Tuesday, April 29, 2014

တခါက အာဇာနည်နေ့

၁၉၉၀ ဇူလိုင်လ ၁၉ ရက်နေ့၊ (၄၃) နှစ်မြောက် အာဇာနည်နေ့။

အဲဒီညက မှတ်မှတ်ရရ မိုးတွေကလဲသည်းလိုက်တာ။ ည ၁၀ နာရီလောက် အိပ်လို့လဲမပျော် ဗိုက်ကလဲဆာလာတာနဲ့ မီးဖိုခန်းဝင်ပြီးထမင်းစားဖို့ ကြည့်လိုက်တော့ အမေချက်ထားတာက ၀က်သားနဲ့ ပုန်းရည်ကြီးဟင်း။ ထမင်းခူး ဟင်းထည့်ပြီး ထမင်းစားလို့ တ၀က်မရောက်ခင်မှာပဲ ရုပ်တရက် လျှပ်စစ်မီးတွေပျက်သွားတယ်။ အိမ်က အမေအပါအ၀င် အားလုံးလည်း အံ့သြသွားတယ်။ ကျနော်တို့နေတဲ့ရပ်ကွက်က ဗွီအိုင်ပီရပ်ကွက်တခုပါ။ တခါမှ မီးပျက်တာ ရေပျက်တာဆိုတာ မရှိခဲ့ပါဘူး။ ထူးထူးခြားခြား မီးပျက်သွားတာဟာ ကျနော့်စိတ်ကိုထင့်ကနဲ ဖြစ်သွားတယ်။

နေ့လည်က အာဇာနည်ကုန်းရင်ပြင်မှာ ထိုင်သပိတ်လုပ်ခဲ့ပြီး အဲဒီတုန်းက
ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွန့် ကိုယ်တိုင်ရောက်လာပြီး ကျနော်တို့ကို လူစုခွဲပေးဖို့ တစုံတရာပြသာနာလုပ်မှာလဲ မဟုတ်ဘူးလို့ ပြောဆိုခဲ့လို့ ကျနော်တို့ လူစုခွဲခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော် ထမင်းစားလက်စတန်းလန်းကို ရပ်လိုက်ပြီး အိမ်ရှေ့ဝရန်တာကို ထွက်လိုက်တဲ့အခါ၊ ကျနော်နေတဲ့တိုက်ဘေးနားမှာ စစ်ကားတွေရောက်နေပါပြီ။ ကျနော်လဲအမေ့ကို အမေ သားပြေးမှဖြစ်မယ်လို့ပြောပြီး၊ ကျနော် အိမ်နောက်ဖက် အလက ကျောင်းလေးထဲကနေထွက်ဖို့ အိမ်နောက်ဖေး တခါးကိုဖွင့်လိုက်တဲ့အခါ ကျနော့်အိမ်နောက်က အလက ကျောင်းလေးထဲမှာ သံခမောက်အဖြူရောင်တွေဆောင်းထားတဲ့ တပ်ထိန်းတွေက ရောက်နေခဲ့ကြပါပြီ။

ကျနော် ဘာလုပ်ရမလဲ။ ဒီအတိုင်းပဲ ဧည့်ခန်းမှာ ထိုင်ရင်း အမေ့ကိုပြောမိတယ်။ သေချာပေါက် ကျနော့်ကို လာဖမ်းကြပြီအမေလို့ ..။ အမေက ကျနော့်လက်ကိုကိုင်ထားတယ်။ အဲဒီမှာ အမေပြောတဲ့စကားကို ခုထိမမေ့ဘူး။ “သားယောက်ျားဆိုတာ လုပ်ရဲရင် ရင်ဆိုင်ရဲရမယ်တဲ့” ကျနော့်တကိုယ်လုံး အမေပြောတဲ့စကားဟာ အားတွေပြည့်သွားသလိုပဲ။ ကျနော်တည်ငြိမ်သွားတယ်။ ခုနတုန်းကလို စိတ်လှုပ်ရှားတာတွေ ဘာမှမရှိတော့ဘူး။

သိပ်မကြာခင်မှာပဲ တံခါးလာခေါက်သံကြားရပြီး ဧည့်စာရင်းစစ်ချင်လို့ပါတဲ့။ တခါးဖွင့်လိုက်တယ်အခါ ဧည့်စာရင်းစစ်မယ်လို့ပြောပြီး လ၀က မပြောနဲ့ ရပ်ကွက်လူကြီးတောင်မပါဘဲ အရပ်ဝတ်တွေနဲ့ အိမ်ထဲကိုဝင်လာကြတယ်။ ပြီးတော့ နောက်ဆုံးဝင်လာတဲ့ လူတယောက်က ကျနော် ဗိုလ်ကြီး သိန်းဇော်မြင့် ပါ၊ တပ်မတော်ထောက်လှမ်းရေး (၇) ကပါ။ ကျနော်တို့ အိမ်ထဲကိုနည်းနည်းလောက် ရှာချင်ပါတယ်တဲ့။ အဲဒီမှာ အမေကပြောတယ် ရှာဝရမ်းပါသလား၊ ရပ်ကွက်လူကြီးပါသလားဆိုတော့ ဒီအရာရှိကပြောတဲ့စကား ကျနော် ခုထိမမေ့ဘူး။ “ကျနော်တို့ စစ်ဆင်ရေးလုပ်နေတာ ရှာဝရမ်းတွေ ရပ်ကွက်လူကြီးတွေကိုပြောဖို့လုပ်ဖို့ အချိန်မရှိဘူးတဲ့” ဒါနဲ့ တအိမ်လုံးကိုစိတ်တိုင်းကျ ဗြောင်းဆန်အောင်ရှာပြီးသွားပြီး ဘာကိုမှမရတဲ့အခါ စာအုပ်စင်က ဒို့ဗမာအစည်းအရုံးသမိုင်း ပ+ဒု ၂ အုပ်ရယ်  ရေသောက်မြစ် ၃ သွယ်ဆိုတဲ့စာအုပ်ကိုသိမ်းပြီး၊ ကဲ အမကြီးသားကို မေးစရာရှိလို့ ကျနော်တို့ ခဏခေါ်သွားပါရစေတဲ့။ ဒီလိုနဲ့ ကျနော် အမေ့ကိုကန်တော့လိုက်တယ်။ အမေကတော့ လုံးဝမငိုဘူး၊ သက်သက်စိတ်တင်းထားတယ်ထင်တာပဲ။ ကန်တော့ပြီး အမေ့ကိုနှုတ်ဆက်ပြီး ကျနော်သူတို့ခေါ်တဲ့ဆီ လိုက်ခဲ့တယ်။

ကျနော့် အိမ်ကထွက်ပြီး တိုက်ဘေးကိုရောက်တာနဲ့ ဘေးကတယောက်က ကျနော့် မျက်လုံးကိုအ၀တ်နဲ့စည်းလိုက်ပြီး ကျနော့်ရဲ့လက်မ ၂ ချောင်းကို လက်မလက်ထိတ်လေးနဲ့ ပူးပြီးခတ်လိုက်တယ်။ ခဏလောက်လမ်းလျှောက်ပြီး ကားပေါ်ကိုတက်ခိုင်းပြီး ကျနော်ခုံကိုစမ်းမိတော့ ခုံပေါ်မှာထိုင်လိုက်တဲ့အခါ ဘယ်ကမှန်းမသိတဲ့ လက်သီးချက်တချက်က ကျနော့်မျက်နှာပေါ်ကို ရောက်လာတယ်။ တကယ်ဗျာ ကြယ်တွေလတွေတကယ်ကိုမြင်သွားတာပဲ။ ပြီးတော့ အော်ဟစ်သံတွေနဲ့ “မအေလိုးလေး မင်းကို ဘယ်သူက ခုံပေါ်ထိုင်ခိုင်းသလဲကွ” ဆိုပြီး ကားပေါ်မှာတင် ကျနော့်ကို ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပါတော့တယ်။ ပြီးတော့ ကားကြမ်းပြင်ပေါ်မှာ မှောက်ရက်သား ထိုင်ခုံပေါ်မှာထိုင်နေတဲ့ စစ်ထောက်လှမ်းရေးတွေက ကျနော့်ကျောပေါ်ကို သူတို့ခြေထောက်တွေ တင်ထားခဲ့ကြပါတယ်။

နာရီဝက်လောက်ကားမောင်းပြီး ခြံစည်းရိုးတခုဖွင့်သံနဲ့အတူ အလေးပြုလို့ အော်သံကြားလိုက်ရတယ်။ ပြီးတော့ ကားရပ်ပြီး ကျနော့်ကို ကားပေါ်ကဆွဲချပြီး အခန်းတခုထဲရောက်တဲ့အခါ ထိုင်ခုံတခုမှာထိုင်ခိုင်းပြီး မင်းရှေ့ကစာတန်းကို သေချာဖတ်စမ်းလို့ပြောပြီး၊ ကျနော့်မျက်စေ့ကိုစည်းထားတဲ့အ၀တ်ကို ဖြေပေးလိုက်တဲ့အခါ ကျနော့်ရှေ့မှာ အောက်ခံအနီရောင်ပေါ်မှာ အဖြူရောင်နဲ့ ရေးထားတဲ့စာသားတချို့ကို တွေ့လိုက်ရပါတယ်။ အဲဒီစာသားကတော့ ...

ဘူးဆိုရင် ဖရုံမသီးပေမယ့် ဒီရောက်ရင် ဒူးတော့တုန်ရတာပဲ။ (အမှတ်၇ တပ်မတော်ထောက်လှမ်းရေးတပ်)

ဖတ်ပြီး ခဏအကြာမှာ မျက်လုံးကိုပြန်စည်းလိုက်ပြီး မင်းလိုစောက်ကောင်လေးလောက်ကတော့ အစိမ်းစားလို့ရတယ်ကွ မအေလိုးလေး၊ ဒါ စစ်ထောက်လှမ်းရေးကွဆိုပြီး ဘယ်နှယောက်မှန်းမသိ ကျနော့်မျက်နှာကို ၀ိုင်းထိုးကြိတ်ကြပါတော့တယ်။ အဲဒီအထိ ကျနော့်ကို ဘာမှမေးမြန်းတာမရှိဘဲ အသားလွတ် ထိုးနှက်ကန်ကျောက်နေတာပါ။ နောက် ကျနော့်ကို အခန်းတခန်းထဲကို ပို့လိုက်တယ်။

အဲဒီမှာပဲ စစ်ကြောရေးက စခဲ့ပါပြီ။ ကျနော်မသိတာတွေ မေးတယ်။ မသိဘူးပြောတော့ ရိုက်တယ်။ ပြသာနာက ရေလုံးဝမတိုက်တဲ့ ပြသာနာပဲ။ ကျနော့်လျှာတွေ ထုပူနေပြီ နှုတ်ခမ်းတွေလဲ အရမ်းခြောက်နေပြီ။ ကျနော့်ကို စစ်နေတာ ဘယ်နှရက်မှန်းလဲ မသိတော့ဘူး။ လုံးဝ မအိပ်ရတာပဲသိတယ်။ တခါတခါ သူတို့မေးတာကို နားကကြားသလိုလိုနဲ့ မှေးကနဲဖြစ်သွားတယ်။ ခဏလေးပါပဲ၊ ပြန်ရိုက် ပြန်ထိုးတာနဲ့ပဲ လူက သတိရသလို မျောသလိုလို ဖြစ်လာတယ်။ အဆိုးဆုံးကတော့ ကျနော့်ကို စစ်နေတုန်း ကျနော့်မျက်နှာကို ဆေးလိပ်မီးခိုးနဲ့ မွှန်နေအောင်မှုတ်တယ်။ လူက ရေမသောက်ရ မျက်လုံးကိုစည်းထားတာလဲ ဘယ်နှရက်ကြာပြီလဲ မသိတော့တဲ့အချိန်၊ လူက တော်တော်လဲစိတ်ဓါတ်ကျနေပြီ။ ဘယ်လောက်တောင်စဉ်းစားသလဲဆိုရင် ငါသေသွားရင် ဘယ်လောက်ကောင်းမလဲ ဒီလိုနှိပ်စက်နေတာခံရတာနဲ့ အတူတူ မြန်မြန်သေပါစေလို့ကို ဆုတောင်းမိတာ အမှန်ပဲ။

တရက်မှာ ကျနော့်မျက်လုံးကို အ၀တ်ဖြေပေးပြီး မင်းကြည့်စမ်းဆိုတော့ စားပွဲပေါ်မှာ စစ်မတ်ခွက်နဲ့ထည့်ထားတဲ သောက်ရေတခွက်။ ပြီးတော့ မျက်လုံးပြန်စည်းလိုက်ပြီး၊ ဟေ့ကောင် ပါးစဟ ရေတိုက်မယ်ဆိုလို့ ကျနော် ပါးစပ်ဟပေးထားပါတယ်၊ အချိန်တော်တော်ကြာတဲ့အထိ ဘယ်လိုရေတပေါက်ကမှ ကျနော့် ပါးစပ်ထဲကိုမရောက်လာတဲ့အပြင် သောက်ရေခွက်ကို အမှိုက်ပုံးထဲ ပစ်လိုက်သံကြားရပြီး၊ စစ်ကြောရေးကို ဆက်လုပ်ခဲ့တာပါပဲ။ နောက်တချက်က မင်းရေသောက်မလား မင်းသိတဲ့သူတွေပြောစမ်း ရေသောက်ရမယ်တဲ့။ ကျနော်ရေတခွက်သောက်ရပြီး လူအယောက် ၂၀ လောက် ထောင်ကျမယ့်အလုပ်ကိုလုပ်ဖို့ ကျနော့်မှာ ရှိသမျှခွန်အားတွေနဲ့ ငြင်းဆန်ခဲ့လိုက်ပါတယ်။

အဆိုးဆုံး စစ်ကြောရေးကတော့ ရိုက်တာနှက်တာတွေအားရသွားတဲ့အခါ သောက်လက်စ စီးကရက်မီးနဲ့ ကျနော့် လက်ဖျံတွေ ကျနော့်ခြေသလုံးတွေကို ထိုးခဲ့တာပါပဲ။ ခုချိန်ထိ ကျနော့်လက်တွေနဲ့ ခြေသလုံးတွေမှာ ဆေးလိပ်မီးဒဏ်ရာတွေ ရှိနေဆဲလဲ ဖြစ်ပါတယ်။

ကျနော့်ကို စစ်ကြောရေးပြီးသွားလို့ ထောက်လှမ်းရေး (၇) စစ်ကြောရေးစခန်းကနေ ထောင်ကိုစပို့လိုက်တဲ့နေ့။ အင်းစိန် သီးသန့်ထောင်ကို။ ထောင်ဘူးဝကိုရောက်ရောက်ချင်း ထောက်လှမ်းရေး (၇) က စစ်ထောက်လှမ်းရေးတွေက ကျနော်တို့ကို  ခေါင်းငုံ့ထားဆိုပြီး ကျောကိုဆောင့်ကန်တယ်။ ပြီးတော့ ထောင်မှာ ကျနော်တို့ရဲ့မှတ်တမ်းတွေနဲ့ ပါလာတဲ့ နာရီ၊ ပိုက်ဆံတွေ အပ်နှံလက်မှတ်ထိုးခိုင်းတယ်။ အဲဒီအချိန်မှာပဲ ပြသာနာက စတော့တာပဲ။ ထောင်ဝန်ထမ်းတွေက ကျနော်တို့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရှိမရှိ စစ်တဲ့အခါ ကျနော့်လက်ဖျံတွေနဲ့ ခြေသလုံးမှာရော ကျနော့်အမှုတွဲ စိုးနိုင် (သုံးရောင်ခြယ် ကိုမြတ်စံရဲ့ညီ) မှာရော ဆေးလိပ်မီးနဲ့ထိုးပြီး စစ်ကြောထားတဲ့ ဒဏ်ရာတွေက အနာမကျက်သေးဘူး။ အဲဒါနဲ့ အင်းစိန်ထောင်ဝန်ထမ်းနဲ့အရာရှိတွေက သူတို့ ဒီဒဏ်ရာတွေနဲ့ လက်မခံနိုင်ဘူး အနာကျက်မှ ပြန်လာပို့ပါလို့ ပြောတဲ့အခါ။ ကျနော်မှတ်မိသေးတယ် အမှတ် (၇) စစ်ထောက်လှမ်းရေးတယောက်က ဘာပြောသလဲဆိုတော့ “ဒီချာတိတ်တွေလောက်မပြောနဲ့ NLD က ဦးမောင်ကိုတောင် ငါတို့ရိုက်သတ်ခဲ့တာ မင်း အလုပ်ပြုတ်သွားချင်သလားတဲ့”

ဒီလိုနဲ့ အင်းစိန်သီးသန့်ထောင်ဘူးတံခါးဝကြီးက ပွင့်သွားခဲ့ရပါပြီ။ ၀င်ဝင်ချင်းပဲ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်လိုက်ပြီး အင်းစိန်သီးသန့်ထောင်ရဲ့ (၁) တိုက်ထဲကို ထည့်လိုက်ပါတော့တယ်။ ဒါဟာ တပ်မတော်ထောက်လှမ်းရေးရဲ့ အမိန့်ကို မလွန်ဆန်နိုင်တဲ့ စစ်ထောက်လှမ်းရေးရဲ့အမိန့်ရဲ့ အင်းစိန်ထောင်ရဲ့ အကျဉ်းဦးစီးဌာန ဖြစ်ပါတော့တယ်။

မနက်မိုးလင်းတော့ မနက် ၆ နာရီလောက်မှာ ပုံစံလို့အော်တဲ့အခါ မနေ့ညကမှရောက်တဲ့ ကျနော်တို့ကမသိဘဲ အိပ်နေတာပေါ့။ သိလိုက်တဲ့အချိန်ကတော့ သံတိုင်အပြင်ကနေ ရေလောင်းထည့်ပြီး လန့်နိုးတဲ့အခါ ခေါင်းကို ၀ါးဆစ်ပိတ်နဲ့ အရိုက်ခံရတာပါပဲ။ မနက် ၆ နာရီ အိပ်ယာက တခါမှမထဘူးတဲ့ ကျနော်တို့ဟာ မနက်စာ ဘာလာမလဲစဉ်းစားရင်း စားစရာကိုမျှော်နေခဲ့ရတယ်။

ဒီလိုနဲ့ နေ့လည် ၁၁ နာရီလောက်မှာတော့ နီကြင်ကြင် ထမင်းတပန်းကန်ပေါ်မှာ ဘာအရသာမှမရှိတဲ့ ပဲဟင်းလို့အမည်တပ်ထားတဲ့ ပဲဟင်းအရည်ကိုဆမ်းထားတဲ့ ထမင်းပန်းကန်တချပ် ရခဲ့တယ်။ ပြီးတော့ နောက်က ၀န်ထမ်းတယောက်က ပန်းကန်ပြားခံဆိုသံနဲ့အတူ ငါးပိလက်တတို့စာကို ပန်းကန်ပြားနှုတ်ခမ်းပေါ်မှာ ပစ်တင်ပေးပါတယ်။ ဘာအရသာမှမရှိတဲ့ ပဲဟင်းလို့ခေါင်းစဉ်တပ်ထားတဲ့ အရည်နဲ့ တခါမှ မတွေ့ဖူးတဲ့ ငါးပိနဲ့စားရတဲ့အရသာဟာ အဲဒီအချိန်ကတော့ တကယ့်ကို ကောင်းလှတဲ့ အရသာပါပဲ။ တခါတလေ ပုဂံပြားပေါ်ပစ်တင်ပေးတဲ့ငါးပိထဲမှာ ကံကောင်းထောက်မစွာ ဖလန်ဖြူလို့ခေါ်တဲ့ မှိုတက်နေတဲ့ ငြုပ်သီးခြောက်လေး တတောင့်တလေ ပါလာတဲ့နေ့ကတော့ နတ်သုဓာ ပါပဲ။ ပဲဟင်းလို့အမည်တပ်ထားတဲ့ ပဲအရည်ကျဲနဲ့ ငံတူးလှတဲ့ ငါးပိကြားထဲက ငြုတ်သီးတတောင့်ဟာ အဲဒီလောက် အရသာရှိခဲ့လိမ့်မယ်လို့ ကျနော့်ဘ၀မှာ တခါမှ မထင်ခဲ့ဖူးဘူး။

အဲဒီနေ့က အဲဒီ ငြုတ်သီးတောင့်လေးရဲ့ အရသာကိုတွေ့တော့မှ အမေ့အိမ်က ဟင်းတွေကို သတိရပြီး မျက်ရည်ကျဖြစ်တယ်။ ဒါဟာ အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ အစပေါ့။

လေးစားစွာဖြင့်

ထက်ရာဇာ
ခေတ္တ (အမေရိက)

No comments: