Sunday, July 6, 2014

တန်ပြန် အကြမ်းဖက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပါ (သို့မဟုတ်) မိမိကိုယ်ကိုတည်ဆောက်ပါ

ရပ်ကွက်တိုင်းမှာ လူထုက ကိုယ့်ဖာသာ ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှုကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ လိုအပ်နေပြီလား။ အဲဒီအခြေအနေရောက်နေပြီလား။

နေ့ခင်းကြောင်တောင် လူအုပ်စုနဲ့၊ ဆိုင်ကယ်အုပ်စုနဲ့၊ လမ်းမှာတွေ့တဲ့လူတိုင်းကို မဲမဲမြင် အကုန်ရိုက်သတ်တဲ့ခေတ် ရောက်နေပြီကိုး။

အမှန်တော့ ပြည်သူတွေကိုအကြောက်တရားတွေ၊ စိုးရိမ်သောကတွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတဲ့ စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒါမှ
အာဏာပိုင်တွေက လူထုကို အလွယ်တကူ ထိမ်းချုပ်နိုင်မှာ၊ အမိန့်ပေးနိုင်မှာဖြစ်တယ်လေ။ လူတွေညီညွတ်ပြီး၊ အစိုးရအပေါ် မကြေနပ်မှုတွေ၊ ဆန့်ကျင်စိတ်တွေ မပေါ်အောင် ဒီနည်းနဲ့ထိမ်းချုပ်တာ ဖြစ်တယ်။ အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတိုင်းမှာ ဒီလို ဖြစ်ရပ်တွေ ရှိတယ်။ တောကြောင်တွေမွေးပြီး လူထု စည်းလုံးညီညွတ်မှုကို ဖြိုခွဲနေတာဖြစ်တယ်။ဒါမှ အစိုးရကို၊ လက်နက်ကိုင်တပ်တွေကို လူတွေက အားကိုးယုံကြည်မှာလေ။  ဗုဒ္ဓခေတ်အိန္ဒိယ ရာဇဝင်မှာ လဇ္ဖဝီတွေရဲ့ ညီညွတ်မှုနဲ့ တည်ဆောက်ထားတဲ့ ဝေသာလီကို ဖြိုခွဲခဲ့တာ ဒီအတိုင်းပဲ။

ဒီကနေ့ မြန်မာပြည်က အစိုးရဆိုတာကလည်း ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်တာမှမဟုတ်။
ကိုယ့်အာဏာမြဲဖို့သာ ကိုအားထုတ်နေတဲ့ အောက်တန်းကျကျအစိုးရ။

ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေ၊ ဥပဒေအကျိုးဆောင်တွေဆိုတာကလည်း အထက်အမိန့်နဲ့ ညွှန်ကြားမှ အလှုပ်လုပ်တတ်တဲ့ စက်ရုပ်တွေ။ မိမိဦးနှောက်နဲ့ နှလုံးသားကို မိမိမပိုင်ဆိုင်သူတွေ။

နေ့ပဲဖြစ်ဖြစ်၊ မိုးချုပ်စပဲဖြစ်ဖြစ်၊ ညအချိန်မတော်ဖြစ်ဖြစ်၊ အချိန်အခါမရွေး နာရီမရွေး ရပ်ကွက်ထဲဝင်ပြီး လာသတ်နိုင်တဲ့အထိ လူဆိုးလူမိုက်တွေ ထကြွသောင်းကျန်းနေတဲ့ ခေတ်မိုက်ကြီးမှာ  ပြည်သူတွေဘယ်လို ငြိမ်းချမ်းမှာလည်း။

ဆိုင်ကယ်သံတွေကြားရင် အထိတ်တလန့်ဖြစ်ရတဲ့ခေတ်။

ဝေးဝေးဝါးဝါး ဆူသံဟစ်သံကြားရင် အိမ်ထဲပြေးဝင်ရတဲ့ခေတ်၊ နိုင်ငံတော်သီချင်းသံကြားရင် အိမ်ထဲပြေးဝင်ပြီး စောင်ခေါင်းမြီးခြုံနေရမယ့် ကာလ။ နေဝင်မိုးချုပ် မိန်းခလေးတယောက်ထဲ အပြင်မထွက်ရဲတဲ့နိုင်ငံမှာ လုံခြုံတယ် ငြိမ်းချမ်းတယ်လို့ ဘယ်သူပြောရဲမှာလဲ။ ဒါဟာ တိုင်းပြည်ပျက်နေတာ မဟုတ်ဘူးလား။ ခေတ်ပျက်ကြီးထဲ ရောက်နေတာမဟုတ်ဘူးလား၊ ဒုတ်တပျက် ဓားတပျက် လူမိုက်တွေ ကြီးစိုးနေတာမဟုတ်ဘူးလား။

အခုလည်း အစိုးရ အာဏာပိုင်တွေမှ တာဝန်မယူနိုင်တာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူရတော့မှာပေါ့။ အခုဆို မန္တလေးမှာ ဒီလိုပဲ ကိုယ့်လုံခြုံရေးကိုယ်  အစုအဖွဲ့တွေနဲ့ တာဝန်ယူနေကြပြီ။ မွတ်စလင်တွေ အပြင်ထွက်တာတောင် တယောက်ထဲ မသွားရဲဘူး၊ တချို့ မန္တလေးက ခဏရှောင်နေရတယ်။ တချို့ဆိုရင် အဖိုးတန်နဲ့ အရေးကြီးတဲ့ပစ္စည်းတွေကို သီးသန့်ထုတ်ပိုးထားကြတယ်။ မီးဘေးရန်ကာကွယ်သလိုမျိုး၊ အရေးကြုံရင်အလွယ်တကူ အထုတ်ပိုက်ပြေးနိုင်အောင်ပါ။

မှတ်ပုံတင်ထဲမှာ လူမျိုး၊ ကိုးကွယ်သည့် ဘာသာဆိုပြီး ခွဲခြားဆက်ဆံထားတာကိုက အာဏာရှင် အစိုးရတွေရဲ့ နှိပ်ကွတ်ရေးစီမံချက် ဖြစ်တယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ အဲလို လူမျိုး၊ ဘာသာ၊ ခွဲခြားစိတ်ကို ပြောတာမဟုတ်ဘူး။ အဲဒီခွဲခြားစိတ်ဟာ ကမ္ဘာ့ ကျောရိုးရှိ အဆင့်နိမ့်သတ္တဝါတွေရဲ့ အမူအကျင့်သက်သက် ဖြစ်တယ်။ လူတောမတိုးဘူး။

သေချာတာကတော့ ၂ဝ၁၅ မတိုင်ခင် ဗမာပြည်မှာ အစိုးရက နောက်ကွယ်က ချုပ်ကိုင်ထားတဲ့ (အစိုးရကို ချုပ်ကိုင်ထားတာလည်း ဖြစ်နိုင်တယ်) အာဏာရှင် အကြမ်းဖက်လူရမ်းကားတွေ ခေါင်းထောင်နေလိမ့်မယ်။ ခြိမ်းခြောက် မဲဆွယ်တာတွေ လုပ်လိမ့်မယ်။ အတိုက်အခံအမတ်တွေကို ရိုက်နှက်၊ သတ်ဖြတ်လိမ့်မယ်။ အမျိုး ဘာသာ သာသနာ အကြောင်းပြုပြီး မြို့နဲ့ ရွာတွေမှာ အကြီးအကျယ် သောင်းကျန်းလိမ့်မယ်။ တချို့ဒေသတွေမှာ မဲဆွယ်ပွဲတွေ မဖြစ်အောင်၊ ရွေးကောက်ပွဲမလုပ်နိုင်အောင် သူပုန်ထလိမ့်မယ်။ မန်းအကြမ်းဖက်မှုဟာ ၂ဝ၁၅အတွက် ရှေးပြေး နိမိတ်တွေ ဖြစ်တယ်။

ဝမ်းနည်းစရာကောင်းတာက အဲလို အကြမ်းဖက်မှုတွေထဲ ဘာသာ သာသနာအရေခြုံ သင်္ကန်းဝတ်တွေရောပါပြီးထင်ရာမြင်ရာ လုပ်ကြမှာပါပဲ။ အဲလို အောက်လမ်းနည်း၊ အောက်တန်းကျနည်းနဲ့ မြန်မာပြည်ကို အာဏာရှင်ခေတ် တသစ်ဆန်းပေးလိမ့်မယ်။

၂ဝ၁၅ အကြိုကာလဟာ မြန်မာတွေ ဂုဏ်သိက္ခာညှိုးကျစေဖို့ မဖြစ်သင့်တော့ပါ။ ခေတ်သစ်ဆီသွားဖို့ဆို ခေတ်စနစ်သစ်နဲ့ လိုက်လျှောညီထွေတဲ့ အတွေးအခေါ် စိတ်ဓာတ်ကောင်းတွေ မွေးမြူရမယ်။ သူတော်ကောင်းစိတ်၊ အများပြည်သူကို စောင့်ရှောက်ကူညီလိုစိတ်၊ မိမိကိုယ်ရည်ကိုယ်သွေး မြင့်မားလိုစိတ်၊ တရားမျှတစိတ်၊မိမိတိုင်းပြည်နဲ့ မိမိလူမျိုးကိုစိတ်ဓာတ် စွမ်းရည် အဆင့်မြင့်မြင့်နဲ့ တိုးတက်ဖွံ့ဖြိုးအောင်မြှင့်တင်လိုစိတ်တွေ ကြီးထွားလာအောင်လုပ်ရမယ်။ ကျနော်တို့ နိုင်ငံကို ပြင်ပကမ္ဘာက အထင်အမြင်တွေ လွဲနေတာကို အမြန်ဆုံးဖယ်ရှားဘို့ ယဉ်ကျေး ဖွံ့ဖြိုးတဲ့ စိတ်ဓာတ်ဂုဏ်ရည်တွေပြသရမယ်။ ဒါမှ မဟုတ်ရင် ကျနော်တို့တိုင်းပြည်ဟာ အနှစ် ၅ဝ လောက် အာဏာရှင်စနစ်အောက်မှာ နေရကျိုးမနပ်ဖြစ်လိမ့်မယ်။

ကျနော်တို့ ရေရှည် အမြော်အမြင်မရှိရင် လူဖြစ်ရကျိုးမနပ်ဖြစ်လိမ့်မယ်။ ကျနော်တို့ ရှေ့က အစိုးရနဲ့ အာဏာရှင်တွေ ညံ့ဖျင်းခဲ့လို့ ကျနော်တို့ ခေတ်မှာ အောက်တန်းကျခဲ့တယ်။ ဒီကနေ့ ကျနော်တို့ ထပ်ပြီး ကိုယ်ရည်ကိုယ်သွေးညံ့ပြီး ဖျင်းနေ အ နေအုံးမယ်ဆိုရင် ကျနော်တို့မျိုးဆက်သားသမီးတွေ ခေတ်မှာ ကျွန်ဘဝကနေ သဘောက်ဘဝထိ ရောက်လိမ့်မယ်။ တိုင်းပြည်လည်း နာမည်ဆိုးကြီးနဲ့ ကျန်လိမ့်မယ်။

၁၉၈၈ က တိုင်းပြည်အာဏာ ပြည်သူတွေလက်ထဲရောက်တော့ ရဟန်းတွေ၊ ကျောင်းသားတွေ၊ ရပ်ကွက်ပြည်သူတွေကပဲ အဖျက်အမှောင့်တွေ၊ တန်ပြန်သပိတ်တွေ၊ မီးကွင်းပစ်သူတွေ၊ ဆူပူလှုံ့ဆော်ရေး အဖျက်သမားတွေ ရပ်ကွက်ထဲဝင်မလာအောင် ကာကွယ်တားဆီးခဲ့ကြတယ်။ ရပ်ကွက်တိုင်းမှာ လုံခြုံရေးကင်းတွေ၊ အဖွဲ့တွေ ဖွဲ့ပြီး အကြမ်းဖက်ကာကွယ်ရေးတွေ လုပ်ရတယ်။ ကိုယ့်ရပ်ကွက်ငြိမ်းချမ်းဘို့ ကိုယ့်ဖာသာတာဝန်ယူကြတယ်။ ဒီကနေ့ခေတ်ဟာ ၈၈ မဟုတ်ဘူး။ ဂျင်ကလိတွေ၊ လေးဂွတွေ၊ ငှက်ကြီးတောင်၊ လေသေနပ်တွေဆောင်ပြီး ကင်းစောင့်ကာကွယ်ရမယ့်ခေတ်လည်း မဟုတ်ဘူး။

ကျနော်တို့လိုအပ်တာ မိမိကိုယ်ကိုယ် စိတ်ဓာတ်အဆင့်မြင့်အောင်ကျင့်ကြံပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားဓမ္မစိတ်မွေးမြူဖို့ လိုအပ်တယ်။ တရားမျှတမှု၊ စိတ်စေတနာနဲ့ မြတ်တဲ့နှလုံးသားကသာ မိမိကိုယ်ကို စောင့်ရှောက်သလို မိမိလူ့အဖွဲ့အစည်းကိုလည်း အကျိုးပြုမှာ ဖြစ်တယ်။

တန်ပြန်အကြမ်းဖက်ကာကွယ်ရေးကိုဖွဲ့ဖို့ ကျနော်တို့မှာ နှလုံးရည်စိတ်ဓာတ် ကောင်းကောင်းပြည့်ဝဖို့ လိုတယ်။ စိတ်ဓာတ်ယဉ်ကျေးမှု အဆင့်မြင့်ဘို့လိုတယ်။ ပညာဉာဏ်နဲ့ အမြော်အမြင်ကြီးဖို့ လိုတယ်။ အတိတ်သမိုင်းတွေကို သင်ခန်းစာယူဖို့ လိုတယ်။

ကျနော်တို့တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာသာသနာကို ပျောက်ကွယ်မှေးမှိန်အောင် လုပ်မယ့်လူဟာ မဘသ တွေ၊ ၉၆၉ တွေ၊ နအဖ တွေ၊ ကြံ့ဖွတ်တွေ လေသံပစ်နေတဲ့  ကုလားလည်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း မဟုတ်၊ အန်အယ်လ်ဒီလည်း မဟုတ်ပါ။

မိမိတို့ ကိုယ်တိုင်သာဖြစ်တယ်ဆိုတာ အမြဲ ဆင်ခြင်နှလုံးသွင်းစေလိုတယ်။ မိမိကိုယ်ကိုသာ အဆင့်မြင့်စိတ်ဓာတ်မွေးနိုင်အောင်  တည်ဆောက်ဖို့လိုတယ်။

ကိုညို (အော်စလို)

No comments: