ကျွန်တော့်ကြီး နူနေတာ တရွာလုံးသိကြတာပဲ။ ကံနာလိုလို ၀ဋ်နာလိုလို နာတာရှည် လာတော့လည်းဘယ်သူမှ အရေးတယူလုပ်မနေပါဘူး။ လောလောဆယ် ၀ဲစွဲနေတာလေးကြောင့်သာ အနေခက်နေတာမို့ လက်ချားမီးဖုတ်လေးများ သိမ်းထားသူတွေ ရှိကြရင် စွန့်ကြပေးကြဖို့ အလှူခံရပါတယ်ဗျာ။
ဒုက္ခ ကိုယ်စီတွေနဲ့ လောကကြီးထဲ ကိုယ့်ဒုက္ခကို ထူးညည်းနေလို့လည်း မဖြစ်သေးဘူးမို့လား။ အမေရိကန်သမတကြီး အိုဘားမားမှာတောင် ဒုက္ခ အကြီး ကြီး ရှိနေတာ။ ကြည့်လေ။ မနှစ်က ဆီးရီးယားပြည်တွင်းစစ်ကြီးထဲ အာဆတ်က
ဓါတုလက်နက်တွေသုံးတယ်။ ရုပ်ပျက်ဆင်းပျက်နိုင်လှ ပါလားဟ ဆိုပြီး အာဆတ်ကိုဖြုတ်ချမှရမယ်။ ၀င်ဗုံးကြဲလိုက်ကြရင် ကောင်းမလား လုပ်ခဲ့ရတာ ခုတော့ တခါ အာဆတ်နဲ့တောင် အလိုင်းမင့် ပြန်ချိန်နေရတဲ့ အဖြစ်။
မလုပ်လို့လည်းမရဘူး။ မမျှော်လင့်ပဲ ကိုရွှေအမေရိကန်တွေ ထူမတ်ပေးထားတဲ့ ဒီမိုကရက်တစ်အီရတ်က ရုတ်ချည်းဆိုသလို စစ်မီးကြီးထတောက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်တော့မလို ဖြစ်လာခဲ့ပါရော။ ဖြစ်လာတဲ့ အဆင်ကြောင့် ဆွန်နီတွေ တပြည်တနယ်။ ကာဒ်တွေက တပြည်တနယ် ။ ရှီရာတွေက တပြည်တနယ်။ အနည်းဆုံး တိုင်းပြည်သုံးကွဲကွဲ။ ကျန် အနွယ်သေးသေးတွေက နေစရာနယ်ပျောက်။ ဖြစ်များသွားရင် အမေရိကန်ကိုပဲ လက်ညှိုးထိုးကြမှာ။ ကျွန်တော်တောင် ဆဒန်ဟူစိန်ကို အမေရိကန်ဝင်တိုက်တုန်းက လက်ခုတ်တီးပေးခဲ့သေးတယ်။ ဘာကြာသေးလို့လဲ။
မာလကီအုပ်ချုပ်နေတဲ့ ဒီမိုကရက်တစ်အီရတ် သက်တမ်း ၂ ဆက်လောက်မှာ ဆွန်နီတွေက အနှိမ်အကျဉ်ခံနေရတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်တွေက ဆက်တိုက်ဗုံးတွေခွဲလာတာ။ ခုတော့ ရုတ်တရက် အစွန်းရောက် စစ်သွေးကြွတွေက ဒုတိယ အကြီးဆုံး မိုဆွန်းလ်မြို့ကို အလွယ်တကူ ၀င်သိမ်းလိုက်နိုင်တော့ အီရတ်အစ်ရှူးက ရုတ်တရက် အကြီး ကြီး ဖြစ်သွားတယ်။ အမေရိကန်က နံမည်ပျက်ထပ်မခံချင်တော့ စစ်ရှောင်ချင်တယ်။ ဒါပေသိ မရဘူး။ ဆီးရီးယား အီရတ်နယ်စပ် မြို့တွေ အိုက်စစ် တွေလက်ထဲ တဖြုတ်ဖြုတ်ကျသွား။ ဆီးရီးယား အီရတ် လမ်းပွင့်။ ဆီးရီးယားမှာ အာဆတ်ကိုတိုက်နေတဲ့ သူပုန်တပ်တွေက အီရတ်ကိုဝင်ကူတိုက်ဖို့ လမ်းပွင့်။ အမေရိကန်တင်ခဲ့တဲ့အစိုးရက လေဖြတ်။ ဒီတော့ စစ်က ဒေသတွင်းစစ်ကြီးအသွင်ကူးလာတာ။ ဒါကို အားလုံးမြင်ကြတယ်။
အစွန်းရောက်လို့ ပြောသာပြောနေကြတာ။ တကယ်ဖြစ်လာတော့ ဘယ်သူကမှ အစွန်းရောက်တယ် အပြောမခံချင်ဘူး။ အမျိုးချစ်ဆိုတယ်ဆိုတာပဲ အပြောခံချင်တာ။ ကျုပ်တို့ရွာမှာလိုနေမှာပါပဲ။ ဘာထူးမှာလဲ။ ကျုပ်တို့ ရွာထဲလည်း သူလိုငါလိုချည်း။ ဘယ်သူမှကွဲကွဲပြားပြား သိတာမဟုတ်ဘူး။ တခုခုဆို ဆွမ်းကြီးလောင်းချင် ရပ်ကြည့်ချင်သူတွေက အများသား။ ဘယ်သူမှ တာဝန်ခံမဟုတ်ဘူး။ တယောက်တပေါက် လက်ညှိုးထိုးလိုက်ရင်ပြီးတာပဲ။ ဘာသာရေးများများလုပ်မယ်။ ဘုရားစကားများများရွတ်မယ်။ ပြီး ငါတို့မှ ငါ ။ ငါအမျိုးမှ ငါ့အမျိုး၊ ဒီလိုအမျိုးချစ်သူတွေ ရွာထဲပြည့်လို့။
အမေရိကန် ၀င်ဗုံးကြဲပေးပါလို့ မာလကီက အကူတောင်းတယ်။ လောလောဆယ် အမေရိကန်က သူ့တပ်တွေတော့ မလာဘူး။ ဒုံးကျည်တော့လွှတ်ပေးမယ် ဆိုသလားပဲ။ ဒုံးကျည်မလွှတ်လို့တော့ မရဘူးတဲ့။ ဘက်ဂဒက် မြို့နားအထိကို အိုက်စစ်တွေက ချဉ်းကပ်ခြိမ်းခြောက်လာနေတယ်သတဲ့။ မိုဆိုလ်က ရလိုက်တဲ့ လက်နက်နဲ့ ငွေတွေက အမေရိကန် တပ်မကြီးတွေကိုတောင် ယှဉ်တိုက်နိုင်လောက်တယ် ဆိုပဲ။ အိုက်စစ်တွေကလည်း အဝေးကလာပစ်တဲ့ ဒုံးကျည်လောက်တော့ မဖြုံဘူးတဲ့။ ခန့်မှန်းကြတာက ဆဒန်ဟူစိန်လက်ထက်က အမှုထမ်းခဲ့တဲ့ စစ်ရည်ဝစစ်သားတွေ။ ဘတ်ပါတီဝင်ဟောင်းတွေ နိုင်ငံတကာက တိုက်ခိုက်ရေးသမားတွေ အိုက်စစ်ဘက်ကနေ ၀င်တိုက်နေတဲ့အတွက် အီရတ်ပြည်တွင်းစစ်ကလည်း ရှည်နိုင်ပြန်ရောတဲ့။ ဘက်ဂဒက်ကျရင်မလွယ်ဘူး။ အမေရိကန်မှ မကူရင် ဘက်ဂဒက်မကျခင် ပြည်တွင်းစစ်ဝရုန်းသုန်းကားကြားမှာ အရပ်သားတွေအချင်းချင်း အထင်မှားသတ်ဖြတ်လို့ ဧရာမသွေးချောင်းစီးတာကြီးတွေ ဖြစ်နိုင်တာမို့ အားလုံးက ပူပန်နေကြတယ်။ ဘယ်မှာမဆို သာမန်အရပ်သားတွေဆိုတာက ဘယ်အစိုးရတက်နေနေ ငါ့ပါတီမှ ငါ။ ငါ့အယူမှ ငါ မဟုတ်ဘူး။ သတ်တာဖြတ်တာ ၀ါသနာမပါဘူး။ အေးအေးနေချင်ကြတယ်။ ကင်းကင်းနေချင်ကြတယ်။ ဒါပေမယ့် တကယ်တမ်း သေကြတော့ သူတို့ချည်းပဲမဟုတ်လား။ ကြည့်လေ။ ပြည်တွင်းစစ်ပွဲတွေမှာ ကလေးတွေ မိန်းမတွေဆိုပြီး ချန်ထားကြလို့လား။ စစ်သားသေတာများလား။ အရပ်သားတွေသေတာများသလား။
ကျုပ်တို့ ရွာမှာတော့ ကလေးတွေဖမ်းလိုက်။ ပြန်လွှတ်လိုက်။ သံဃာတော်တွေဖမ်းလိုက်။ ပြန်လွှတ်လိုက်။ အပြာလိုလို အ၀ါလိုလို စာအုပ်တွေ ထုတ်လိုက်လုပ်နေ။ နိုင်ငံတော် မဟန ပါတဲ့၊ ဘုန်းကြီးကျောင်းလုပွဲတောင် ဖြစ်ရသတဲ့ဗျာ။ လူတွေလည်း အာရုံတွေနောက်လှတယ်။ ၄၃၆ ပြင်ဖို့ လုပ်နေတာကို အာရုံပျောက်အောင်လုပ်နေတာများလား မသိဘူး။ လူပိန်းပြောပြောကြည့်တာ။ တခြားအကွက်တွေတော့ မမြင်ဘူး။
လွှတ်တော်က သတ်သတ်၊ ကာလုံက သတ်သတ်၊ သမတက သတ်သတ်။ ဘယ်သူက ဘယ်သူ့တာဝန်ခံသလဲ ခုထိငြင်းရတုန်း။ ဘာမှ မသေချာဘူး။ အချင်းချင်းလည်း ၅ နှစ်သတ်တမ်းမှာ တခါမှ ဟုတ်တိပတ်တိ စကားမပြောကြဘူး။ ကာလုံက တိုင်းပြည်ငြိမ်းချမ်းရေး မရှိတာ အရေးမကြီးဘူး။ သူတို့ရှိပြီးတာပဲဆိုတဲ့ အပေါက်။ လွှတ်တော်ကလည်း တိုင်းပြည်နူတာ အနာမလုပ်နိုင်သေးဘူး။ လောလောဆယ် ၀ဲယားနေတာ ပျောက်အောင် လက်ချားမီးဖုတ် ရှာကြဦးစို့ရဲ့။
ကျုပ်ဘကြီးလည်း လောလောဆယ် လက်ချားမီးဖုတ်လိုတယ်။ နူနာဆေးကုဘို့လုပ်တဲ့လူတွေတော့ လောလောဆယ် အမုန်းခံ လုပ်ကြဦးပေါ့။
ခွန်ဆိုင်း
(၂၉-၆- ၂၀၁၄)
(ကိုခွန်ဆိုင်း ဖေ့စ်ဘွခ်မှ ကူးယူဖော်ပြပါတယ်)
No comments:
Post a Comment