(ကိုကျောက်ညို သူ့ တိုက်ခန်းပြူတင်းပေါက်မှ ပြင်ပလောကကို လှမ်းကြည့်ကာ အတွေးမျှောငေးမော နေခဲ့ရာ…မှအဆက်)
ကိုကျောက်ညိုသည် အခန်းဘက်သို့ ရုတ်ကနဲ ပြန်လှည့်လိုက်သည်။ စောင့်ကြည့်မှန်သားပြင် နှင့် မျက်နှာချင်းဆိုင် ရပြီဆိုလျှင် ငြိမ်သက်သည့် မျက်နှာပေး သွင်ဟန်ကို ပြသနိုင်ဖို့ ပုံမှန် ကြိုးစားနေကျ အတိုင်း သူကြိုးစား မျက်နှာပြင်လိုက်ပါသည်။ ၎င်း ရူတည်တည်ရုပ်ကလေး ပေးကာ အခန်းကို ဖြတ်ပြီး ကျဉ်းကြုပ်သည့် သူ့မီးဖိုချောင်ကလေးရှိရာသို့ သူလာခဲ့သည်။ ဝန်ကြီးဌာနကနေ သည်လို အချိန်မျိုးမှာ ရုံးဆင်းလာခဲ့သည့် သူသည်
ကန်တင်းတွင် ကျွေးသော နေ့လည်စာကို လက်လွတ်ခဲ့ရသည်။
မီးဖိုချောင်ထဲမှာ ခပ်ကြီးကြီး ဓားလှီးဘိန်းမုန့် မည်းမည်းနက်နက် တတုံးမှလွဲလို့ စားစရာ မရှိကြောင်း ကျောက်ညို သတိထားမိသည်။ ဓားလှီးဘိန်းမုန့်မှာ မနက်ဖြန် မနက်စာစားဖို့ သူချန်ထားရပေမည်။ မီးဖိုချောင်၏ စင်ကပ်ကလေး ပေါ်မှာ “အမျိုးသားရေး အောင်ပွဲ” သင်္ကန်းရောင်တောက်တောက် တံဆိပ်နှိပ်ထားသော ဂျင်အရက်သည် အရောင်မွဲတိမွဲတေနှင့် ကျောက်ညိုအား ခြောက်အက်အက် ရယ်ပြနေသည်။
သူသည် အရက်ပုလင်းကို ဆွဲချပြီး လ္ဘက်ရည်ကြမ်းခွက် တလုံးစာကို တခါတည်း မော့ချလိုက်သည်။ ဆီချေးစော် နံပြီး တရုတ်ပြည်တောင်ပိုင်းက တင်သွင်းသော ဆန်အရက်ပြင်း ဖြစ်သည်။ မီးသင်းဆေးခါးရည် သောက်ရသလို လည်ချောင်းထဲ ပူရှိန်းသွားလေသည်။
ရုတ်ချည်းဆိုသလို ကျောက်ညို၏ မျက်နှာသည် စွေးစွေးနီလာပြီး မျက်လုံးအိမ်မှ မျက်ရည်စီးကြောင်းများ ရေသွန်ချလိုက်သလို ယိုဆင်းလာလေသည်။ နိုက်ထရစ် အက်ဆစ်လို အဝင်ဆိုးလှတဲ့ အရက်။ လည်ချောင်းထဲသို့ ဂလိုက်ကနဲ အကြိုက်တွင် သူ့နောက်စေ့ကို ရာဘာတုတ်ဖြင့် ဂလုက်နဲ ထုရိုက်ခံလိုက်ရသလို ခံစားရသည်။ အတန်ငယ်ကြာတော့ ကျောက်ညို၏ ဗိုက်ထဲမှ ပူစပ်စပ် ဝေဒနာသည် ဖြည်းဖြည်းချင်း တိုးတိတ်သွားပြီး ကမ္ဘာကြီးဟာ ပိုပြီး ပျော်မြူးစရာ ဖြစ်လာခဲ့သည်။
သူသည် အိတ်ထောင်ထဲမှ နေ၍ ကျိုးကြေနေသော စီးကရက်ဗူးကို ထုတ်ယူလိုက်သည်။ ဘူးပေါ်မှာ ကပ်ထားသော တံဆိပ်ကလည်း “အမျိုးသားရေး အောင်ပွဲ” တံဆိပ်၊ ထို့ကြောင့် စီးကရက် နာမည်ကလည်း “အမျိုးသားရေး အောင်ပွဲ” စီးကရက်။ ကျောက်ညိုသည် အမှတ်မရှိ စီးကရက်ကို မတ်တပ်ထောင်ပြီး မီးညှိလိုက်ရာ ဆေးရွက်ကြီးမှုန်များသည် ကြမ်းပြင်ပေါ် ပလဲသွားတော့သည်။ ဆေးလိပ် မီးညှိဖို့ နောက်တကြိမ် ထပ်မံ ကြိုးစားရလေသည်။ သည် တခေါက်တော့ အဆင်ပြေသွားပြီး ကျောက်ညိုအတွက် အားလုံးနေရာကျသွားပြီ ဖြစ်သည်။
ကျောက်ညိုသည် ဧည့်ခန်းရှိရာ ပြန်လာခဲ့ပြီး “တီဗွီ” ၏ ဗယ်ဘက်တွင်ရှိ စားပွဲခုံကလေးမှာ ထိုင်လိုက်သည်။ စားပွဲခုံ၏ အံဆွဲမှ နေပြီး ဖောင်တိန်တင်ခွက် တခု၊ မင်အိုး တလုံး နှင့် ဆယ်လက်မ x ရှစ်လက်မ ပတ်လည် မှတ်စုစာအုပ် တအုပ်ကို သူထုတ်ယူလိုက်သည်။ မှတ်စုစာအုပ်သည် ရှေ့ဘက်ကမျက်နှာဖုံးက သန္တာရောင် ဖြစ်ပြီး ကျောဖုံးကတော့ အနီရောင် ဖြစ်သည်။
တစုံတရာသော အကြောင်းကြောင့် အဝေးဆွဲ တီဗွီကင်မရာသည် ခုအခါမှာ “မြှောင်” ခံလိုက်ရသည်။ ကင်မရာမှန်ပြောင်းသည် အခန်းတခုလုံးကို တနေရာမကျန် လှမ်းရိုက်နိုင်သည့် ပင်ကိုနေရာ ဖြစ်သော နံရံ၏ အဆုံး ဒေါင့်နေရာတွင် ယူထားနိုင်ခြင်း မရှိတော့ဘဲ နံရံ၏ ပိုရှည်လျားသော ဘက်ခြမ်းမှ နေပြီး ပြူတင်းပေါက်ဘက်ကို မျက်နှာချင်းဆိုင် ရိုက်ယူနေသည့် ရှုထောင့် ဖြစ်သွားလေသည်။ ကင်မရာရှုထောင့်၏ သည်တဘက်တွင် ကိုကျောက်ညို ခုထိုင်နေသည့် နံရံဖောက် မြှောင်နေရာ ကလေးရှိသည်။ သည် နံရံဖောက် မြှောင်နေရာကလေးသည် နဂို တိုက်တန်းတို့ကို ဆောက်စဉ်တုန်းက နံရံမြုပ် စာအုပ်စင်တို့ကို ထည့်တပ်ဆင်ရန် ရည်ရွယ်ပုံရပါသည်။ သူ တိုးတိုးတိတ်တိတ် လှုပ်ရှားနေသည့် အသံကို ဖမ်းယူနိုင်တာကတော့ သေချာပါ၏ ။ ဒါပေမယ့် အဲသည် မြှောင်ကလေးတွင် ကိုကျောက်ညို နေရာယူထားသရွေ့ ပတ်လည် လှည့်ရိုက်နေသော တီဗွီကင်မရာသည် ကိုကျောက်ညို ဘယ်မှာရှိသလဲ ဆိုတာကို ရှာမတွေ့နိုင်ပါ။ ဤသို့ ပုံမှန်မဟုတ် ထူးခြားသည့် တိုက်ခန်းတွင်း ပထဝီဝင် အနေအထားသည် ကိုကျောက်ညို အခုလုပ်မည့် ကိစ္စကို လမ်းစဖွင့်ပေးနိုင်ခဲ့ ပါသည်။
ဒါပေမယ့် သည်လို “ထွက်ပေါက်” ရှိနေမှန်း ပထဝီဗေဒကို သူ အခု အံဆွဲထဲက ဆွဲထုတ်လိုက်သည့် မှတ်စုစာအုပ်က လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။
စာအုပ်သည် သောက်ကျိုးနဲ လှပသော စာအုပ်ဖြစ်သည်။ စာရွက်သားတို့သည် ကြွေရောင်တောက်ပပြီး အိုမင်းခဲ့ပြီ ဖြစ်ရကား ဒေါင့်စွန်းတို့တွင် အဝါရောင် ဖျော့ဖျော့တော့ ယှက်သန်းလို့ နေသည်။ ဤစာအုပ်သည် အနည်းဆုံး လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ထုတ်လုပ်ခဲ့သော စာအုပ် ဖြစ်ပုံရသည်။ သည့်ထက်မကလည်း အိုမင်းကောင်း အိုမင်းနိုင်သည်။ မြို့ဆင်ခြေဖုံး အရပ်က ညစ်ထပ်ထပ် ဆင်းရဲသားရပ်ကွက် တခု၏ တိုလီမှုတ်စတွေ ရောင်းချသည့် ဆိုင်တဆိုင်က ဒေါင့်တနေရာဝယ် ပစ်ပယ်ထားခံရသည့် ဤစာအုပ်ကလေး လဲလျောင်းနေသည်ကို ကိုကျောက်ညို “ဈေးဝယ်ထွက်ရင်း” “ချောင်းမြောင်း” တွေ့ရှိခဲ့သည် (မည်သည့် ဆင်းရဲသား ရပ်ကွက် ဆိုတာကိုတော့ သူ ခုခါမှာ မမှတ်မိ) ။ စာအုပ်ကို မြင်မြင်ချင်း ဘာကြောင့်ရယ်မှန်း မသိ၊ လိုချင်စိတ်တွေ သူ့မှာ တအားပေါ်လာပါသည်။ တကယ်ကတော့ “ပါတီ” ဝင်တို့သည် “သာမန်” ဈေးဆိုင်တို့နှင့် အဆက်အသွယ် မလုပ်ရဘူးဟု “အကြံပြု တားမြစ်” ထားလေသည်။
* ဘာသာစောင့်စကားသစ် အဘိဓာန်သည် ဈေးကွက်စီးပွားရေး ဟုဆိုလျှင် “လွတ်လပ်ပျက်စီး” ဟုသတ်မှတ်သည်။ ခုနောက်ဆုံး တဆယ့်တကြိမ်ထုတ် စကားသစ်အဘိဓာန် အရ “လွတ်လပ်” ဟူသော ဝေါဟာရသည် “ပျက်စီး”၊ “သာမန်”၊ “ဆုတ်ယုတ်”၊ “ပြိုကွဲ”၊ “ဖောက်ပြန်” စသော မကောင်းသည့် အနက်အဓိပ္ဗာယ် အားလုံးကို သိမ်းကြုံး ကိုယ်စားပြုသည်*
ဘာသာစောင့် စကားသစ် အဘိဓာန် (Newspeak Dictionary) တွင် “အကြံပြုခြင်း” ဟူသော ဝေါဟာရသည် တားမြစ်ခြင်း၊ အမိန့်နာခံခိုင်းခြင်း၊ ကန့်သတ်ခြင်း စသော အာရုံတို့ကို ကိုယ်စားပြုပြီး အကြံပြုခြင်း နှင့် အမိန့်အာဏာတို့ အကြားတွင် ကွဲပြားခြားနားသော အနက် မရှိဟု စာအုပ်ကဆိုသည်။ နောက်ပြီး “အကြံပြုခြင်း” နှင့် “မေတ္တာရပ်ခံခြင်း” ဟူသော