အမျိုးသားရန်သူတော် ဦးတာယုရွှေပယင်း ခိုအောင်းနေသော နေရာတို့အကြောင်း ဖော်ပြထားသည့် ကောလာဟလတို့ သမုဒ္ဒရာဗမာပြည်တွင် ကျော်ကြားပြန့်နှံ့ နေကြောင်းမှ အဆက်…
ကိုကျောက်ညို၏ ဝမ်းတွင်း အသက်ရှူကြွက်သားမသည် တင်းကြပ်လာခဲ့သည်။ ဦးရွှေပယင်း ၏ မျက်ခွက်ကို ကြည့်လိုက်တိုင်း နာကျည်းခံပြင်းမှုတို့ မဖြစ်ပေါ်လာရသည်ဟုမရှိ။ မျက်နှာရှည်ရှည် နှင့် ရဟူဒီသွေး စပ်ပုံရသော သင်းသည် ဖြူဖွေးလံထွက်နေသော ဆံပင်များ၊ ဆိတ်ကလေး တစ်ကောင်၏
ပါးသိုင်းမွေးစပ်ဖျင်းဖျင်းနှင်
အတော်လေး ရွံစရာကောင်းတဲ့ လူတဦး ဖြစ်သည်။ လူကတော့ လူပါးလူလည် တဦး
ဖြစ်ပုံရသော်လည်း ဘူတားအိုကြီးတွေရဲ့ ထုံးစံအတိုင်း သတိလက်လွတ်၊ ကြိုးမဆိုင်းထားတဲ့ သူ့မျက်မှန်ဟာ သူ့ နှာခေါင်းရှည်ရှည်ကြီးရဲ့ အစွန်းပေါ်
လျှောကျနေ၊ ကျက်သရေတုံး။ မျက်နှာပေါက်က စုတ်ချွန်းချွန်း၊ သိုးတကောင်လို။ သောက်သံက ဆိတ်ဝှေးသင်းခံရတဲ့ အခါမှာ အော်တဲ့ အသံမျိုး။
ထုံးစံအတိုင်း ရွှေပယင်းဟာ ‘ပါတီ’ ရဲ့ သည်းမြစ်သည်းခြေ အယူအဆတွေကို စိတ်ဆိုးနေတဲ့ နဂါးတစ်ကောင်ဟာ သူ့မြွေဆိတ်တွေ မှုတ်ထုတ်နေသလို
အမြုံတစီစီနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ ၎င်း တိုက်ခိုက်နေပုံဟာ အောက်တန်းစား အလွန်ဆန်ရကား ဒါကို ကလေးတစ်ယောက်ကတောင်
ယုံကြည်လက်ခံ စရာ မရှိပါ။ ကြည့်နေတဲ့ ပရိသတ်ဟာ သူတို့ထက် ဉာဏ်အရည်အသွေး အလွန် နိမ့်ကျတဲ့ လူတဦးက လာပြီး လက်ချာပေးနေတာကို မခံမရပ်နိုင်တော့ဘဲ စိတ်ဆိုးပေါက်ကွဲ လာပါတော့တယ်။
သည် ဉာဏ်မရှိတဲ့ မျိုးဖျက်ကောင်ဟာ မျိုးစောင့်ဘဘကြီးကို မတော်တရော်တွေ စွပ်စွဲနေတယ်။ ‘ပါတီ’ရဲ့ စစ်အာဏာရှင်စနစ် ကျင့်သုံးမှုကို
ရှုတ်ချနေတယ်။ ဥရောရှား (Eurasia) နိုင်ငံ နဲ့ တိုက်နေတဲ့ စစ်ပွဲကို ချက်ချင်းရပ်တန့် ငြိမ်းချမ်းရေးယူဖို့ တောင်းဆိုနေတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စည်းဝေးစုရုံးပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်တွေ အတွက် သူဟာ ဆင်ခြင်တုံတရားမရှိ အော်ဟစ်တောင်းဆိုနေတယ်။ တော်လှန်ရေးဟာ သစ္စာဖောက်ခံလိုက်ရပြီ လို့ သူဟာ ကြေကွဲရူးသွပ် အော်ဟစ် ခံစားပြနေတယ် – ဒီလူကြီးရဲ့ ဗလုံစီ ပြောဆိုမှုတွေဟာ ချဲ့ကား ကြွားဝါ ဗြောင်လိမ်ဗြောင်ညာတဲ့ မိန့်ခွန်းတွေကို ပြောလေ့ရှိတဲ့ ‘ပါတီ’ ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ပြောတဲ့ ပုံစံနဲ့ ဘာမှမထူး ၊ ကျက်သရေ ယုတ်မဲ့လွန်းလှ ပါသည်။
ပြီးတော့လည်း ခေတ်ဆွေးက ဘူတားကောင်ကြီးဟာ ‘ဘာသာစောင့် စကားသစ်’ ကို တိုက်ခိုက်နေပြန်သေး။ ကြည့်စမ်း၊ ‘ဘာသာစောင့် စကားသစ်’ ကို တိုက်ခိုက်နေတဲ့ သင်းက သုံးနူန်းတဲ့ ဘာသာစကားကိုက လူထုက မုန်းတီးစက်ဆုပ်တဲ့ (မုန်းတီးစက်ဆုပ်တာကိုလည်း နောက်ဆုံးမေ့သွားတဲ့)
ဦးနှောက်ချွတ် ‘ဘာသာစောင့် စကားသစ်’။ သည်နိုင်ငံမှာ ဘာသာစောင့် စကားသစ်ကို ပါတီမှာ တရားဝင် အလုပ်လုပ်ရတဲ့ အချိန်က လွဲလို့ ကိုကျောက်ညို အပါအဝင် ဘယ် ဗမာလူမျိုးကမှ အပြင် လက်တွေ့ဘဝတွင် မည်သူကမှ မသုံးစွဲကြပါ။ ‘မုဒိတာ ရပ်ဝန်း’ ဟူသည်မှာ ‘သတ်ဟ’ ‘ဖြတ်ဟ’
‘နှိပ်ကွပ်ဟ’ ‘ငြင်းဆဲဟ’ ‘အငတ်ထားဟ’ ‘တိရစ္ဆာန်ကောင်တွေကို နေရာမပေးနဲ့ဟ’ ဟု ဆိုလိုခြင်း ဖြစ်သည်ဟု တရားဝင် အနက်ဖွင့်ပေးထားသော ဘာသာစောင့် စကားသစ်ကို အောက်တန်းစား မိဘပြည်သူများက အောက်တန်းစားပီပီ အတိအလင်း ပွင့်ပွင့်လင်းလင်း မုန်းတီးသလို ကိုကျောက်ညိုတို့
အပြင်ပါတီဝင် တော်တော်များများကလည်း ဖွင့်မပြောဝံ့ပေမယ့် တိုးတိုးတိတ်တိတ် စက်ဆုပ်ရွံရှာကြပါသည်။ ‘ဘာသာစောင့် စကားသစ်’ နဲ့
ဗြောင်လိမ်ဗြောင်ညာ မမှန်တာတွေကို ဖြန့်ဖြူးနေတဲ့ ရွှေပယင်းကို ပွဲကြည့် ပရိသတ်ဟာ ကြည့်ရင်းကြည့်ရင်း စိတ်ဆိုးသည်ထက် စိတ်ဆိုးလာပါတယ်။
ဒါတင်မကသေးဘူး။ သည့်နောက်မှာ သူ့ပထွေး ဥရောရှားတပ်မတော်က စစ်သားတွေဟာ တပြုံတမကြီး မဆုံးတမ်း စီတန်းချီတက်လာနေပါတယ်။
တီဗွီမှန်သားပြင်ကြီး တခုလုံးဟာ မျက်လုံးအိုင်းအိုင့် နီစပ်စပ် မွန်ဂိုမျက်နှာရှိတဲ့ စစ်သားတွေနဲ့ ဖွေးဖွေးလှုပ် ပြည့်နှက်သွားပါတော့တယ်။ စစ်သားတွေရဲ့
မျက်နှာဟာ တစ်ပုံစံတည်း၊ တပေါက်တည်း။ စစ်ချီဘွတ်ဖိနပ်သံတွေရဲ့ နောက်ခံ တေးဂီတကတော့နဲ့ ဆိတ်အော်သလို ညှော်ပြနေတဲ့ ရွှေပယင်းရဲ့ ဘာသာစောင့်စကားသစ် ပါပဲ။
‘သမုဒ္ဒရာ ဗမာပြည်သား (အောက်တန်းစား - မိဘပြည်သူ) အပေါင်းတို့။
ပါတီ က ပြောသမျှဟာ (အမှန်တရားစစ်စစ် - အတုလိမ်ဆင်) တွေချည်း။
မျိုးစောင့်ဘဘကြီး ဟာ (တကယ်ရှိတဲ့- ပါတီက တမင် လုပ်ကြံဖန်တီးထားတဲ့) ခေါင်းဆောင်။
ငါတို့ဟာ ဘယ်တုန်းကမှ ဥရောရှား နိုင်ငံနဲ့ (အမြဲတမ်းစစ်ခင်းနေ - စစ်မဖြစ်ခဲ့ဘူး)။
ဗမာပြည် မြို့ရွာတွေကို လာဗုံးကြဲတာဟာ (ရန်သူ ဥရောရှားလေတပ်- မင်းတို့ကို အုပ်ချုပ်နေတဲ့ ပါတီအစိုးရကိုယ်တိုင်)။
ပါတီဟာ ပြည်သူလူထုကို (နိုင်ငံတကာက လူမျိုးဘာသာ အသီးသီးနဲ့ ရင်းနှီးချစ်ကြည်အောင်-နိုင်ငြံ
မုန်းတီးစက်ဆုပ်လာအောင်) တမင် ကြံဆောင်နေတယ်။
ဒါမှ တိုင်းပြည်အာဏာကို (ဖြောင့်မှန်စွာရယူထားတဲ့-လူညစ်
ပါတီကို အမှန်တကယ် ဦးဆောင်နေတာက (စိတ်ရင်းစေတနာမှန်တဲ့ မျိုးစောင့်ဘဘကြီး - (ဝါ) မျက်နှာမရှိတဲ့ လူယုတ်မာ အုပ်စုတွေရဲ့ ယန္တရား စနစ်)’
[မှတ်ချက်။ ။ သန်းရွှေ နေဝင်း ခင်ညွန့် စတဲ့ အာဏာရှင်တွေ၊ လူယုတ်မာ အစိုးရဝန်ကြီး အောင်ကြည်၊ ရဲထွဋ် တဲ့ အာဏာရှင် လက်ပါးစေတွေ၊ သီတဂူ ၊
ဝီရသူ စတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မဘသ မျိုးစောင့်ဘုန်းကြီးခေါင်းဆောင
အားအင်ဆုံးရှုံး မုန်းတီးတိုက်ခိုက်နေအောင် ဖန်တီးလာတတ်ပြီး တကယ်ထိအောင် ပစ်ရမယ့် ပစ်မှတ်အစစ်ကတော့ လုံးစည်း
ယန္တရားစနစ်လည်ပတ်နိုင်မှုမှာ အသက်သွေးကြောဖြစ်တဲ့ လူထုတရပ်လုံးမှာ လွှမ်းမိုးနေတဲ့ လူ့ဘောင်ဆိုင်ရာ ဒဿနအမြင် (ပြခဲ့တဲ့) အမှားကို
မေ့ပျောက်ထားခြင်း-လက်ခံခြင်း-က
ဘယ်လိုမှ အတင်မခံနိုင်တော့တဲ့အထိ ပြောင်းလဲပစ်ခြင်း ပါပဲ]
[တနည်းအားဖြင့် လောကပါလ သစ္စာတရား ပျက်ယွင်းမှု (ဝါ) မတရားသဖြင့် ပြောမိဆိုမိလုပ်မိမှာကို ‘အနည်းငယ်လေးကိုပင်’ ‘အပြင်းအထန်’ ‘အလိုအလျောက် (အမိန့်အာဏာကြောင့် မဟုတ်)’ ‘ရှက်တတ်တဲ့’ ယဉ်ကျေးမှု ပေါ်ထွန်းလာပြီ ဆိုတာနဲ့ မည်သည့် စစ်အာဏာရှင်စနစ်၊ မည်သည့် လုံးစည်းဝါဒတို့ကမှ လူ့ဘောင်တခုတွင် ဆက်လက် မတည်တံ့နိုင်တော့ပါ။]
အမုန်းဖော်ထုတ်ပွဲဟာ စတင်လို့ စက္ကန့်သုံးဆယ်တောင် မပြည့်သေး၊ အခန်းထဲက လူထက်ဝက် ပမာဏဟာ ဒေါသတွေ မထိန်းနိုင်အောင်
ပေါက်ကွဲထွက်လာပါတော့တယ်။ ကိုယ့်ကိုကိုယ် အင်မတန် အရေးပါအရာရောက်တယ်လို့ မြှောက်ကြွပဲဟဲဟဲ လုပ်နေတဲ့ စောင့်ကြည့်မှန်သားပြင်ပေါ်က ဆိတ်သိုးကောင် တာယုရွှေပယင်း၊ သူ့နောက်မှာ ကျောထောက်နောက်ခံ ပါလာတဲ့ ဥရောရှား တပ်မတော်ကြီး၊ ဒါတွေဟာ လူထုရဲ့ သည်းခံနိုင်တဲ့ ရေမှတ်ကို ကျော်လာပြီ ဖြစ်သည်။ ဦးရွှေပယင်း ဟာ ‘ဥရောရှား နိုင်ငံ’ နဲ့ ‘အရှေ့အာရှ နိုင်ငံ’ ဒီတိုင်းပြည် နှစ်ခုထက်တောင် လူထုရဲ့ အမုန်းကို ထာဝရ
ခံယူရရှိသူကြီး ပေပဲ။ ပါးနပ်တဲ့ ‘ပါတီ’ အစိုးရ က ဦးဆောင်တဲ့ သမုဒ္ဒရာ ဗမာပြည်ဟာ ရန်သူတော် နှစ်နိုင်ငံလုံး နဲ့ တပြိုင်တည်း စစ်ဘယ်တော့မှ မဖြစ်။
ဥရောရှားနဲ့ စစ်ဖြစ်နေတဲ့ အချိန်မှာ ဆိုရင် အရှေ့ အာရှ နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားပြီး အရှေ့အာနဲ့ စစ်ဖြစ်နေချိန်တဲ့ အချိန်မှာဆို ဥရောရှားနဲ့
ဗမာပြည်ဟာ ငြိမ်းချမ်းရေး ရထားလေ့ ရှိပါတယ်။ ရွှေပယင်းကတော့ အချိန်တိုင်းမှာ အချိန်မလပ် ပြည်သူတွေနဲ့ ထာဝရ ကမ္ဘာ့ရန်ပါ။
သမုဒယ သမုဒ္ဒရာဗမာနိုင်ငံတော်မှာ လူတိုင်းလိုလို ဆိတ်သိုးကြီး ရွှေပယင်းကို မုန်းတီးကြသည်။ ထူးဆန်းသည်မှာ သည်လို လူထုတရပ်လုံးက မုန်းတီးနေပေမယ့်လည်း ရွှေပယင်း၏ လူထုအပေါ် သက်ရောက်သော သြဇာလွှမ်းမိုးမှုသည် ဘယ်တုန်းကမှ မကျဆင်းသွားခဲ့ပါ။ နေရာတိုင်း တနေ့ကို အခါတထောင်မက လမ်းဘေးပလက်ဖောင်းကအစ လူထုပန်းခြံအဆုံး တနိုင်ငံလုံးမှာ ကျင်းပတဲ့ လူထုဟောပြောပွဲများ၊ (ပါတီလက်အောက်ခံ-လွတ်လပ်သော) အရပ်ဘက်အဖွဲ့အစည်း အသီးသီးရဲ့ ထုတ်ပြန်ကြေငြာချက်များ၊ စောင့်ကြည့်မှန်ပြင်က ထုတ်လွှင့်တဲ့
သတင်းတွေ၊ တနိုင်ငံလုံး မှာ ထုတ်ဝေဖြန့်ချိသမျှ သတင်းစာ ဂျာနယ် စာအုပ် အားလုံးမှာ ‘လူထုဘုံရန်သူကြီး’ ရဲ့ သီအိုရီတွေဟာ ပယ်ချခံရ၊ ဆွဲစုတ်ခံရ၊
လှောင်ပြောင်ရှုတ်ချခံရ၊ မြောင်းထဲ အမှိုက်ပုံးထဲ ကျုံးထည့်ခံရနဲ့ ဆိတ်သိုးကောင်ကြီးဟာ အခြေအနေ ဘယ်ခါမှ လှတယ်ရယ်လို့ မရှိပါဘူး –
သို့ပေငြားသော်လည်းပဲ ရွှေပယင်းကြီးဟာ သမုဒ္ဒရာဗမာပြည်ရဲ့ နိုင်ငံရေး စင်မြင့်ပေါ်ကနေ ရွှေ့လျောကျလာရယ်တယ်လို့ ဘယ်ခါမှ မရှိခဲ့။ မည်သည့်
အချိန်အခါမှာမဆို ဆိတ်သိုးကြီးက အသစ်စက်စက် ဂျင်းထည့်လို့ရမယ့် အချဉ်ကျပ်ချွတ် ကလေးတွေရဲ့ မျိုးဆက်ဟာ ပြတ်တောက်သွားတယ် ရယ်လို့
မရှိပါ။ သမုဒ္ဒရာဗမာပြည်ရဲ့ တနေ့တာဟာ တာယုရွှေပယင်း က ကြီးကြပ်စေလွှတ်ထားတဲ့ လျှို့ဝှက်သူလျှိုတွေ၊ အဖျက်သမားတွေကို
မျိုးစောင့်ဒဿနစောင့် အထူးရဲတပ်ဖွဲ့ဝင်တွေက ဖော်ထုတ်ဖမ်းဆီးမိခြင်း မရှိဘဲ ကုန်လွန်သွားခဲ့ရယ်တယ်လို့ မရှိသေးပါ။
ရွှေပယင်းဟာ တစ္ဆေလို ကိုယ်ပျောက်ခြောက်လှန့်နေတဲ့ ရန်သူ တပ်ပေါင်းစုကြီးရဲ့ စစ်သေနာပတိချုပ်ကြီး၊ နိုင်ငံတော်မျိုးဆက်ကို အစဉ်တစိုက်
လုပ်ကြံနေတဲ့ ပြည်တွင်းပြည်ပ မြေအောက်အဖျက်သမား ကွန်ရက်တွေရဲ့ ဦးခေါင်းကြီး ။ သူ့ အဖွဲ့ရဲ့ နာမည်ကိုက ကြည့်လိုက်စမ်း၊ ကမ္ဘာလောကကြီး
တခုလုံးကို လွှမ်းမိုးနိုင်ဖို့ လုပ်ကြံနေတဲ့ အကြံအစည်ကို ဗြောင်ဖော်ပြထားတဲ့ နာမည် – ‘လူသားအားလုံး တကမ္ဘာလုံး ညီရင်းအစ်ကိုများ သမဂ္ဂ’ တဲ့၊
ပက်စက်တဲ့ အကြံ၊ ငါတို့ရဲ့ မျိုးကောင်းမျိုးသန့် ဗမာမတွေကို တကမ္ဘာလုံးမှာ ရှိသမျှ လူတကာနဲ့ မျိုးစပ်ပေးဖို့ ဆိတ်ကြံကြံ နေတဲ့ စောက်ထီးကြီး။
ဒါ့အပြင် ကောလာဟလတွေလည်း ပျံ့လွင့်လာတတ်သည်မှာ တာယုရွှေပလင်းဟာ ‘ကျမ်း’ ကို စီရင်ထားတယ် ဆိုပဲ။ ဗမာ လူ့ဘောင်သမိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သမျှ ဖောက်ပြန်လွဲမှားတဲ့ အယူအဆတွေကို စုစည်းထားတဲ့ စာအုပ် ဆိုပဲ။ ‘ကျမ်း’ စာအုပ်တအုပ်ကို မည်သည့် သီးသန့်နာမည်နဲ့ မှ သမုဒ္ဒရာနိုင်ငံသားတွေ ခေါ်စရာ မလိုဘူးလို့ ဘာသာစောင့်စကားသစ် အဘိဓာန် တည်းဖြတ်စောင် တစောင်စောင်မှာ
ကိုကျောက်ညို ဖတ်ရှုမှတ်သားခဲ့ဖူးပါသည်။
လိမ်လည်လှည့်ဖြားတဲ့ သြဝါဒတွေ၊ မိုက်မဲဖောက်ပြန်တဲ့ (မျိုးစောင့်မှတခြားဒဿန) တွေ၊ ခေတ်မမီ အသုံးမဝင်တော့တဲ့ (ရှေးဟောင်း အောက်တန်းစား ဗမာမိဘပြည်သူ) တို့၏ အယူအဆတွေ စသည်တို့ကို စုစည်း ရေးထားသော (ယဉ်ကျေးရိုင်းစိုင်း၊ လွတ်လပ်ပျက်စီး)သော စာအုပ်ဟူသမျှကို ‘ကျမ်း’ လို့ခေါ်သည်’
မောင်ကျောက်ညို ပြန်မြင်ယောင်လာတာက သူငယ်စဉ်အခါမှာ ဗမာပြည်တဝှမ်းလုံး မြို့နယ်အလိုက် ကျင်းပခဲ့သော ‘ကျမ်းဖျက်ဆီးပွဲ’ များ။
ဖောက်ပြန်ရေးသမားတွေ ဖြစ်တဲ့ လယ်တီဦးပဏ္ဍိတ၊ ရှင်ဇနကာဘိဝံသ၊ ဦးရွှေအောင် စသူတို့ရဲ့ ဗုဒ္ဓဝါဒကို မဟုတ်တရုတ် လုပ်ကြံပြင်ဆင်ရေးသားထားတဲ့ စာအုပ်တွေ၊ ရွှေပယင်းဂိုဏ်းရဲ့ သြဇာခံ ဥရောရှားဘာသာရေးပညာရှင်တွေ ဆဋ္ဌမ အကြိမ်မြောက် လုပ်ကြံရေးသား တည်းဖြတ်ခဲ့တယ်ဆိုတဲ့ သင်္ဂါယနာတင်ပိဋကတ်ဆိုတဲ့ နာမည်နဲ့ စာအုပ်ဝါဝါကြီးတွေ၊ စာရေးသူကိုယ်တိုင် သူ့ကိုယ်သူ ‘စိတ်မနှံ့သူ ညိုထွန်း’ ဆိုပြီး မျက်နှာဖုံးမှာ ဝန်ခံထားတဲ့ ‘နှစ်ထောင့်ရှစ်ဆယ့်လေး’ ဆိုတဲ့ စစ်အာဏာရှင်ဝါဒဖြန့် ကာကီရောင်စာအုပ်တွေကို ရန်ကုန်မြို့လယ်ခေါင်က ဆူးလေစေတီ အဝိုင်းကြီးမှာ အပျော်တမ်း ကင်းထောက်လူငယ်တွေက မြို့လုံးကျွတ် မီးပုံရှို့ပြီး ဖျက်ဆီးနေပုံ။ ဒါဟာ ညုကလီးယား ဗုံးကြီး ရန်ကုန်မြေပေါ် အကျဲခံရ ၊ တိမ်လိပ်မည်းကြီးတွေ ထိုးတက်လာပြီးမှ ဖြစ်တာလား၊ ဒါ့မတိုင်ခင် ကတည်းက ဖြစ်တာလားဆိုတာကိုတော့ ကိုကျောက်ညို မမှတ်မိတော့။ သေချာတာက ‘ကျမ်း’ ဆိုတာ
လက်ရှိခေတ်စနစ်နဲ့ မညီ၊ အသုံးမဝင်တော့တဲ့ စာအုပ်တွေ၊ မျိုးဆက်ကို အဆိပ်အတောက် ဖြစ်စေတဲ့ အတွေးအခေါ်တွေကို စုစည်းထားတဲ့ စာအုပ်တွေ၊ အဲသလို စာအုပ်အမျိုးစားအားလုံးကို ခေါ်သည်။ ရွှေပယင်း ရဲ့ ဘာမှ အဓိပ္ဗာယ်မရှိတဲ့၊ မိုးလုံးပြည့် ကောလာဟလတွေကို စုစည်းထားတဲ့ စာအုပ်ကိုလည်း ဘာနာမည်မှ အထူးတလည် တပ်နေစရာမလို ၊ ‘ကျမ်းကြီး’ လို့ ခေါ်သည်။ ရန်သူကြီးရဲ့ အာပွားကြီးတွေဆိုတော့ ကျမ်းကြီး ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ‘ပါတီဝင်’တွေဟာ အချင်းချင်း စကားပြောတဲ့နေရာမှာ လူဆိုးကြီး တာယုရွှေပယင်း ရဲ့ လက်ကိုင်စာအုပ် ‘ကျမ်းကြီး’ နဲ့ သူ့ရဲ့ လက်ကိုင်လူဆိုးအဖွဲ့ ‘လူသားအားလုံး ညီရင်းအစ်ကိုများ သမဂ္ဂကြီး’ အကြောင်းကို မပြောဆိုမိလေအောင် ရှောင်နိုင်သလောက် ရှောင်ကြပါတယ်။
‘နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ’ ဟာ ဒုတိယမြောက် မိနစ်မှာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရတော့။ လူတွေဟာ လှိုင်းလုံးကြီးကြွလာသလို ထလာလိုက်၊
ပြန်ထိုင်လိုက်၊ တီဗွီကနေ တပဲပဲနဲ့ ထွက်နေတဲ့ ရွှေပယင်းရဲ့ ဆိတ်သိုးသံကို လူထုဟာ သူတို့ရဲ့ စုပေါင်းဝုန်းဒိုင်း အသံပင်လယ်ကြီးထဲမှာ
နစ်မြုပ်သွားအောင် သံကုန်ဖြဲပြီး အော်ဟစ်လိုက်နဲ့ ပိုရမ်းလာပါတော့သည်။ သဲဖြုရောင်ဆံရှင် အမကြီးဟာ ရေထဲက ငါးကို ကုန်းပေါ်တင်လိုက်သလို
ဖျတ်ဖျတ်လူးခါနေပြီး စိတ်ဆိုးနေလိုက်သမှ သူ့မျက်နှာတခုလုံး ပန်းရောင်တွတ်တွတ် ရဲသမ်းနေတော့သည်။ ဦးထင်ဂီရိ ရဲ့ မျက်နှာကြမ်းကြီးကလည်း စိတ်ပူဒေါသတွေ ထိုးတက်လာတာဟာဖြင့် ပြောင်းဖူးဖုတ်ရင်း အားကောင်းလာတဲ့ မီးကျီးခဲလို နီတာရဲလို့။ သူ့နောက်က ဆံပင်ဂုတ်ဝဲ ညှင်းပြောက်ကွက်ကလေးတွေနဲ့ ကလေးမဟာ ‘ဝက်၊ ဝက်’ လို့ စတင်အော်ဟစ်လိုက်ပြီး ကောင်မစိတ်ဆတ်ကလေးဟာ ဘယ်က ရလာမှန်းမသိတဲ့ ‘ဘာသာစောင့် စကားသစ်အဘိဓာန်’ စာအုပ်ထူထူကြီးနဲ့ တီဗွီမှန်သားပြင်ပေါ်ကို ပေါက်ထည့်ပစ်လိုက်သည်။ ရွှေပယင်းနဲ့ နှာခေါင်းတည့်တည့်ကို ထိမှန်ပြီး ပြုတ်ကျသွားပေမယ့် ဆိတ်သိုးသံကြီးက မရပ်သွားပါဘူး။
ကောင်မလေး ပေါက်လိုက်တဲ့ စာအုပ် မှန်သားပြင်ကိုထိမှန်ပြီး ပြုတ်ကျသွားတဲ့ အခါ ကိုကျောက်ညိုဟာ နေခင်းကြောင်တောင် မျှောပါနေတဲ့
သူ့အိပ်မက်က လှုပ်နိုးခံလိုက်ရပြီး သူလည်း တခြားသူတွေနဲ့ အတူ သံကုန်ဖြဲပြီး လိုက်လံအော်ဟစ် ၊ သူ့ဖနောင့်နဲ့ ဖင်ထိုင်ခုံက
အောက်ခြေသစ်သားတန်းကို တဝုန်းဝုန်း တဒုန်းဒုန်းနဲ့ ကန်ကျောက်ပစ်နေမိတော့သည်။
‘မုန်းလိုက်သမှမုန်း’ အမုန်းပွဲ၏ ထူးခြားချက်ကတော့ တဦးတယောက်ဟာ တမင်ကလာ ‘လုပ်မုန်း’ ပြနေစရာ မလိုပါဘူး။ သည်လို စိတ်ကြိုက်မုန်းခွင့်ရတဲ့
တရားဝင် စုဝေးပွဲကိုက မည်သူမည်ဝါကိုမဆို ပါဝင်မနွဲဘဲ မနေနိုင်အောင် ဆွဲဆောင်တတ်တဲ့ သဘောသဘာဝ ရှိပါသည်။ စက္ကန့်သုံးဆယ် အတွင်းမှာ
လူသားဟာ သူ့ရဲ့ ဖြစ်တည်မှု ကို အရင်းကတည်းက တလျှောက်လုံး မကျေနပ်နိုင်ခဲ့တဲ့ အတွင်းသဘာဝကို ထပ်မံ မကွယ်ဝှက်ထားနိုင်တော့ ပါဘူး
(existentialism) ။ [ဘဝရဲ့ဖြစ်တည်မှု အနှစ်ရည်ရွယ်ချက် ဘာညာဆိုတာဟာ နောက်ကျမှ ကျွန်တော်တို့တတွေ ကိုယ့်ကိုကိုယ် ‘ညာဖို့’ စွပ်လိုက်တဲ့ မျက်နှာဖုံးတွေပါ (Existence precedes essence) ။ ငါဟာ ‘ဘယ်သူဘယ်ဝါ’ လို့ ဘဝကို ကျေနပ်နှစ်သိမ့်ဖို့ ကျွန်တော်တို့ ကြိုးစားရေးဆွဲနေတဲ့ မျက်နှာဖုံးတွေ၊ စိုက်ထူဖို့ ကြိုးစားနေတဲ့ သမိုင်းမှတ်တိုင်တွေရဲ့ ရှေ့က ရှေ့ဦးအရင်လာတဲ့ တကယ့် ဖြစ်တည်မှုသဘော (ပထမဦးဆုံး သစ္စာ) မှာ ‘ပုဂ္ဂိုလ်၊ ငါ၊ သီးသန့် တစုံတဦး’ ဆိုတာတွေဟာ ဖျောက်ဆိတ်ကင်းမဲ့၊ ထူးခြားကွဲပြားသော အနှစ်သဘာဝတခုရယ်လို့ မရှိ၊ တကယ်က ဂုဏ်ရှိန်ဂုဏ်ဝါ စတဲ့ ဘဝလက္ခဏာ မျက်နှာဖုံးတွေ နောက်ကွယ်က ကျွန်တော်တို့အားလုံးရဲ့ ဖြစ်တည်မှုတိုင်းဟာ ကြယ်လေးဖျောက်ဆိတ်တွေနောက်က အာကာသကောင်းကင်ပြင်ကြီးလို
ဟာလာဟင်းလင်း empty ဖြစ်လို့ နေပါတယ်။
(ဆက်လက်ဖော်ပြပါအုံးမယ်)
ညိုထွန်း
No comments:
Post a Comment