Sunday, June 8, 2014

သမ္မတကြီးကို ကျနော်ယုံသည်

သမ္မတကြီးကို ကျနော်ယုံသည်မှာ အမေစု နှင့် ဖထီး မူတူးစေးဖိုးတို့ ယုံသည်အောက် တပြားသားမျှ မလျော့ကြောင်း လွှတ်တော်ထဲတွင်ပင် ကျိန်တွယ်၍ ပြောရဲပါသည်။

ကျနော်ယုံသည်မှာ အခြားသူများကဲ့သို့ မျက်စိမှိတ်ယုံခြင်းမျိုး မဟုတ်။ စက္ခုနှစ်ကွင်းကို လင်းကွင်းပမာ ပြူးနေအောင် ဖွင့်ထားလျက်က ယုံကြည်ခြင်းမျိုး ဖြစ်ပါသည်။ ထို့ကြောင့်
သမ္မတကြီးတယောက် ယာဉ်တန်းနှင့် သွားလာရင်း လမ်းဘေးတနေရာတွင် ဇီးကွက်ကဲ့သို့ မျက်လုံးအပြူးသားနဲ့ လူတယောက်က အရိုအသေပေးနေသည်ဆိုလျှင် ကျွန်တော်ဖြစ်သည်ဟု သိစေလိုပါသည်။

ကျွန်တော်ယုံကြည်ရခြင်း၏ အကြောင်းရင်းများစွာအနက် ပထမဦးဆုံး ဖော်ပြလိုသော သမ္မတကြီး၏ ဂုဏ်ပုဒ်တခုမှာ ကတိသစ္စာ တည်ကြည်ခြင်း ဖြစ်ပါသည်။ မင်းမှာ သစ္စာ၊ လူမှာ ကတိ ဟူသော စကားရှိသည်နှင့်အညီ ရန်သူမျိုးငါးပါး အပါအဝင် "မင်း" ဖြစ်ထသော၊ တဖန် ဘောင်းဘီချွတ်၍ စစ်သားဘဝမှ ရိုးရိုး "လူ" ဘဝ ကူးပြောင်းရောက်ရှိပြီးသော သမ္မတကြီးအတွက် ဤအချက်သည် ပြောစရာမလိုအောင် အရေးကြီးသည့် အချက်ဖြစ်ပါသည်။

သမ္မတကြီး ရာထူးယူကာစက ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် "လက်နက်နဲ့ လက်ပ်တော့ပ်" လဲလှယ်မည် ပြောခဲ့ပါသည်။ ယခုအခါ သမ္မတကြီးသည် လက်ပ်တော့ပ်ထက်ပင် များစွာတန်ဘိုးရှိသော "ကားပါမစ်များ၊ လုပ်ငန်းလိုင်စင်" များကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲလျက် လက်နက်ဖြင့် လဲလှယ်ပြခဲ့ပါသည်။ ဤနည်းဖြင့် ဖထီး၏ ယုံကြည်မှုကိုသာမက အေဘီခေါင်းဆောင် ရဲဘော်သံခဲ နှင့် ဝန်ကြီးဦးအောင်မင်းတို့ သတို့သားနှင့်သတို့သမီး ဝိုင်သောက်သည့်ပမာ လက်ချင်းလိမ်ယှက် မျက်နှာချင်းဆိုင် ခွက်ပြိုင် မော့နိုင်သည်အထိ အခြေအနေများ တိုးတက်ခဲ့ပါသည်။

နောက်ထပ် ကတိတည်ပုံ တခုကိုလည်း ဖော်ပြချင်ပါသေးသည်။ သမ္မတကြီး တက်လာကာစ မိန့်ခွန်းများတွင် "ဆင်းရဲသား ပပျောက်ရေး" သည်လည်း ရည်မှန်းချက်တခုပင်ဖြစ်သည်။ ယခုအခါ အိမ်ရာမြေဈေးများမှာ တာဝတိံသာသို့ ခိုက်လုပြီဖြစ်၍ ဆင်းရဲသားများမှာ "အကာဆူးခက်၊ အင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကျဲကျဲ၊ ဝက်သိုက်တဲ" ဆိုသော စလေဦးပုည စာချိုးအတိုင်း မြို့စွန်မြို့ဖျား၊ လမ်းဘေး ကျူးကျော်တဲများတွင် ခိုကပ်နေကြရပါသည်။ သို့သော် သမ္မတကြီး၏ ကျေးဇူးကြောင့် ကျူးကျော်များကို အင်အားသုံး ဖယ်ရှားလျက်ရှိရာ ဆင်းရဲသားပပျောက်နှုန်းမှာ ထင်ထားသည်ထင်ပင် ပိုမို မြန်ဆန်နေသည်ကို တွေ့ရပါသည်။ ဤမျှမက သမီးကလေး ကျေးရွာမှ ဆင်းရဲသားများကို ဝင်ငွေမြင့်တက်စေရေးအတွက် စေတနာ ရှေ့ထားကာ ထိုင်းနယ်စပ်သို့ ဥပါယ်တမျဉ်နှင့် မောင်းထုတ်ကာ ဆင်းရဲသားပပျောက်ရေးကို အပတ်တကုတ် ကြိုးပမ်းပြလိုက်ပါသေးသည်။ ထို့ပြင်တဝ ကားဈေးနှုန်းကျအောင် စွမ်းဆောင်လိုက်သဖြင့် မြို့တော်လမ်းမများပေါ်တွင် ကားများပိတ်ဆို့ကာ ကားဝယ်မစီးနိုင်သော ဆင်းရဲသားများမှာ ကြပ်ညပ်နေသော ဘတ်စ်ကားများထဲတွင် ပိတ်လှောင်ရင်း နေ့စဉ်ဝဋ်ဒုက္ခကို ခံစားနေရသဖြင့် အသက်တိုကာ ဆင်းရဲသားမြန်မြန် ပပျောက်ရေးကို တဖက်တလမ်းက အထောက်အကူပြုပေးနိုင်ဦးမည် ဖြစ်သည်။ သမ္မတကြီး၏ ကတိတည်ပုံမှာ အံ့မခန်းပင်တည်း။

ဒုတိယမ္ပိ ဖော်ပြလိုသည်မှာ သမ္မတကြီး၏ ရိုးဂုဏ်ဖြစ်ပါသည်။ သမ္မတကြီးကတော် မုန့်ဟင်းခါးဆိုင် ထွက်ရန် စိတ်ကူးမိခြင်းအကြောင်းများကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဖတ်ရှုရသောအခါ ကျွန်တော်၏ လေးစားမှုများသည် တားမနိုင် ဆီးမရ၊ ဈေးအိမ်သာ လောက်ထိုးသကဲ့သို့ တဖွားဖွား ပေါ်ပေါက်လာပါသည်။ အနေရိုးသော သမ္မတမိသားစုပင်ဟု အသိအမှတ် မပြုဘဲ မနေနိုင်အောင်ပင်။ သို့သော် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ကြေညာရန် ငြင်းဆန်လိုက်သောအခါ အခြားသူများက အပြစ်တင်ကြသော်လည်း ကျွန်တော်ကမူ ပိုင်ဆိုင်မှုကြေညာခြင်းသည် မုန့်ဟင်းခါးဟင်းရည်အိုးကဲ့သို့ အဖုံးဖွင့်ပြထား၍ မရကောင်းသည့်အရာ ဖြစ်ပုံရ၍ သမ္မတကြီးအနေဖြင့် ဖုံးအုပ်ထားရသည်ဟုသာ သဘောပေါက် နားလည် ခွင့်လွှတ်ပါသည်။ မတော် ဖွင့်ပြခဲ့လျှင် မိဘပြည်သူအများစုမှာ နှလုံးသွေးရပ်ပြီး သေသွားနိုင်သဖြင့် ပြည်သူများအား ညှာတာထောက်ထားခြင်းအားဖြင့် ဖွင့်လှစ်မပြခြင်းဟု ယူဆပါသည်။

စစ်ဖက်မှ လာသူပီပီ စစ်ရေးအမြင်ရှိစွာဖြင့် တပြည်လုံး တပ်ပိုင်မြေ ပြုလုပ်နေခြင်းအားလည်း သဘောထားကြီးစွာ ခွင့်လွှတ်ထားသည်ကို တွေ့ရပါသည်။ အမျိုးစောင့်ဥပဒေကို လက်မှတ်ရေးထိုးအားပေးရုံမက လက်ပံတောင်းဒေသတွင် သံဃာများကို မီးထွန်းညှိပူဇော်ခဲ့ချိန်က သမ္မတအဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည့်အတွက် ဘာသာတရား ကိုင်းရှိုင်းလေသူတဦးဟု ယုံကြည်မိပါသည်။

တဖန် ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ရေးဆွဲစဉ်က ဥက္ကဋ္ဌလုပ်ခဲ့သူမှာ သမ္မတကြီးပင်ဖြစ်၍ ဖွဲ့စည်းပုံဥပဒေကျမ်းကို ထုံးလိုချေ ရေလိုနှောက်နိုင်သူမှာလည်း သမ္မတကြီးပင်ဖြစ်သည်။ ဥပဒေတို့ကိုသာမက မည်သည့်ဥပဒေကို မည်သည့်ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်ကို အခြားသူများထက် ခရေစေ့တွင်းကျ နားလည်နိုင်သူဖြစ်သည်။

နောက်ဆုံးအနေဖြင့် ပြန်ကြားရေး ဒု-ဝန်ကြီးနေရာတွင် အမုန်းစကားမဆိုတတ်သော၊ မလိမ်မညာတတ်သော၊ မဖာမထေးတတ်သော၊ ကျောင်းသားကလေးများကိုကားတင်ခေါ် ဓါတ်ပုံရိုက်ဖေ့စ်ဘွတ်တင်တတ်သော၊ ငပိရည်ထမင်းဝိုင်းကိုလည်း ဖေ့စ်ဘွတ်တင်ပြတတ်သော၊ သိမြင်ကင်းကွာ မလိမ္မာသည့် သားမယားအား အခါအားလျော်စွာ ဆိုဆုံးမလျက် ဖေ့စ်ဘွတ်ပိတ်ခိုင်းတတ်သော
အိမ်ထောင်ဦးစီးကောင်း ဆိတ်ဗိုလ်ကြီးရဲထွဋ်အား လူမှန်၊ နေရာမှန်ခန့်ထားသည့်အတွက် ကျွန်တော်၏ ယုံကြည်ကိုးစားမှုများမှာ တနေ့တခြားကြီးထွားကာ
တံခါးမဆန့် ဖြစ်ရပါကြောင်း ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

သမ္မတကြီးအနေဖြင့် လက်ရှိသက်တမ်းသာမက ကမ္ဘာကုန်တည်သရွေ့ သမ္မတကြီးရာထူးကိုဆက်လက်ထမ်းရွက်နိုင်ပြီး "လက်နက်နှင့်ကားပါမစ်" လဲလှယ်ခြင်းများ၊ "ဆင်းရဲသားပပျောက်ရေး စီမံကိန်းများ" ကို ဆထက်တံပို တိုးပြီးဆောက်ရွက်နိုင်စေသောဝ်။

ပုံ ...
အယုံလွယ်သူ
ကိုပေါ

(Aung Naing Moe ဖေ့စ်ဘွခ်မှ ကူးယူဖေါ်ပြပါတယ်)

No comments: