျင့်ဝတ်တွေလဲ နိမ့်ကျ၊၊ ယဉ်ကျေးမှုတွေလဲ နိမ့်ကျသွားပါတယ်။ ဧရာဝတီသတင်းထောက် ကိုအောင်ဇော် စကားနဲ့ပြောရရင်တော့ ဆရာကြီးဟာ မြန်မာပြည်ရဲ့မန်ဒဲလားလို ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ခမ်းနားစွာဂုဏ်ပြုပေးရမှာ၊ ကျနော်တို့ ရှင်သန်ကျန်နေသူများရဲ့ ထုံးတမ်း ဖြစ်ပါတယ်။ ဆရာကြီး ဦးဝင်းတင်လိုပုဂ္ဂိုလ်ကိုတောင်မှ ကျနော်တို့ ခမ်းနားစွာ ဂုဏ်မပြုနိုင်ခဲ့ရင် ကျန်ရှိနေသေးသော ခေါင်းဆောင်များလဲ ရေဝေးမှာပဲ အဆုံးသတ်ကြမယ်ဆိုတာကို သတိပေးလိုပါတယ်။

ကျနော်တို့နိုင်ငံမှာ ဒီလိုပုဂ္ဂိုလ်တွေ ကွယ်လွန်သွားတဲ့အခါမှာ လုပ်ပေးရမယ့် လုပ်ရိုး လုပ်ထုံး Ritual Protocol တွေ State Funeral Producers ကို မသိကြတော့ပါ။

လင်ကွန်း၊ လီနင် ၊ မော်စီတုန်း၊ ဟိုချီမင်း၊ ကနေဒီ၊ ဒိုင်ယာနာ တို့ ကွယ်လွန်သွားချိန်မှာ သူတို့ရုပ်အလောင်းတွေကို ဘယ်လိုပြင်ဆင်ကြတယ်။ ဘယ်လို စီစဉ်ကြတယ်ဆိုတဲ့ အကြောင်းတွေကို ကျနော် ဖတ်ဖူးပါတယ်။ သူတို့ရေချိုးပေးတဲ့အချိန်မှစ၊ အဝတ်စားလဲပုံ၊ အခေါင်းဒီဇိုင်းကိုရွေးပုံ၊ ပန်းခြင်းများချပုံ၊ sitting plans များ သတ်မှတ်ပုံ၊ အခေါင်းနားတွင်ထွန်းမည့် မီးလုံးမီးအားကို သတ်မှတ်ရပုံ လူထုဂါရဝပြုပွဲကို စီစဉ်ပုံတွေကို မှတ်တမ်းထားရှိပါတယ်။ စာအုပ်စာတန်းတွေ ပြုစုရေးသားခဲ့ကြပါတယ်။ မော်စီတုန်း ကွယ်လွန်ချိန်မှာ တရုပ်ပြည်ခေါင်းဆောင်တွေက ဘယ်လိုစီမံရမယ်ဆိုတာကို မသိကြတဲ့အတွက် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဆီကို ညတွင်းချင်းသွားမေးရပုံတွေပါ ရှိပါတယ်။ ဟိုချီမင်း ကွယ်လွန်ချိန်က ဘယ်လိုလုပ်ပေးခဲ့သလဲဆိုတာကို သွားမေးကြခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းဖြစ်ရပ်တွေမှာ လူမျိုးတမျိုးက လူမျိုးတမျိုးကို ကျွန်ပြုလေ့ရှိတယ်။ တနည်းအားဖြင့်ပြောရရင် ယဉ်ကျေးမှု မြင့်တဲ့လူမျိုးက ယဉ်ကျေးမှုနိမ့်တဲ့လူမျိုးကို ကျွန်ပြုသွားခြင်း ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ မွေးဖွားခြင်း (Birth) ၊ ထိမ်းမြားခြင်း (Marriage) နဲ့ သေဆုံးခြင်း (Death) တွေမှာ ပြုလုပ်တဲ့ ရည်မှန်းချက်နဲ့ နည်းလမ်းတွေက လူ့အဖွဲ့အစည်းအတွက် တိုးတက်ကြီးပွားမှု၊ ခွန်အား၊ ဉာဏ်အားနဲ့ ကျင့်ဝတ်တွေကို သင်ခန်းစာပေးသလဲအပေါ် မူတည်နေပါတယ်။

(၆)

မာနယ်ပလော စစ်ဆင်ရေးတုန်းက ကျဆုံးရဲဘော်တွေကို ညဖက် ကျနော်ကိုယ်တိုင် ရေချိုးပေးဖူးတယ်။ စစ်ယူနီဖေါင်း အသစ်တစုံကို ဝတ်ပေးခဲ့တယ်။
ကျနော့်အတွေ့အကြုံအရ ရုပ်အလောင်းများကို အင်္ကျီဝတ်ပေးရတာ အခက်ခဲဆုံး ဖြစ်ပါတယ်။ သို့သော် ရအောင်ဝတ်ပေးကြရပါတယ်။ အလောင်းတွေကို အင်္ကျီဝတ်ပေးရတဲ့ နည်းရှိပါတယ်။ ညဘက်ကျမှာ အလောင်းတွေကို ရေချိုးရတာကတော့ တိုက်ပွဲတွေ ပြင်းထန်နေလို့ပါ။ မနက်ဝေလီဝေလင်းမှာ စစ်အခမ်းအနားနဲ့  ဈာပနလုပ်ပေးခဲ့တာ ပြန်မြင်ယောင်မိတယ်။ ကျနော်တို့ ဘယ်ရဲဘော်ကိုမှ ပစ်စလက်ခတ် မသဂြုင်္ိလ်ခဲ့ပါ။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ရဲဘော်ကျင့်ဝတ်တခုက တိုက်ပွဲတွင်း ကျဆုံး ရဲဘော်ရဲ့အလောင်းကို ရအောင်ယူခဲ့ဖို့ ဖြစ်ပါတယ်။ အလောင်းကိုကောင်းမွန်စွာ သဂြုင်္ိလ်ဖို့ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ပြန်သယ်ခဲ့ရတဲ့အလောင်းများစွာ ရှိခဲ့ပါတယ်။

(၇)

၁၉၈၈ ခုနစ် ဇွန်လ ပြည်လမ်းမမှာ ပထမဆုံး ကျောင်းသားအလောင်းကိုလဲ ကျနော်တို့မထားပစ်ခဲ့ပါ။ အလောင်းကိုတင်ပြီး ပြည်သူလူထုကို ကားနဲ့ လှည့်ပြခဲ့တယ်။ ရအောင်ကောက်ပြီး ရေခဲတိုက်ကို ပို့ခဲ့ပါတယ်။ ၈၈ ကို မီသူများ သိနိုင်ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေ ထောင်နဲ့ချီဖြစ်နေပြီ ဖြစ်ပါတယ်။ သူတို့အားလုံးအတွက် အမေရိကန်စစ်သင်္ချိုင်းလို့ ဗိမာန်တခု လိုအပ်နေပြီလို့ မြင်ပါတယ်။ ရှစ်လေးလုံးမှာ ကျဆုံးခဲ့သူများ ထောင်နဲ့ချီရှိပါတယ်။ ထောင်တွင်းနဲ့ ထောင်ပြင်ပ ကျန်းမာရေးထိခိုက်ပြီး ကျဆုံးသူများစွာ ရှိနေတယ်။ အေဘီအက်စ်ဒီအက်ဖ် တခုတည်း ကျဆုံးသူအင်အား ၇ ရာနီးပါး ရှိပါတယ်။ ဒီထက်ပိုပြီး လေးလေးနက်နက် စဉ်းစားလုပ်ဆောင်သင့်တာကတော့ နိုင်ငံရေးပဋိက္ခအတွင်း ကျဆုံးသူတွေအတွက် ငြိမ်းချမ်းရေး ဂူဗိမာန်တခုအထိပါ ကျနော်တို့ မလုပ်သင့်ပေဘူးလား။

(၈) တော်လှန်တဲ့ ၈၈ စိတ်ဓါတ် အဓွန့်ရှည်ပါစေ ၊ လှိုင်းစီးသူတွေ ကျဆုံးပါစေ

ကျဆုံးသွားသော ရဲဘော်များအလောင်းဟာ ဝိညာဉ်ကင်းမဲ့နေပေမဲ့ ကျက်သရေရှိနေကြပါတယ်။ ဆရာကြီး ဦးဝင်းတင်နဲ့တကွ ကျဆုံးသွားသော အာဇာနည်များ ကောင်းရသုဂတိသို့ လားပါစေ။

မိုးသီးဇွန်
၂၄.၄.၂၀၁၄

No comments: