၂၀၈၄ ဧပြီ ၄ရက် -ရုပ်ရှင်ပြတဲ့ နောက်ဆုံးည။ ပြသမျှ ရုပ်ရှင်ကားအားလုံး စစ်ကားတွေချည်း။ ဘင်္ဂလား ပင်လယ်အော်ထဲဝယ် အန်ဒါမန် ကျွန်းစုနား တနေရာမှာ ဒုက္ခသည်တွေကို တင်လာတဲ့ သဘောင်္ကို စစ်ရဟတ်ယာဉ်တွေက ဗုံးကျဲနစ်မြုပ်လိုက်ပုံဟာ သောက်ကျိုးနဲ ကောင်းတဲ့ကား။ အန်ဒါမန် ပင်လယ်ထဲမှာ တရုတ်ဝဝကြီး တယောက်ဟာဗမာပြည် ကမ်းခြေကို ရောက်နိုင်လိမ့်နိုးနိုး နဲ့ အသက်လုပြီး လက်ပစ်ကူးနေ လေရဲ့။ သူ့နောက်မှာ စစ်ရဟတ်ယာဉ်က ဝီဝီခေါ်ပြီး တရုတ်ကြီးကို လိုက်နေတာပေါ့။ ရေထဲမှာ ဝေလငါး ဖြူဖြူဖွေးဖွေးကြီး လိမ့်လိမ့်နဲ့ ကူးနေသလို တရုတ်ဖြူကြီးဟာလဲ ရေလိုင်းတွေကြားမှာ ပေါ်လိုက်လိမ့်လိုက်နဲ့။ သည့်နောက်တော့ စစ်ရဟတ်ယာဉ်က စက်သေနတ် ပြောင်းဝတွေကို ဆွဲရိုက်ပြ။ သည့်နောက်တော့
တရုတ်ကြီး တကိုယ်လုံး စကာပေါက်တွေ ဖြစ်ကုန်ပြီး သူ့ပတ်ဝန်းကျင်က ပင်လယ်ရေတွေ အကုန်လုံး ပန်းရောင်ဖြန်းဖြန်း လွှမ်းသွားလေတော့တယ်။ စကာပေါက်တွေ သဖွယ် ဖြစ်ပေါ်လာတဲ့ ကျည်ဆံပေါက်တွေထဲ ရေတွေဝင်လာတာနဲ့ တရုတ်ကြီးရဲ့ ခန္ဓာကိုယ်ဟာ ပင်လယ်ထဲ စုန်းစုန်းနစ်သွားရှာ တာပေါ့။ ပွဲကြည့် ပရိသတ်ဟာ တရုတ်ကြီး ရေနစ်နေတာကို အော်ကြဟစ်ကြ၊ ပျော်မြူးလှောင်ပြောင်ကြ။
သည့်နောက်မှာတော့ ကလေးငယ်တွေ အပြည့်ပါတဲ့ အသက်ကယ်လှေ တစင်းကို စစ်ရဟတ်ယာဉ် တစင်းက ထပ်ချပ်မကွာ လိုက်နေတာကို ပြပြန်တယ်။ လှေဦးခုံးမှာ သက်လတ်အရွယ် ကုလားမတဦးဟာ အသက်သုံးနှစ်သား အရွယ် သားငယ်ကလေးကို လက်မောင်းမှာ ပွေ့ပိုက်လို့။ ကလေးငယ်ဟာ ကြောက်လွန်းလို့ မိခင်ရဲ့ ရင်ခွင်ထဲကို သူ့ခေါင်းကလေးကို အတင်း ဝင်လျှိုးလို့ နေပေတော့တယ်။ မိခင်လုပ်တဲ့သူဟာ ကလေးငယ်ကို ထွေးပိုက်နှစ်သိမ့်နေပေမယ့်လည်း သူကိုယ်တိုင်က ကြောက်လွန်းလို့ တကိုယ်လုံး ပြာနှမ်းလို့။ ဒါပေမယ့် သူမဟာ ကလေးငယ်ကို လုံးကျစ်နေအောင် သူ့လက်မောင်းတွေထဲမှာ ဆွဲအပ်ထားလိုက်တာ သည်လက်မောင်းတွေဟာ ကျည်ဆံကို ကာကွယ်ပေးနိုင်သည့် အလား။ သည်မှာ စစ်ရဟတ်ယာဉ်ဟာ ကီလို နှစ်ဆယ်ကျော်လေးတဲ့ ဗုံးကို ဒုက္ခသည်တွေရဲ့ လှေဝမ်းအပေါ် ကျဲချပစ်လိုက်ရာမှာ ကောင်းကင်ယံကို မီးလုံးကြီး ဝုန်းကနဲ တက်သွားပြီး လှေတစင်းလုံးဟာ မီးစွဲနေတဲ့ မီးခြစ်ဆံချောင်းတွေ အဖြစ် အစိတ်စိတ် အမွာမွာ ကျိုးကြေသွားခဲ့လေ သပေါ့။ မိခင်ကို ဖက်ထားခဲ့တဲ့ ကလေးငယ်ရဲ့ လက်အစုံဟာ ကောင်းကင်ကို မြှောက်တက်လာပြီး ဟယ်လီကော်ပတာ ရဲ့ နှာတံပေါ်မှာ တပ်ထားပုံရတဲ့ ကင်မရာဟာ ဒါကို လိုက်ရိုက်ပြနေတာနဲ့ အတူ ပွဲကြည့်ပရိသတ်ရဲ့ အုတ်အော်သောင်းတင်း သြဘာပေးသံဟာ တခဲနက် ထွက်ပေါ်လာပါတယ်။ သြဘာသံတွေဟာ ပါတီဝင်တွေ နေရာယူတဲ့ သီးသန့်အထက်တန်း ထိုင်ခုံတန်းတွေဘက်မှာ အရုတ်သဲဆုံး၊အကျယ်လောင်ဆုံး၊ အဆူညံဆုံး။
ဒါပေမယ့် ရုပ်ရှင်ရုံရဲ့ အောက်တန်းစားပြည်သူတွေကို နေရာချထားတဲ့ သာမန် ထိုင်ခုံတန်းဘက်က မိန်းမ တယောက်ဟာ စိတ်ဆိုးဆိုးနဲ့ ထိုင်ခုံကို ဆောင့်ကန်ပြီး “ကလေးတွေရှေ့မှာ သည်လို ကြမ်းတမ်း ရိုင်းစိုင်းတာတွေ မပြပါနဲ့။ ကလေးတွေကို သည်လို ကြမ်းတမ်းရိုင်းစိုင်းတဲ့ စိတ်တွေ မသွင်းပေးပါနဲ့…” လို့ မရပ်တမ်း သံကုန်ဟစ်အော်နေတာဟာ နောက်ဆုံး ရဲတွေရောက်လာပြီး သူမကို ရုပ်ရှင်ရုံ အပြင်ကို ဒရွတ်တိုက် ဆွဲထုတ်သွားတဲ့ အထိပါပဲ။ ရဲတွေလက်မှာ သည်မိန်းမ အထွေအထူး တခုခု ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ပါဘူး။ သည် တိုင်းပြည်မှာ “အောက်တန်းစားမိဘပြည်သူ” (Proles) တွေ ပြောတာကို ဘယ်သူကမှ အရေးလုပ်မနေ သလို၊ ဥာဏ်မရှိတဲ့ အဲသည် “အောက်ခြေအလုပ်သမား” (Proles) တွေ သဘာဝ - အလွန်အကျုး စိတ်လှုပ်ရှား တုံ့ပြန်ပေါက်ကွဲနေတာတွေကိုလည်း ဘယ်တော့ကမှ –
ကိုကျောက်ညိုသည် ကြွက်တက်လာသလို ဖြစ်လာသောကြောင့် စာရေးနေတာကို ရပ်တန့်လိုက်သည်။ ဘာလို့များ သူဟာ ခေါင်းထဲကနေပြီး သည်လို အသုံးမကျတဲ့ အမှိုက်သရိုက် တပုံတခေါင်းကို သွန်ထုတ်နေမိရပါ သနည်း။ ခုတော့မှ သူ့ကိုယ်သူ နားလည်လာမိသည်မှာ ကနေ့ ငါအိမ်ကို စောစော ပြန်ပြီး ဒိုင်ယာရီ ရေးနေခဲ့တာဟာ ထူးထူးခြားခြား ဖြစ်ပွားခဲ့တဲ့ တခြား အဖြစ်အပျက် တခုကြောင့်လို့ သာပဲ။ သူ့တသက် ပျက်ခဲ့သမျှ အဖြစ်တို့တွင်သည် အဖြစ်အပျက်လောက် စိတ်နောက်ကျိ ခြောက်ခြားဖွယ်ကောင်းတာဟာ ရှိမှ ရှိဘူးပါလေစ။
ဤ အဖြစ်အပျက်သည် မနက်တုန်းဆီက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျောက်ညို အလုပ်လုပ်နေသော မှတ်တမ်းဌာနရုံး (Records Department) တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်၏ ။ ကျောက်ညိုသည် ထုံးစံအတိုင်း ရုံး၏ အလုပ်ပေါင်းမိုးခန်းတွေထဲက ထိုင်ခုံတွေကို ဆွဲထုတ်ပြီး အဝေးကြည့် တီဗွီမှန်သားပြင်နှင့် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းနေရာတွင် အစီအရီ နေရာချကာ “နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ” (Two minutes Hate) အခမ်းအနားကို ပြင်ဆင်နေခဲ့သည်။ ခုံတွေ စီအပြီးမှာ မောမောနှင့် ကျောက်ညိုသည် ခလယ်တန်းတခုံတွင် နေရာယူ ထိုင်လိုက်ဖို့ ပြင်မတုန်း ရှိသေး၊ မကြာခဏ မျက်မှန်းတန်းမိပေမယ့် တခါမှ ခေါ်ပြောနူတ်ဆက်ခြင်း မပြုဘူးသူ နှစ်ဦး အခန်းထဲသို့ ဝင်ချလာသည်။ တဦးသည် မိန်းကလေး ဖြစ်ပြီး သူနှင့် မကြာမကြာ ဆိုသလို ရုံးခန်းအပြင်ဘက် စင်္ကြန်လမ်းဒေါင့်တွင် ဆုံမိလေ့ ရှိသည်။
သူကလေး နာမည် ဘယ်လိုခေါ်သလဲ ဆိုတာ ကိုကျောက်ညို မသိ။ ဒါပေမယ့် ကောင်မလေးဟာ “စိတ်ကူးယဉ်ဌာန” (Fiction Department) မှာ တာဝန်ကျနေသူဟု သူ ခန့်မှန်း မိသည်။ ဝတ္ထုရေးစက် (Novel-writing machines) တို့ကို ထိန်းသိမ်းသော စက်ပြင်ဆရာမ ဖြစ်ပုံရပြီး သူမ၏ လက်တဖက်တွင် ခွတချောင်းကို ကိုင်ထားတတ်ကာ လက်အိတ်စွတ်မထားတတ်သော သူမ၏ လက်များသည် ဆီချေးတို့ဖြင့် ပေကျံနေတတ်သည်။ သူမသည် ပုရိသလိင်ကို ရဲရဲကြီး စူးပြီး ကြည့်လေ့ရှိသော မိန်းကလေး ဖြစ်သည်။ ကောင်မစူးကလေးသည် အသက် နှစ်ဆယ့်ခုနှစ်နှစ်ခန့် ရှိပုံရပြီး ဆံပင်အုံက ထူထူနှင့် မျက်နှာတွင် ညှင်းအညိုပျောက်လေး တချို့ရှိကာ သွားလာလှုပ်ရှားမှုတို့သည် အရေးပေါ် လူနာခန်းက ဆရာဝန်မကလေး တဦးလို သွက်လက်ဖျတ်လတ်လှသည်။ “လိင်မှုဖြတ် ဗြဟ္မစရိယ အမျိုးသမီးငယ်ရေးရာ အဖွဲ့” (Junior Anti-sex League) က အမှတ်အသား ဖြစ်သည့် အနီရောင်တောက်တောက် “ရွာမ” ပရိတ် ခါးပန်းကြိုး ဖြင့် ဂျိုင်းကြိုးသိုင်းဘောင်းဘီရှည်အောက်မှ သူမ၏ ခါးကျင်ကျင်ကလေးကို ကျစ်နေအောင် စည်းထားတတ်ပြီး အချိုးကျသော ခါးကျင်စပ်ကလေးသည် ပိုပြီး ပေါ်လွင်လှပနေတတ် ပါ၏။
၂၀၈၄ သမုဒ္ဒရာဗမာနိုင်ငံတွင် (အစိုးရလက်အောက်ခံ-သီးခြားလွတ်လပ်သည့်) အရပ်ဘက် အဖွဲ့အစည်း (Leagues) များလည်း ရှိရာ လိင်ကိစ္စကို အပြင်းအထန် ဆန့်ကျင်သော “ဗြဟ္မစရိယ ကုမ္မာရီ အမျိုးသမီးရေးရာ အဖွဲ့” (Junior Anti-sex League) သည်လည်း တခု အပါအဝင် ဖြစ်သည်။ ကုမ္မာရီအဖွဲ့တွင် “မိမိကိုယ်ပိုင် စိတ်ဆန္ဒ” ဖြင့် လိင်မှုကိစ္စ တသက်လုံး မပြု၊ မပျော်ပါးပါဟု သစ္စာဆိုထားသော အမျိုးသမီးငယ် များစွာပါဝင်ကြပြီး အဖွဲ့၏ ရည်ရွယ်ချက်မှာ မျိုးဆက်ကောင်း၊မျိုးဆက်သန့်တို့သာ ဗမာလူ့ဘောင်တွင် အစဉ်တစိုက် မွေးဖွားလာစေရန် ဖြစ်သည်။
အမျိုးသမီးရေးရာ အဖွဲ့ဆိုပေမယ့် အမျိုးသမီးများသာ မက အမျိုးသားများပါ အိမ်ထောင်သားမွေး မလုပ်၊ ဆန့်ကျင်ဘက်လိင်ကို အတူအိပ်ရန် မဆွဲဆောင်ဘဲ မိမိဘာသာ တကိုယ်ရေ တကာယ တသက်လုံး နေထိုင်သွားရန် (တိုက်တွန်း-ဖိအားပေး) သည်။ ဗမာပြည်၏ နောက်မျိုးဆက် ကလေးသူငယ် မှန်သမျှသည် အဖွဲ့မှ အလှူခံထားသည့် ရေခဲပြီးယောင်္ကျားသုတ် (frozen semen)ကို အပ်မပါသော ဆေးထိုးပြွန် နှင့် အမျိုးသမီး၏ သားဦးအိမ် လမ်းကြောင်းထဲသို့ ထိုးသွင်းလိုက်ခြင်း (Artificial insemination)ဖြင့်ပဲ သားစပ် မွေးဖွားလာတော့စေရန် ဖိအားပေးသည်။
စကားသစ်အဘိဓာန်က ဤကဲ့သို့ ဗမာအချင်းချင်း လိင်ကိစ္စမဲ့ မျိုးစပ်ပေးခြင်းကို “ဆေးပြွန်ထိုးသံဝါသကုသိုလ်” ဟုခေါ်ပြီး သမုဒ္ဒရာဗမာနိုင်ငံ၏ အစိုးရ အဖွဲ့အစည်းများနှင့် တကွ ဆေးရုံဆေးခန်းတို့သည် လိင်မှုမဲ့မျိုးစပ်ခြင်း ကို တနိုင်ငံလုံး ယောကျာင်္းမိန်းမမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမရွေး တညီတညွတ်တည်း သဘောတူ လိုက်နာကျင့်သုံးလာကြစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြလေသည်။
ပထမ စတွေ့ကတည်းကပင် ကိုကျောက်ညိုသည် ဒီမိန်းကလေးကို မနှစ်မြို့ပါ။ သူမနှင့်အတူ သိမ်ဖြူကွင်းကို ပတ်ပြေးသော သံဆူးခွာ ကင်းဘတ်ဖိနပ်နံ့၊ ရာသီပြဿနာကို ရေအေးသုံး ရင်ဆိုင်ပစ်သော ခါးသက်မှု၊ ကမ္ဘာအေး ကင်းထောက်သင်တန်း မျှော်စင်တက် လေ့ကျင့်ခန်းမှာ သုံးတဲ့ သားရေခါးပတ်က စွံပလွံသီးအနံ့၊ လိင်စိတ်ကို သန့်သက်ပစ်သော ဗြဟ္မစာရ ယောဂသမထ၏ စိမ်းကားသော အငွေ့အသက်၊ ဒါတွေအားလုံး သူမ၏ ပတ်ဝန်းကျင်ဝယ် ပါလာသည်ကို ကိုကျောက်ညို ခံစားမိသည်။
တကယ်တော့ ကျောက်ညိုသည် မိန်းမဆိုလျှင် အကုန်လုံးနီးပါး သူ မနှစ်မြို့ အထူးသဖြင့် ငယ်ရွယ် ချောမောသော မိန်းကလေးများ၊ “ပါတီ”မာန်မြောက် ဆောင့်ကြွားနေတဲ့ သောက်ကောင်မလေးတွေ။ မျိုးစောင့်ဘဘကြီးရဲ့ မှိုင်းတိုက်ဆောင်ပုဒ်တွေကို အလုံးလိုက် မျိုချထားတဲ့ တစ္ဆေမလေးတွေ၊ အပျော်တမ်း သူလျှိုမလေးတွေ၊ မျိုးစောင့် “ပါတီ” ရဲ့ သတင်းပေးလက်တို့ အောက်ဆွဲ ဒလံမလေးတွေ။
ဒါ့ထက်တောင် ဒီကောင်မကလေး တယောက်ဟာဖြင့် ထူးထူးခြားခြား အန္တရယ် အရှိဆုံးဟု ကိုကျောက်ညို တယောက် အန္တရာယ်အငွေ့အသက် ကို ခံစားမိသည်။ စင်္ကြန်မှာ သူ့ကို ဆုံမိလျှင် ကောင်မလေးသည် သူ့ခေါင်းလေးကို တမင်စောင်းငဲ့ပြီးတော့ စူးစူးရဲရဲ အကြည့်တချက်ဖြင့် ခံစားမှု မပါသော ရုပ်တည်ကြီးနှင့် အကြာကြီး ကိုကျောက်ညိုကို စိုက်ကြည့်ပစ်တတ်သည်။ သူကလေး၏ ရူတည်တည် အကြည့်ဟာ ကိုကျောက်ညိုကို ရင်ခုန်စေပါ၏။ ဒါပေမယ့် ဒီရင်ခုန်ခြင်း၏ နောက်ကွယ်မှာ စိုးရိမ်စရာ ကြမ္မာဆိုး၏ နရီငွေ့သက်တို့ တပါတည်း ပါလာသည်ကို ကျောက်ညိုသည် နက်နက်နဲနဲ အာရုံရမိပါ၏။
သည်ဟာမကလေးဟာ ပုံဖျောက်ထားသည် မျိုးစောင့်ဒဿနစောင့် ရဲမေလား ဟု တခါတခါတော့လည်း ကျောက်ညို စဉ်းစားမိသည်။ သူ သံသယဝင်မိသလိုမျိုး ဖြစ်ဖို့ အခွင့်အလမ်းကတော့ နဲပါသည်။ မည်သို့ပင် ဆိုစေကာမူ ကောင်မကလေး နှင့် ဆုံတိုင်း စိတ်မသက်မသာ ဖြစ်ရခြင်း နှင့်အတူ ဒီရူတည်မကလေးကို ကျောက်ညိုသည် ရွံကြောက်ကလေး ကြောက်နေမိသည်။ မချောကလေး သူ့ကို ပုလိပ်ကြည့် ကြည့်လိုက်တိုင်း “ဒီဟာမကလေးကို ငါမုန်းသည်” ဟု ဝေခွဲထားနိုင်ဖို့ ကျောက်ညိုသည် ကိုယ့်ကိုကိုယ် ကြိုမောင်းတင်ထားရလေသည်။
နောက်တဦးမှာ ဦးထင်ဂီရိ (O’ Brien) ၊ ပါတီ အတွင်းစည်း အဖွဲ့ဝင်၊ အရေးကြီး ပုဂ္ဂိုလ် VIP တဦး၊ သာမန် ပါတီဝင်တဦးဖြစ်သော သူနှင့် ဦးဂီရိသည် အဆင့် အင်မတန် ခြားနားကား ဦးထင်ဂီရိ သည် ဘာရာထူးလဲဆိုတာ ကိုကျောက်ညို သေသေချာချာ မမှတ်မိ။ အနက်ရောင် ယူနီဖောင်းဝတ် အတွင်းစည်း ပါတီဝင် တဦး သူတို့နားက ဖြတ်သွားလေသော အခါ ထိုင်ခုံတွေမှာ နေရာယူထားသော ပရိသတ်သည် ခဏမျှ အသံတိတ်သွားလေသည်။ ဦးထင်ဂီရိသည် ဗလတောင့်တင်း၊ လည်ပင်းတုတ်တုတ် ဖြစ်ပြီးလျှင် မျက်နှာပေးက ပြုံးပြုံးရွှင်ရွှင် ရှိတတ်သော်လည်း ရုပ်ရည်ကြမ်းတမ်းပြီး ကြည့်ကောင်းလှသော သူတဦးတော့ မဟုတ်။ တခုထူးခြားချက်မှာ သူ့မျက်နှာပေးသည် ကျောချမ်းဖွယ်ရာ ပုံပေါက်နေပေမယ့် အမူအရာတို့သည် ယဉ်ကျေး နှစ်လိုဖွယ်ဖြစ်၏။ ဦးထင်ဂီရိသည် သူ့မျက်မှန်ကို ပင့်ကြည့်တတ်ပြီးလျှင် ဒါ့နောက် ၎င်းတို့ကို နှာတံပေါ်တွင် ပြန်လည်နေရာချထား တတ်ရာ တနည်းအားဖြင့် ဒီတမင်ကလာ အမူအရာဟာ တဘက်သူမှ သူ့အပေါ် ရွံ့ကြောက်ကြီး ဖြစ်နေမှုကို အတော်လေး လျှော့ပါးသွားစေလေသည်။ ဆရာမင်းသိင်္ခ ဝတ္ထုထဲက ခင်ခင်သာဆို တရုတ်သူဌေး ဟန်ဆောင်လာတဲ့ လူသတ်သမား ကိုသံဟိတ်တယောက် မျက်မှန်ဝင်းဝင်းကလေး မျက်နှာပေါ် နေရာချ မရ ဖြစ်နေလို့ မျက်မှန်ကို ဆွဲချွတ်ပစ်လိုက်ပြီး ဖယောင်းတိုင် တင်ခုံပေါ်မှာ နေရာအကျ ပစ်တင်လိုက်၊ ဖယောင်းတိုင်ကို မီးမှုတ်ပစ်လိုက်ပေ မပေါ့။
ကျောက်ညိုဟာ ဦးထင်ဂီရိကို အခါတဒါဇင်မက မြင်ခဲ့ဘူးပါတယ်။ ဦးဂီရိဟာ သူ့အတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ သူတဦးလို့ သူနက်နက်ရိုင်းရိုင်း ခံစားမိသည်။ နွားသိုးတကောင်လို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် နဲ့ နှစ်လို့စဖွယ် သိမ်မွေ့တဲ့ ဟန်ပန် အမူအရာတွေဟာ ခြားနားသလောက် စိတ်ဝင်စားစဖွယ်ကောင်းတာ ကတော့ အမှန်ပါပဲ။ ဒါ့ထက် ကိုကျောက်ညိုတယောက် မျှော်လင့်မိတာက ဦးထင်ဂီရိ ဟာ ပါတီ ဒဿနတွေကို ပုံသေလက်ခံမှုမှာ အများသူငါလို မပြင်းထန်ကောင်းလောက် ပါဘူး။ တခါတလေများဆို ပြုံးဖြဲဖြဲ နဲ့ မျက်မှန်ကို နှာတံပေါ် ပင့်တင်လိုက်ပုံများဟာဆို သည်လူဟာ သဘောထားတင်းမာလှတဲ့သူ မဟုတ်ဘူး ဆိုတာကို တကယ် သက်သေခံနေပါတယ်။
အင်း၊ သဘောထား မတင်းမာဘူး ဆိုတာထက် ရိုးရိုးပဲ ဆိုရရင် သည်လူဟာ ဥာဏ်ရှိတဲ့သူပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ တဦးတယောက်ဟာ စောင့်ကြည့်ဖန်သားပြင် (telescreen) ကို တနည်းနည်းနဲ့ လိမ်ခဲ့တယ် ဆိုရင် ဦးထင်ဂီရိကို ဝန်ခံပြောပြမိလို့ ပြဿနာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ သူထင်တာ မှန်သလား မမှန်သာလား ဆိုတာတော့ ကိုကျောက်ညို တခါမှ မစမ်းသပ်ကြည့် ဘူးပါ။ တကယ်တော့လည်း ဒါမျိုး စမ်းသပ်ဖို့ နည်းလမ်းလည်း ရှိပုံ မပေါ်ပါ။
သည် မနက်ခင်း အချိန်တုန်းက ဦးထင်ဂီရိဟာ လက်ပတ်နာရီကို ကြည့်လိုက်တော့ ဆယ့်တနာရီ ထိုးပြီ ဖြစ်သည်။ ဒါနဲ့ပဲ သူဟာ မှတ်တမ်း ဌာနမှာ “နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ” ပြီးသည်အထိ နေလိုက်မည်ဟု ဆုံးဖြတ်လိုက်ပုံ ပေါ်ပါသည်။ ဦးထင်ဂီရိဟာ ကျောက်ညို နှင့် တတန်းတည်းက နှစ်ခုံကျော်ကလေးမှာ သူကိုယ့်သူ နေရာယူလိုက် ပါသည်။ ကိုကျောက်ညိုနဲ့ ရုံးမှာ ပေါင်းမိုးခန်းနီးချင်း၊ သူ့ဆံပင်ကို သဲဖြူရောင် ဆံပင်ဆေးဆိုးထားတဲ့ ကိုယ်လုံးသေးသွယ်သွယ် အမကြီးက သူတို့ နှစ်ယောက်ကြားမှာ ရှိနေပြီး ဆံပင်ဖားလျား လည်ကုတ်ဝဲပြတ် သည်ကလေးမကတော့ ကျောက်ညိုရဲ့ နောက်တည့်တည့်မှာ ထိုင်ချလိုက်သည်။
လာလာချေပြီ ၊ “အမုန်းဖော်ထုတ်ပွဲ” စပြီ ဖြစ်၏။ ဆီမပါတဲ့ စက်ဘီလူးကြီးတခု တကျွိကျွိနဲ့ ပြေးနေသလို အသံရိုင်းရိုင်းနင့်နင့်ကြီးဟာ ရုံးခန်းရဲ့ အဆုံးမှာရှိတဲ့ ဧရာမ စောင့်ကြည့်တီဗွီမှန်သားပြင် (telescreen) ကနေ ထွက်ပေါ်လာပါသည်။ အသံဟာ ဝူးဝူးဝဲဝဲ မသာခေါင်းလောင်းသံလို ကျက်သရေမရှိဘဲ နောက်အံသွားတွေကျိန်းသွား၊ ရှေ့ဆံပင်တွေထောင်ကျဲလာလောက်အောင် ကြောက်ရွံ့စက်ဆုပ်ဖွယ် ကောင်းလွန်းလေ၏။ အမုန်းပွဲ “မုန်းလိုက်သမှ မုန်း”သည် စပါပြီ တည်း။ ဦးတာယုရွှေပယင်း (Immanuel Goldstein) ၊ တနည်း လူထုတရပ်လုံး၏ ရန်သူတော် မျက်နှာသည် တီဗွီမှန်သားပြင်မှာ ပေါ်လာသည်။ သူ့ဘေးနားက ဆံပင်အုံပွ အမကြီးက အာခေါင်ကိုခြစ်ကာ စက်ဆုပ်ရွံမုန်းစွာဖြင့် “စောက်….” ဆိုပြီး စအော်လိုက်ရာမှ တခန်းလုံး နေရာအနှံ့တွင် “မအေပေး” “စောက်” “ခွေး” “ိုး” “ီး” စသော ဆဲဆိုသံများ ဆူညံပြည့်နှက် သွားလေတော့သည်။
တာယုရွှေပယင်းသည် ယခင်က “ပါတီ” ထိပ်တန်းခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မျိုးစောင့်ဘဘကြီး နှင့် တန်းတူလောက်ကို သြဇာအာဏာ ကြီးမားသူ ဖြစ်သည်။ တန်ပြန်တော်လှန်ရေးဖြင့် နိုင်ငံတော်ကို လုပ်ကြံခဲ့ရာ မအောင်မြင်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရသည်။ ဒါပေမယ့် မည်သို့သော အကြောင်းကြောင့်ရယ် မသိ၊ လွတ်မြောက်သွားကာ လူမြင်ကွင်းမှ နေ၍ စုန်းစုန်းမြုပ်သွားခဲ့သည်။ နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ အစီအစဉ်သည် တနေ့နှင့်တနေ့ အားလုံးထပ်တူတော့ မဟုတ်။ ဒါပေမယ့် ရွှေပယင်းက အဓိက ဇာတ်လိုက်မင်းသားကြီး အဖြစ် မပါတဲ့ အစီအစဉ်ဆိုလို့ မရှိ။ သူသည် ထိပ်ဆုံးက သစ္စာဖောက်၊ ပါတီ၏ “သန့်စင်ဝါဒ” ကို ပထမဦးဆုံး ဖောက်ပြန်အယူလွဲခဲ့သူ ။ နောက်ပိုင်းခေတ်တွင် ပါတီအပေါ် ကျုးလွန်သော ရာဇဝတ်မှုများ၊ ချိုးဖျက်မှုများ၊ အယူဝါဒ လွဲချော်တိမ်းပါးမှုများ အားလုံးသည် ရွှေပယင်း၏ လုံ့ဆော်မှုတို့ကြောင့် ဖြစ်သည်။
သင်းသည် တနေရာရာတွင် ကိုယ်ပျောက် ခိုအောင်းနေလျက်ရှိပြီး နိုင်ငံတော်ကို လုပ်ကြံသော အစီအစဉ်များကို တလျှောက်လုံး လျှို့ဝှက် စီစဉ်ညွှန်ကြားလျက် ရှိသည်။ တာယုရွှေပယင်းသည် ဘင်္ဂလား ပင်လယ်အော် အလွန်က ကျွန်းတကျွန်းမှာ ၎င်း၏ နိုင်ငံခြားပထွေးကောင်တွေ၏ အထောက်အပံ့နှင့် လျှို့ဝှက်စခန်း တည်ဆောက်ထားသည်။ ဒါမှမဟုတ်လည်း မကြာခဏ သတင်းထွက်ပေါ်လာတတ်သလို သမုဒယသမုဒ္ဒရာ ဗမာပြည်၏ အထဲ ပြည်တွင်းတနေရာမှာကိုပဲ သင်းသည် လျှို့ဝှက် ခိုအောင်းလျက်ရှိသည်။ ကရင်ပြည်နယ် သံတောင်အရပ်က ကွယ်ပျောက်ခဲ့ပြီ ဖြစ်သော တောင်ခြေ မီးရထားလမ်းတွေမှာလိုလို၊ ရှမ်းပြည်မဲခေါင်မြစ်ကမ်းက အခါး လူမျိုးစုတွေနေတဲ့ တောင်တန်းတွေမှာ လိုလို၊ အာသံနယ်စပ် ဗြဟ္မပုတ္တရမြစ်၏ တောင်ကြောကြီးတွေ မှာလိုလို။
ညိုထွန်း
(ဗြိတိသျှစာရေးဆရာကြီး ဂျော့အော်ဝဲလဲ ၏ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဆိုး ဝတ္ထုစာအုပ် “1984” ကို “ညိုထွန်း” မှ လက်ရှိ ဗမာ့နိုင်ငံရေး အခင်းအကျင်းနှင့် ဆီလျော်အောင် ဗမာမှုပြုထားသည်)
No comments:
Post a Comment