ဝေါဟာရ နှစ်ခုတွင်လည်း ကွဲပြားမှု မရှိတော့။ အဘယ်ကြောင့်ဆိုသော် နှစ်ခုလုံးသည် အမိန့်အာဏာဖြင့် ဘောင်ချစေခိုင်းမှု ဟူသော သဘောတရား တခုတည်းကို ညွှန်းနေသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ တရားဝင် အမိန့်အာဏာဖြင့် တားဆီးကန့်သတ်ထားပေမင့်လည်း မုတ်ဆိတ်ရိတ်စားလိုမျိုး၊ လက်သည်းညှပ်လိုမျိုး၊ တောစီးဘွတ်ဖိနပ် အောက်ခံသားရေပြားလိုမျိုး ရှောင်တခင် လိုအပ်သည့် လူသုံးကုန်တွေကို ဆင်းရဲသား ဈေးကွက်မှာပဲ အလွယ်တကူ ရနိုင်သည် ဖြစ်ရာ ဤစည်းမျဉ်းသည် သိပ်တော့ အတင်းအကြပ်ကြီး မဟုတ်လှ။ ကိုကျောက်ညိုသည် လမ်းတောင်မြောက်ကို ကျီးကန်းတောင်းမှောက် လှမ်းအကဲခတ် လိုက်ပြီးလျှင် ဆိုင်ထဲသို့ လစ်ကနဲဝင်ကာ စာအုပ်ကို ပိုက်ဆံ နှစ်ထောင့်ငါးရာကျပ် ပေးဝယ်လာခဲ့သည်။ အဲသည်တုန်းက စာအုပ်ကို ဝယ်လာသောသူ့တွင် မည်သည့် အထူးတလည် ရည်ရွယ်ချက်မှ မရှိ။ ငါ မှားများ မှားနေပြီလား ဟု အိမ်အပြန်လမ်းတွင် သူသည် စိတ်ပင် လေးခဲ့ရပါသေးသည်။ စာအုပ်ထဲမှာ ဘာမှ မရေးထားလျှင်တောင်မှ စာအုပ်တအုပ် လက်ဝယ်ထားရှိ ခြင်းသည် အန္တရယ် ပြင်းထန်စွာ ကျရောက်နိုင်သော ကိစ္စ။
သူ အခု လုပ်မယ့်ကိစ္စဟာ ဒိုင်ယာရီ ရေးမလို့ ။ ဒိုင်ယာရီ ရေးတာဟာ ဥပဒေ နဲ့ မညီညွတ်ဘူး လို့တော့ မဟုတ် (ညီညွတ်ဖို့ရာ ဥပဒေရယ်လို့လည်း မရှိ) ။ ဒါပေမယ့် မိသွားရင်ဖြင့် သေဒဏ်အထိ အပြစ်ပေးခံရကောင်းလည်း ခံရနိုင်သည်၊ ဒါမှမဟုတ် အနဲဆုံး အလုပ်ကြမ်း စခန်းမှာ နှစ်ဆယ့်ငါးနှစ်အထိ ခိုင်းစေခံရန် ပြစ်ဒဏ်ချမှတ် ခံရနိုင်သည်။
ကိုကျောက်ညိုသည် ဖောင်တိန်၏ ကညစ်ချွန်ကို ဖောင်တိန်တင်ခွက် ကြမ်းပြင်ထဲသို့ ဆွဲဖိချလိုက်ပြီး ပိတ်နေသော မင်ချေးတွေကို ခါထုတ်ရန် ကြိုးစားရလေသည်။ ဖောင်တိန်သည် ရှေးဟောင်း ပစ္စည်း တခု ဖြစ်ပြီး ကိုကျောက်ညိုသည် ခက်ခက်ခဲခဲ ခိုးကြောင်ခိုးဝှက်နှင့် ဤဖောင်တိန်ကို ရလာခဲ့ခြင်း ဖြစ်သည်။ သူ့အဖို့ကတော့ ဒိုင်ယာရီက စက်စက်ရက်ရက် တောက်သော ကြွေရောင်စက္ကူသည် ဖောင်တိန်အစစ် တခု၏ ကညစ်နှင့်သာ သေသပ်လှပစွာ ဆွဲခြစ်ဖို့ပဲ ထိုက်တန်ပါသည်။ တကယ်ကတော့ သူသည် ပုံမှန် အလုပ်ခွင်တွင် စာရေးလေ့ မရှိပါ။ အင်မတန် တိုတောင်းသော မှတ်စုတချို့ ခဏတဖြုတ် ရေးချရန်မှ အပ “ပြော-ရေး” (စကးပြောလျှင် စက်က အလိုအလျောက် လိုက်ရေး) ခြင်းသည် သူ့ ပုံမှန် အလုပ် သဘာဝဖြစ်သည်။
ဆီချေးတွေ ကွာသွားလောက်ပြီဟု ယူဆရတော့ သူသည် ဖောင်တိန်ကို ဖောင်တိန်အိုးထဲမှ ဆွဲထုတ်လိုက်ပြီးလျှင် မင်အိုးထဲသို့ တစက္ကန့်မျှ နစ်ချလိုက်သည်။ ကြက်သီးမွေးညှင်း တချက်သည် ကိုကျောက်ညို၏ အသည်းအအူ ထဲထိရောက်အောင် စိုက်ဆင်းသွားပါ၏။ စက္ကူပေါ်
စတင်ကျရောက်အဲ့သော ကညစ်မင်စက် ထိုတချက်သည် ဘဝတသက်အတွက် အဆုံးအဖြတ် ပေးမည့် လုပ်ရပ်တခုလည်း ဖြစ်သွားနိုင်ပါသည်။ မွဲနုတ်ကျိုးကျဲသော သူ့ဆံပင်လို ရှုတ်ထွေးသလောက် မညီညာ မလှပ သေးငယ်သော စာလုံးများကို သူ စရေးချလိုက်ပါ၏ ။ ။
၂၀၈၄ ဧပြီ ၄ရက် -
သူသည် ကုလားထိုင်ပေါ် ကျောပြန်မှီပစ် လိုက်သည်။ ရုတ်ချည်းဆိုသလို ကိုကျောက်ညိုသည် အလွန်တရာ အားငယ်သွားရှာသည်။ ပြောရမည် ဆိုလျှင် လက်ရှိခုနှစ်ဟာ ၂၀၈၄ ခုနှစ် တကယ် ဟုတ်မဟုတ် သူ မသေချာပါ။ သူ့အသက်သည် ၃၉ နှစ် တဝိုက်မှာ ဆိုတာကတော့ သေချာလောက်သည်ဟုတော့ သူ ထင်မြင်ယူဆသည်။ ၂၀၄၄ (သို့) ၂၀၄၅ ပတ်ဝန်းကျင်လောက်တွင် သူ မွေးဖွားလာခဲ့သည်ဟု မောင်ကျောက်ညို ယုံကြည်ထားသည်။ လက်ရှိခေတ်ကာလ သမုဒ္ဒရာဗမာနိုင်ငံတော်တွင် နေထိုင်ကြကုန်သော နိုင်ငံသားတို့သည် မိမိ၏ မူလ မွေးနှစ်သက္ကရာဇ်ကို အတိအကျ မမှတ်မိကြတော့ဘဲ ၎င်းနှင့် တနှစ် နှစ်နှစ် ပတ်ဝန်းကျင်လောက်သာ အကောင်းဆုံး ခန့်မှန်းနိုင်လေသည်။
ငိုင်တိုင်တိုင် ဖြစ်သွားသည့် မောင်ကျောက်ညိုတွင် စိတ်အားထပ်ငယ်စရာ မေးခွန်းတခု ပေါ်လာပြန်သည် “နင်ဟာ ဘယ်သူ့အတွက် ဒိုင်ယာရီကို ရေးနေရတာ ပါလဲ”၊ အနာဂါတ် အတွက်လား၊ မမွေးသေးတဲ့ ကလေးတွေ အတွက်လား။ သူ့အာရုံသည် စာရွက်မှာ မရေမရာ သူချရေးထားသည့် နေ့စွဲအပေါ် ဝှေ့ဝဲသွားခဲ့သည်။ ကျောက်ညို၏ စိတ်တေလေ ဌက်ငယ်ကလေးသည် လှောင်အိမ်မှ လွတ်ထွက်လာပြီး ရုတ်တရက်ဆိုသလို “ဆန့်ကျင်ဒွိဟဒဿန” DOUBLETHINK နံရံကြီးကို “အုန်း ကနဲ” ဆောင့်မိလေတော့သည်။
“ငြိမ်းချမ်းရေးကို စစ်ဘီလူးစောင့်သည်”
“သာမဂ္ဂိယက္ခ (ဝါ) ငြိမ်းချမ်းရေးစောင့် စစ်ဘီလူး” သည် ပါတီမှ လက်စွဲဖော်ဆောင်နေသော “ဒီပင်္ကရာ ယထာဘူတဉာဏ်စဉ်” (ဝါ) “DOUBLETHINK” ၂၀၈၄-ဗမာပြည် တွင် ထွန်းကားလွှမ်းမိုးရေးအတွက် အရေးပါအရာရောက်ဆုံး ရှေ့ဆောင် အသိသညာတွေထဲက တခု ဖြစ်သည်။ ပါတီမှ ယုံကြည်စွဲကိုင်ထားသည်မှာ ခေတ်သစ် ဗမာပြည်မျိုးဆက်ကို မျိုးဆက်၏ အမြုတေ “ရှေးဗမာကြီးတို့၏ ဝိညာဉ်” များက အစဉ် ကြည့်ရှုစောင့်ရှောက်လျက်ရှိရာ ၎င်းတို့အနက် သာမဂ္ဂိယက္ခ (ဝါ) ငြိမ်းချမ်းရေး စစ်ဘီလူးသည် တဦး အပါအဝင်ဖြစ်ပြီး စစ်ဘီလူး၏ တာဝန်မှာ “နဂို” ကို မျက်ခြေမပြတ် စောင့်ကြပ်ကာကွယ် ပြန်လည်တည့်မတ်ခြင်းပေတည်း။
ဗမာလူမျိုးတို့သည် ဗုဒ္ဓတရားတော် အရ လောက စကြာဝဠာတွင် အရာအားလုံးသည် ရပ်တန့်မှု မရှိ၊ သင်္ခါရ ရေစီးကြောင်းတွင် မည်သည့်အရာမဆို အစဉ်ပြောင်းလဲနေသည်မှာ လောကတွင် ပုံမှန် ဖြစ်ပွားနေကျ ဓမ္မတာသဘောဟု ယုံကြည်သည်။ ရွှေ့လျော ပြောင်းလဲခြင်း ဟူသည် “နဂို မူလအနေအထား” မှ ယွင်းစောင်း ဖောက်ပြန်ခြင်း ဖြစ်ပြီး ဤသို့ “နဂို” မှ တိမ်းစောင်း-ခွဲထွက်-ဖောက်ပြန်-ပျက်ပြား မှုတို့ လွှမ်းမိုးများပြားလာခဲ့သော် အစဉ်သဖြင့် တည်တံ့ခဲ့သော ဗမာမျိုးဆက်သည် နောက်ဆုံးတချိန်တွင် ယိုယွင်းပျောက်သုဉ်းသွားရ ပါလိမ့်သည်။
ထို့ကြောင့် “နဂို” မှ လှိုက်စား-ပြောင်းလဲ-ခွဲထွက်-ဖောက်ပြန်-ရွှေ့လျား ဖို့ အမူအယာတွေ၊ အရိပ်အရောင်တွေ၊ လက္ခဏာတွေ လူ့ဘောင်တွင် သန်းလာခဲ့သည် ရှိသော် ဗမာ လူ့ဘောင်၏ ငြိမ်းချမ်းတည်ငြိမ်ရေးသည် အန္တရာယ်ရှိနေပြီ ဖြစ်ပြီး ဒါကို နိုင်ငံသားအားလုံးသည် သတိပြု ကာကွယ်ကြရမည်။ ဗမာတို့ အလွန် ကံထူးသည်မှာ ငါတို့၏ မျိုးဆက် အစဉ်အဆက် ကို ကာကွယ်စောင့်ရှောက်ခဲ့သော သာမဂ္ဂိယက္ခ- ငြိမ်းချမ်းရေးစစ်ဘီလူးသည် ဗမာလူ့ဘောင်တွင် ဆိုးဝါးသော “ပြောင်းလဲဖောက်ပြန်မှု” အသစ်တို့ ပေါ်ပေါက်လာလေတိုင်း ၎င်း “အရိပ်အရောင်” တို့ကို အပြတ်တိုက် နှိမ်နင်းပစ်သည်။ ဗမာ လူ့ဘောင်တွင် စစ်ပွဲတို့ ပေါ်ပေါက်လာရခြင်းမှာ “သဘာဝလိုအပ်ချက်” အရ သာမဂ္ဂိယက္ခဘီလူးသည် လူ့ဘောင်ကို ပြောင်းလဲဖောက်ပြန်အောင် လုပ်ဆောင်လာသူတို့ကို “အချိန်မီ” မြန်မြန်ဆန်ဆန် အကြမ်းဖက် ကာကွယ်နှိမ်နင်းရသောကြောင့်သာ ဖြစ်ပါ၏ ။
စစ်ကို လိုလား၍ ငါတို့ စစ်တိုက်သည်မဟုတ်၊ လိုအပ်၍သာ ငါတို့ စစ်တိုက်ရပါသည်။ “နဂို” သည် “မကြာမီမှာပင်” ပြောင်းလဲပြိုကွဲမည့် “အရိပ်အခြေ” ကျရောက်သဖြင့်သာ “မလွတ်တမ်း” စစ်ကို ခင်းရပါသည်။ ငါတို့ လူ့ဘောင်တွင် ပြောင်းလဲမှုအသစ်တို့ ဖြစ်ပွားရောယှက်သော အရိပ်အချည်တို့ ပေါ်လာလေတိုင်း အစဉ် ကြပ်မတ် စောင့်ကြည့်နေသော ဗမာဝိဥာဉ် စစ်ဘီလူးက ပြိုစီးလာသော သင်္ခါရ ရေစီးကြောင်းကို သတိကောင်းကောင်းဖြင့် ဖမ်းချုပ်၊ ရောယှက်-ပျက်ပြား-ခြိမ်းချောက် လာမှုတို့ကို နှိမ်နင်းကာ၊ မျိုးဆက်လူ့ဘောင်၏ နဂို ရွှေ့လျားတိုးတက်မှု လမ်းကြောင်းကို ပြန်လည်တည့်မတ်ခြင်းသည် သာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟု ပါတီက စွဲစွဲမှတ်မှတ် ယုံကြည်ပါသည်။
[မှတ်ချက်။ ။ လက်ရှိ ဗမာစစ်အာဏာရှင်ဝါဒ သည် ပြခဲ့သော “နဂိုကို အထပ်ထပ် ပြန်လည်တည့်မတ်မှု” နှင့် ပြောင်းလဲမှု သင်္ခါရရေစီးကို “သတိကောင်းကောင်း နှင့် အမြဲမပြတ် ဖမ်းချုပ်ဖို့ရန် လိုအပ်မှု” ပေါ်မှာ ၎င်းတို့ စနစ်တခုလုံးကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ဒါကို နားလည်ပြီဆိုလျှင် မော်ဒန် မဘသ ဇာတ်လမ်းဟူသည် “အရိပ်အခြေ” တစ္ဆေကို လက်ညိုးတွင်တွင်ထိုးပြီး ဖင်ထိုင်ခုံမှ ဖယ်ပေးမှာ မဟုတ်သည့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးတဆုံး ရှည်ဆန့်ဖို့ ဖြစ်တည်လာသော ဇာတ်လမ်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။ ဒါဟာ ဘုန်းကြီး အသိတရားမဲ့၊ သူနိုင်ကိုယ်နိုင် ရုန်းကန်ခဲ့ရသော ဘဝ အတွေ့အကြုံ မရှိ၊ စဉ်းစားဆင်ခြင်ဥာဏ် မရှိ၊ ရွှေအိမ်စံရစ် ဘုံခုနှစ်ဆင့်က လာဘ်ယစ် ဂုဏ်ယစ် ဘဝင်မြင့် တွေ အရူးထ လုပ်ဆောင်လာသော ဇာတ်လမ်းသက်သက် သည်လည်း မဟုတ်၊ ဗမာ့ သမိုင်းတလျှောက်လုံးကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သွပ်သွင်းလွှမ်းမိုးလာခဲ့သော “အရိပ်အခြေ-ဗမာ စစ်ကျွန်စနစ်” မှ ရိုက်သွင်းထားသည့် “ကျွန်ပြု ဒဿန” မှ ပေါ်ထွက်မွေးဖွားလာသော ဇာတ်ကွက် ဖြစ်ပြီး ဤ ကျွန်ပြုဒဿန၏ ရိုက်သွင်းလွှမ်းမိုးခံရမှုကို ငါတို့ မဖြိုနိုင်မချင်း တောမသတ်အောင် မွေးဖွားပေါ်ပေါက်လာနေအုံးမှာ ဖြစ်သည့် စစ်ကျွန်ဘုန်းကြီးတွေ နှင့် ငါတို့သည် အောက်တွင် အမြဲတမ်း နဘမ်းသတ်နေရမှာ ဖြစ်သလောက် စစ်အာဏာရှင်တွေနဲ့တကွ ၎င်းတို့အောက်စွဲ လူအုပ်စုတစု ဟာ အပေါ်က အမြိုက်သား မပြတ်တမ်း စိုးစံစား တည်တံ့နေအုံးမှာ ဖြစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေး သမားများနှင့် တကွ ပြည်သူလူထု တရပ်လုံး သတိထားအပ်လွန်းလှပါ သတည်း]
[ တနည်းအားဖြင့်လည်း ဤသော့ချက် အယူအဆ နှစ်ခုကို ဗမာလူ့ဘောင်က ပြောင်းပြန်လှန် ဖြိုချနိုင်လိုက်လျှင် ဗမာ စစ်အာဏာရှင် စနစ်ဟာ ဘယ်လိုနည်းနဲ့မှ မတည်တံ့နိုင်တော့ပါ ]
[ နောက်ပြီး သည် စစ်အာဏာရှင် အုတ်မြစ် အယူအဆ နှစ်ခုကို မဖြိုချဘဲနှင့် ဗမာလူ့ဘောင်ဟာ အမှန်တကယ် လွတ်လပ်တိုးတက်သော လူ့ဘောင် မဖြစ်နိုင်ပါ ။ လက်ရှိ မဘသဟာ ဗမာ လူ့ဘောင်ရဲ့ ကျွန်ဒဿနစောင့် ကျွန်အကြီးစားတွေ ဆိုတာကို ကျွန်တော်တို့တတွေ အခိုင်အမာ သိမှတ်စေလိုပါတယ် ]
အချိန်အတန်ကြာသည့်တိုင် ကိုကျောက်ညိုသည် စာရွက်ပေါ်ကို ငေါင်းစင်းစင်းနှင့် ကြောင်ကြည့်နေပါသည်။ တီဗွီမှန်သားပြင်သည် ကျယ်လောင်စူးဆိုးသော စစ်ချီသံသီချင်းကို ပြောင်းပြီးတော့ပင် ထုတ်လွှင့်နေပြီ ဖြစ်သည်။
ညိုထွန်း
(ဗြိတိသျှစာရေးဆရာကြီး ဂျော့အော်ဝဲလဲ ၏ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဆိုး
ဝတ္ထုစာအုပ် “1984” ကို “ညိုထွန်း” မှ လက်ရှိ ဗမာ့နိုင်ငံရေး
အခင်းအကျင်းနှင့် ဆီလျော်အောင် ဗမာမှုပြုထားသည်)
No comments:
Post a Comment