Monday, June 30, 2014

ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရ ဆိုပါလား

ဇွန်လ ၉ ရက်က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တချို့ ကို ထိန်းချုပ်ထားတဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကလည်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။ “ကျောင်းသူကျောင်းသားများဟာ စည်းကမ်းထိန်သိမ်းရေးဆိုင်ရာ ပြစ်မှုများဖြစ်တဲ့ နိုင်ငံရေးဆူပူမှုဆိုင်ရာပြစ်မှုများ၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများ၊ ကျောင်းစည်းကမ်းဆိုင်ရာပြစ်မှုများကို ကျူးလွန်ပါက အရေးယူခံရမည်။ နိုင်ငံရေးနှင့် ပက်သက်တဲ့ပြစ်မှုများကို ကျူးလွန်ပါက
ကျောင်းမှထုတ်ပယ်ခံရမည်” ဟု ဖော်ပြထားပါတယ်။ ကျောင်းမှထုတ်ပယ်ခံရမည့်ပြစ်မှုများမှာ ဆူပူလှုပ်ရှားမှုများမှာ ပါဝင်ခြင်း၊ ထိန်းသိမ်းခံရပြီး တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊ ဆူပူမှုများတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခြင်း၊ ဆူပူမှုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ ဆော်ခြင်း၊ လှုံ့ ဆော်မှုကို အားပေးခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်း၊ ဆူပူမှုတွင် တက်ကြွစွာ ပါဝင်ခြင်း၊ နောက်လိုက်အဖြစ် ပါဝင်ခြင်းတို့ ဖြစ်ပါတယ်။

စစ်တပ်က အခွင့်အရေးလေး နည်းနည်းရတိုင်း ဗမာပြည်ကြီးကို ကျုပ်တို့ တပ်မတော်က အမျိုးသားအန္တရာယ်ကြုံတိုင်းကြုံတိုင်း အနစ်နာခံပြီး
ကာကွယ်ခဲ့ကြရတာချည်း ဖြစ်ပါတယ်တဲ့။ ဒါဖြင့် စစ်အာဏာရှင်စနစ် နေပြည်တော်ကြီး တည်ဆောက်ခဲ့တာဟာ ဗမာပြည်ကြီးမှာ ဘယ်လိုအမျိုးသား အန္တရာယ်ကြီးများ ကျရောက်မယ့် အခြေအနေမျိုးရှိနေတာကြောင့်ပါလဲ။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံစည်းမျဉ်းဥပဒေကြီးမှာ တပ်မှူးစစ်ကဲကြီးများ ရရှိခံစားနေရတဲ့ အရပ်ရပ် အကျိုးစီးပွားများကို နှောင့်ယှက်ဟန့်တားမယ့် အန္တရာယ်တရပ်ရပ်များ
ကျရောက်မှာ စိုးလို့ပါလား။ လက်ရှိ တည်ဆဲကြံ့ဖွံ့ရဲ့  စစ်အာဏာကို US ဂိုဏ်းကဖြိုမချပါဘူး။ ပေးကျွေးပြီး ချော့ခိုင်းမှာပါ။ တရုတ်ကလည်း ဒီလိုဘဲ အပျော့ဆွဲလေးနဲ့ လိုတာရအောင်ယူခဲ့တာ၊ ယူဦးမှာပါ။

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းဟာ (၁၉၂၀ - ၂၀၁၄) မကြာခင်မှာ နှစ် ၁၀၀ ပြည့်ပါတော့မယ်။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူး၊ လုပ်ရင် ကျောင်းထုတ်မယ် ဆိုတဲ့ဘယ်လောက် ဟောင်းနေမှန်းမသိတဲ့ “နိုင်ငံရေးဓာတ်ပြားဟောင်းကြီး” ကို ကြံ့ဖွံ့ စစ်အစိုးရက အကြံကုန် ဂဠုန်စားချက် လုပ်လာတာပါ။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူးလို့  အင်္ဂလိပ်က မပြောခဲ့ပါဘူး။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၃၁. ၁. ၁၉၃၁ ခုနှစ်မှာ ဖွဲ့ စည်းခဲ့တာပါ။ ဗကသကို ၁၉၃၆ ခုနှစ်မှာ ဖွဲ့ စည်းခဲ့ကြပါတယ်။ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂကို ၁၉၅၁၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦးကို ၁၉၅၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့ကြတာပါ။ သခင်နု ဖဆပလအစိုးရကနေ အခုကြံ့ဖွံ့ စစ်အစိုးရအထိ
ဗမာပြည်အာဏာရအစိုးရအဆက်ဆက်ဟာ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားခေါင်းဆောင်များကို (လွတ်လပ်ရေးတခေတ်လုံး) သူတို့ရဲ့ အာဏာတည်တံ့ရေးအတွက် ခြိမ်းခြောက်မှုကြီးတခုအဖြစ် သဘောထားခဲ့တာပါ။
ဒီတော့ လွတ်လပ်ရေးခေတ် ၆၆ နှစ်အတွင်းမှာ ဖဆပလ၊ မဆလက “စ” ခဲ့တဲ့ စစ်အစိုးရတွေက ကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂများကို ဘယ်လိုသဘော ထားခဲ့တယ်ဆိုတာ အကြမ်းဖျဉ်းခြေရာကောက်ပြချင်ပါတယ်။

၁။ ၁၉၅၃ အောက်တိုဘာ ၃ ကျောင်းတလပိတ်အရေးတော်ပုံ
၂။ ၁၉၅၆ မတ်လ၊ ဟယ်ရီတန် (ကျဆုံး) အရေးတော်ပုံ
၃။ ၁၉၅၆၊ “ကျောင်းသားသမဂ္ဂပိတ်ပင်မှု” ဆန့် ကျင်ရေးတိုက်ပွဲ
၎။ ၁၉၅၈၊ မတ်လ၊ ၂၈ ပြည်တွင်းစစ် ၁၀ နှစ်မြောက် လူထုလှုပ်ရှားမှု၊ ပထမအကြိမ်
စစ်အာဏာရှင်စနစ် (၁၉၅၈ စက်တင်ဘာ ၂၆) ဆန့် ကျင်ရေးလှုပ်ရှားမှု၊ (၁၉၆၂၊
မတ်လ ၂ ရက် အပြီးသတ်စစ်အာဏာသိမ်းမှု ဆန့် ကျင်ရေးလှုပ်ရှားမှု)
၅။ ၁၉၅၆ အောက်တိုဘာ “ကျောင်းသားသမဂ္ဂပိတ်ပင်မှု” ဆန့် ကျင်ရေးလှုပ်ရှားမှု
(ကျောင်းသားသမဂ္ဂများ ကျောင်းတွင်းမရှိစေရအမိန့် ။ သခင်နု၊ ဖဆပလအစိုးရ)
၆။ “တန်းခွဲတန်းချ ဆန့် ကျင်ရေး” ကျောင်းသားလှုပ်ရှားမှု (၁၉၆၀ - ၆၁)
၇။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့  ကျောင်းသားအရေးတော်ပုံ
၈။ ၁၉၆၃ နိုဝင်ဘာ ၁၄ ရက်၊ ၆ ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး။
ဆွေးနွေးပွဲပျက်ပြားမှု ဆန့် ကျင်ရေးလှုပ်ရှားမှု
၉။ ၁၉၆၂ အာဏာသိမ်းပြီးချိန်ကစပြီး မဆလစစ်အာဏာရှင်များက ဇူလိုင် ၇ ရက်
ကျောင်းသားများကို သတ်ဖြတ်၊ ၁၉၆၃ နိုင်ဝင်ဘာ လူဖမ်းပွဲကြီးကိုသာမက
၇၄ ဇွန် ၆ အလုပ်သမားသတ်ဖြတ်မှုကြီး၊ ၇၄ ဒီဇင်ဘာ ၆ ဦးသန့် အရေးအခင်း
သတ်ဖြတ်မှုကြီး၊ ၇၆ စစ်တွေ ဆန်လုပွဲ၊ ၇၆ တရုတ်ဆန့် ကျင်ရေး သတ်ဖြတ်မှု၊
၇၈ ယူဂျီ၊ ၈၂ ယူဂျီဖမ်းဆီးနှိပ်စက်မှုများရဲ့ အကျိုးဆက်အဖြစ် ၈၈ ဒီမိုကရေစီ
အရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားနဲ့ လူထု ၃၀၀၀ မှ ၅၀၀၀ အကြား
သတ်ဖြတ်ခံရမှု
၁၀။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ရဟန်းသံဃာများနဲ့ မြို့ နေဆင်းရဲသား
လူထုကြီး ဘယ်ရွေ့ ဘယ်မျှ အသက်ပေးခဲ့ရတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။

ဆဲဗင်းဇူလိုင်နဲ့  ၆၃ နိုဝင်ဘာ ၁၄ ရက်နေ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၆ ခရိုင် ဆန္ဒပြပွဲကြီး ပျက်ပြီးတဲ့အခါ တပြည်လုံး ဖမ်းဆီးဖိနှိပ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် (ပထမ) စစ်အစိုးရလက်ထက်မှာ ကျောင်းသားခေါင်းဆောင်တချို့  (ပထမ) ကိုကိုးကျွန်းအပို့ ခံခဲ့ကြရပါတယ်။ ၆၈ (ဒုတိယ) ကိုကိုးကျွန်းကို အကျဉ်းသား ၂၃၂ ယောက်ပို့ ပါတယ်။ ကျောင်းသား ၄၁ ယောက် ပါပါတယ်။ ကျွန်းဖျက်သိမ်းရေး ၅၃ ရက်ကြာ “အစာငတ်ခံတိုက်ပွဲ”မှာ ပြည်နဲ့ မန္တလေး၊ မတကသမှ ကျောင်းသားတချို့လဲ ကျသေဆုံးခဲ့ပါတယ်။

၆၃ နိုဝင်ဘာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြီးတဲ့အခါ ဗကသ၊ တကသနဲ့ တပ်ဦးမှ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တချို့ A.S အတွင်း ပါဝင်သွားခဲ့ကြပါတယ်။ ဒီလိုပါပဲ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း သတ်ဖြတ်မှုများ ဖြစ်လာတဲ့အခါ အရေအတွက် မနည်းလှတဲ့ ကျောင်းသားများနဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တချို့ လည်း A.S အတွင်း ပါဝင်သွားခဲ့ကြပါတယ်။ ကျောင်းသား
လှုပ်ရှားမှုများနဲ့ လူထုတိုက်ပွဲများဟာ သူ့ Role နဲ့သူ၊ သူ့အခန်းကဏ္ဍနဲ့ သူ ရှိတတ်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုဟာ လှံတချောင်းရဲ့ “အသွား”နဲ့ တူပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ “လှံရိုး” နဲ့ တူတယ်လို့  ဆိုစမှတ်ပြောစမှတ် ပြုခဲ့ကြပါတယ်။ လှံအသွားနဲ့ အရိုးဟာ အတူရှိမှသာ လှံတချောင်းရဲ့ တာဝန်ကို မိမိရရ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားခေါင်းဆောင်၊ ကျောင်းသားသမဂ္ဂများကို စစ်အာဏာရှင်များက မနှစ်မြို့ တာ၊ မလိုလားတာ၊ ဇောင်းကျကြတာ ဘာမှမဆန်းပါ။ ဒါပေမယ့် ၀န်ကြီးချုပ် သခင်နုလို၊ ၀န်ကြီး မစ္စတာရာရှစ်တို့ လို တကသ၊ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတဲ့သူမျိုးတွေကိုယ်တိုင်က အာဏာရလာတော့ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားခေါင်းဆောင်၊ ကျောင်းသားသမဂ္ဂဆိုတာတွေကို သူတို့ ကြောက်လာကြ
ပါတယ်။ ဒါ အကျိုးအကြောင်းရှိပါတယ်၊ ရှင်းပါတယ်။ အခု သူတို့ က “အစိုးရအာဏာပိုင်” တွေ ဖြစ်လာနေပါပြီ။ ဒီနေရာမှာ စစ်အာဏာရှင်ကြီးတွေက ပိုဆိုးမှာပေါ့။ သူတို့က အမိန့်ဆိုတာပဲ သိခဲ့ကြတာ။ ကိုယ်က “အမိန့်ခံ” သူများကို “အမိန့်ပေး”။ ဒီတော့ စစ်အာဏာရှင်တွေဆိုတာ ၁၆ နှစ် ၁၈ နှစ်သား အရွယ်ကတည်းကစပြီး “အမိန့် ခံနဲ့ အမိန့် ပေး”တာဘဲ သိတာပါ။ ရာထူး တဖြည်းဖြည်းတက်လာတော့ “အာဏာ”ဆိုတာကို သိရစကောင်းမှန်း ဖြစ်လာတယ်။ ဒီထက်ပိုပြီး အာဏာကိုသိလာတော့ “ဥစ္စာ”ကို သိလာပါတယ်။ ရာထူး = အာဏာ = ဥစ္စာ Equation ကို ဖြေရှင်းတတ်လာပါတယ်။ အဲဒီတော့ “စစ်အာဏာရှင်စနစ် အဓွန့် ရှည်ပါစေ” ဖြစ်လာ ပါတော့တယ်။ ကျောင်းသားရဲဘော်တွေ သတိအထူးထားကြပါ။

အောင်သာ (ပီသုံးလုံး)

(News Watch ဂျာနယ် အတွဲ ၉ အမှတ် ၆ မှ ထုတ်နုတ်ကူးယူဖော်ပြပါသည်)

No comments: