စစ်အာဏာရှင် ဗိုလ်နေဝင်း လက်ထက်မှာ နိုင်ငံရေးနဲ့ပတ်သက်သူတွေကို ကိုကိုးကျွန်းကိုပို့ ကျွန်းမှာပဲအပြီးထားဖို့ လုပ်ခဲ့တယ်။ ၁၉၇၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျွန်းပို့တဲ့စနစ်ဖျက်သိမ်းရေးအတွက် အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ခဲ့တဲ့အတွက် နိုင်ငံရေးသမား ၈ ဦး ကျဆုံးခဲ့ရပါတယ်။ နောက်ဆုံးမှာ အာဏာရှင်ဘက်က ကျွန်းစနစ်ဖျက်သိမ်းပေးလိုက်ရတဲ့အထိ အောင်ပွဲရခဲ့တယ်။ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့အထိမ်းအမှတ်အနေနဲ့ ဒေါင်းအိုးဝေ စာစောင်မှာ ဆရာဦတင့်ဇော် ရေးခဲ့တဲ့ “ကျွန်းအတိတ်အရိပ်ပမာ” သမိုင်းပုံရိပ်များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
.....................
ကျွန်းအတိတ်အရိပ်ပမာ … အပိုင်း (၁)
ကမ်းတက် ရေယာဉ်သည် ကမ်းခြေဆီသို့ တဖြည်းဖြည်းချဉ်းကပ်နေ၏။ ကျောက်ဆောင်ပေါများသော ကမ်းခြေဖြစ်သဖြင့် ရေယာဉ်မှူး ဗိုလ်မှူးနှင့်ရေယာဉ် အမှုထမ်းအရာရှိ အကြပ်တပ်သားတို့မှာ သတိကြီးစွာထားကာ မောင်းနှင်နေရသည်။ တုံးတိတိနိုင်လှသော ရေယာဉ်၏ဦးဖျားတွင် တပ်သားနှစ်ယောက်တို့သည် ရေနက်တိုင်းပေကြိုး တခွေဖြင့် အလှုပ်ရှုပ်နေကြ၏။ သူတို့သည်
ချိန်သီးတပ်ထား သော ပေကြိုးတချောင်းဖြင့် ရေအနက်တိုင်းကာ ရေယာဉ်မှူး ဗိုလ်မှူးအား အဆက်မပြတ် အစီရင်ခံနေကြ၏။
ကျနော်တို့သည် ရေတပ်သားများ ထောင်ဝါဒါများကို ဂရုမစိုက်အား ဤကမ်းတက်ရေယာဉ်ပေါ်တွင်မှ ပြန်ဆုံစည်းမိကြသော ကာလကြာမြင့်စွာ ကွဲကွာနေသော သူငယ်ချင်းမိတ်ဆွေများကို လိုက်လံနှုတ်ဆက်ကြရင်း ရှုပ်ရှပ်ခတ်နေကြသည်၊ အသံပလံများ ဆူညံနေသည်။ ထိုစဉ် ရေယာဉ်ဦးပိုင်းတွင် လိုက်ပါလာသော တင်းဝင်း ဆိုသည့် ထောင်ကြပ်က ကျနော်တို့ အားလုံး ငြိမ်ငြိမ်နေကြရန် သတိပေးလိုက်၏ သူ သတိပေးပုံမှာ ညင်သာလှသည် သူ့လက်ထဲမှ ကမ္ဘာစစ်လက်ကျန် အမေရိကန် ရိုင်ဖယ်သေနတ်ကို မိုးပေါ်သို့ထောင်၍ ပစ်ဖောက်သတိပေးလိုက်ခြင်း ဖြစ်သည်။ ကျနော်တို့၏ မျက်လုံးအစုံများ သေနတ်သံကြားရာသို့ ကြည့်မိကြသောအခါ မျက်နှာ နီရဲလျက် ကျနော်တို့အား စားတော့ဝါးတော့မလို ကြည့်နေသော ဒေါသကုမ္မာရ တင်ဝင်း၏ ကြက်သရေမင်္ဂလာ ကင်းမဲ့သော မျက်နှာကို စိတ်ပျက်ဖွယ်ရာ တွေ့ကြရသည်။
“ခင်ဗျာတို့အားလုံး ငြိမ်ငြိမ်နေ မနေရင် ဒုက္ခများသွားမယ်” သူကကြိမ်းမောင်းလိုက်၏ မိုက်ရိုင်းစွာဟု ဆိုသော်လည်း သူတို့ ပါးကွက်အာဏာသားတွေက ခင်ဗျာတို့ဆိုသော စကားလုံးကို သုံးနှုန်းခြင်းမှာ တစုံတရာ ယဉ်ကျေးသော စကားလုံးဟုဆိုရပါမည် အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တနှစ်ခန့်အတွင်း ကျနော်တို့ အပေါ်တွင် ဤပါးကွက်သားတွေ ခေါ်ဝေါ်သုံးနှုံးပုံမှာ
“ဟေ့ကောင်တွေ”
“မင်းတို့”
စသော ရင့်သီးသော စကားလုံးများမှအစ
“မအေတွေ”
“နှမတွေ”
စသော အရင့်သီး အရိုင်းပြဆုံး စကားလုံးများကိုသာ သုံးနှုန်းနေခဲ့ကြခြင်း ကြောင့်ဖြစ်ပါသည်။ ကျနော်တို့အားလုံး တင်ဝင်းအား ဒေါသထွက်ကြသည်။
“အကိုကြီး သတိထားနော် ဘာပြဿနာတွေ ဖြစ်နေမှန်းမသိဘူး” ကျနော့်အား ကျနော့်ညာဘတ်ဘေးတွင်ထိုင်နေသော ဝဝတုတ်တုတ် တရုပ်ကလေးက တိုးတိုးလေးသတိပေး၏။ ကျနော်နှင့် ထိုတရုတ်ကလေးကို တခါမျှ မြင်တွေ့ဖူးကြသူများ မဟုတ်ကြသော်လည်း ဘဝတူဆိုသောအသိတရာက ကျနော်တို့ ရင်းနှီးမှုကို စက္ကန့်မဆိုင်း ဖန်တီးပေးခဲ့ပြီး ဖြစ်ပါသည်။
“ဘာပြဿနာ ဖြစ်လို့လဲ”
ကျနော်တိုးတိုးလေး ပြန်မေးလိုက်၏ ။
“မသိဘူးလေ အော်နေတာ ခင်ဗျာ မကြားဘူးလား ပြဿနာပါ ဗိုလ်မှူးဆိုပြီး ဟိုအရှေ့ပိုင်းက အော်နေတာလေ”
ကျနော်သည် အားပါးတရ မရယ်မိအောင် မနည်းထိမ်းထားလိုက်ရ၏။ ကမ်းတက်ရေယာဉ် ဦးပိုင်းတွင် ရေအနက်တိုင်းသည့် ရေတပ် သားနှစ်ယောက်အနက် တယောက်ကချိန်သီးပေကြိုးဖြင့် တိုင်းတာ၍ရသော ရေအနက်ကိုကြည့်ပြီး
“၈ ပေ ဗိုလ်မှူး ခွန်နှစ်ပေခွဲဗိုလ်မှူး”
စသည်ဖြင့် ရေယာဉ်မှူး ကြားလောက်အောင် အော်၍အစီရင်ခံနေ၏။ ထိုအသံကို ကျနော့မိတ်ဆွေ တရုတ်ကလေးက နားကြားလွဲကာ စိုးရိမ်နေခြင်းဖြစ်သည်။
“ခြောက်ပေ ဗိုလ်မှူး”
ရေတိမ်လာသည်နှင့်အမျှ ရေယာဉ်၏ရွေ္ပ့နှုန်းမှာ ပို၍နှေးကွေးလာခဲ့သည် ခြောက်ပေဟုအော်ပြီးနောက် ရှေ့သို့အတန်ငယ် ဆက်သွားပြီးသောအခါ ရေယာဉ်မှာ တဖြည်းဖြည်းရပ်သွားကာ ဦးပိုင်း၌ မတင်ထားသော ကမ်းတက်တံတားရှင်ကို ရှေ့သို့ပြေပြေလေး ချထားပေးလိုက်၏။ အားလုံးအသင့်ပြင် ထောင်မှူးတယောက်ကအော်ဟစ် သတိပေးသဖြင့် ကျနော်တို့အထုပ်ကိုယ်စီဖြင့် အသင့်ပြင်ထားကြ ၏ “ရှေ့ဆုံးကကိုယ့်အထုပ်ကိုယူပြီး စဆင်း” ရေယာဉ်ဦးပိုင်းရှိ လူများထဲမှ နှစ်ယောက်သည် မိမိတို့အထုပ်ကိုယ်စီကိုင်ကာ ခုန်ဆင်းလိုက်ကြ၏ နှစ်ယောက်လုံး ရေထဲသို့ စုန်းစုန်း မြှုပ်သွားတော့သည်။ ပင်လယ်အောက်ခြေ ကြမ်းပြင်မှာ ကျောက်သားများဖြစ်သဖြင့် မညီမညာရှိလှသည်။ ၎င်းတို့ဆင်းခိုင်းသော နေရာမှာ ရေအနက် ၆ ပေကျော်နေခြင်းကြောင့် ဤကဲ့သို့ စုန်းစုန်းမြုပ်သွားကြခြင်းဖြစ်သည် ကံကောင်းထောက်မ၍ နှစ်ယောက်လုံး ရေကူးတတ်သူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် မိမိတို့အထုပ်ကလေးများကို လွှတ်ချလိုက်ကာ ရေကူးကြရသည်။ ရေယာဉ်တံတားထိပ်တွင်ရှိနေသော ကျန်လူများက ရေတွင်ပေါလောပေါ်နေသော အထုပ်များကိုလှမ်းဆွဲပေးကြသည်။ ရေကူးနေသူများထံသို့လည်း လက်လှမ်းပေးသူက လှမ်းပေးကြသည်။ နှစ်ယောက်လုံးရေယာဉ်ပေါ်သို့ ပြန်ရောက်လာသောအခါ ရေယာဉ်မှူးသည် ရေယာဉ်ကို ရှေ့သို့ဆက်မောင်းရန် အမိန်ပေးရပြန်သည်။
“ ၆-ပေခွဲဗိုလ်မှူး ”
“ ၆-ပေဗိုလ်မှူး ”
“ ၄-ပေဗိုလ်မှူး ”
ရေအနက်တိုင်းသူတို့က ရေယာဉ်ရှေ့သို့ ပေအနည်းငယ် ရွေ့တိုင်းရေအနက်ကိုတိုင်းကာ အော်ဟစ်အစီရင်ခံကြသည်။ အနက်ပေ ၄ ပေခွဲသို့ရောက်သောအခါတွင် ရေယာဉ်ကိုလုံးဝရပ်တန့်ပစ်လိုက်ပြီး ကျနော်တို့အားခုန်ဆင်းရန် အမိန့်ပေးပြန်သည်။ ရေအနက်မှာ ၄-ပေမှ ၅-ပေအတွင်းရှိသဖြင့် ဤအခါတွင် မည်သူမျှ ရေမနစ်တော့။ သို့သော် အရပ်ပုသူများမှာ ခေါင်းကိုအတင်းမော့ထားကြရသည်။ ကျနော်သည် ကျနော့်လက်ဆွဲအိတ်ကိုဆွဲကာ ရှေ့မှသွားနေသူတဦး၏ နောက်မှလျှောက်လိုက်လာခဲ့၏။ လက်ဆွဲအိတ်ထဲတွင် ပစ္စည်းများများစားစာမပါ။ မျက်နှာသုတ်ပဝါတထည် လုံချည်တပတ်နွမ်းတထည်နှင့် မနေ့ညက ပြည်တော်ညွန့် သင်္ဘောပေါ်တွင် ထုပ်ပေးထားသော ဝတ်ဖြူစင်ကြယ် အင်္ကျီလုံချည်တစုံတို့သာဖြစ်သဖြင့် အိတ်မှာမလေးလှ တကိုယ်လုံးရေစိုမည်ဖြစ်သဖြင့် ကျနော်သည်ဝတ်ထားသော အနွေးထည်ကိုချွတ်ခါ အိတ်ထဲသို့ထည့်လိုက်သည်။ အိတ်မှာမလေးလှဟုဆိုသော်လည်း ကျနော်သည်လွန်ခဲ့သော ၉-လ ကျော်ကတကိုယ်လုံး စုတ်ပြတ်သက်အောင် သေလုမျောပါး နှိပ်စက်ခံခဲရကာ ယခုခရီးကို စတင်ခြင်းမပြုမီ အချိန်ထိ ပထမတွင် အင်းစိန်ထောင်မကြီး၏ ကြိုးတိုက်ထဲ၌။ ထို့နောက်တွင် အင်းစိန်တွဲဘတ် အကျဉ်းထောင် အဆောင်-၂ အောက်ထပ်၌ ပိတ်လှောင်ထားခြင်းခံခဲ့ရသည်။ အင်အားချိနဲ့နေဆဲပင်ရှိသေးသည်။ ထို့ကြောင့် ဤမျှပေါ့ပါးသော အိတ်ကိုဆွဲကာလမ်း လျှောက်ရခြင်းသည်ပင် ကျနော့် အဖို့ခတ်ခဲပင်ပန်းသော အလုပ်တခုဖြစ်နေသည်။ ကျနော် ရေထဲသို့ခုန်ဆင်းလိုက်သောအခါ ရေလုံသောပလပ်စတိတ် လက်ဆွဲအိပ်သည် လည်ပင်းထိနစ်နေသော ရေထဲ၌ လမ်းလျှောက်ရာတွင် အကူအညီပင်ရနေသေးသည်။
သို့သော် လှိုင်းပုတ်ရာသို့ လက်ဆွဲအိတ်ပါမသွား စေရန်ကိုမူ အတော်ပင် သတိထားရသည်။ အများစုမှာ လက်ဆွဲအိတ်ဟူ၍ မပါသဖြင့် ပါသမျှအားလုံးစိုရွှဲကုန်သည်။ ကမ်းခြေသဲသောင်ပေါ်သို့ လှမ်းတက်မိကြသော အခါ ကျနော်တို့အားလုံး ရှစ်ယောက်တတွဲ တန်းစီ၍ မြောက်အရပ်သို့ မျက်နှာမူ၍ ရပ်နေကြရသည်။ ကျနော်တို့သည် ကိုယ်စီ အထုပ်ကလေးများကို ကိုယ်ရှေ့ရှိ သဲသောင်ပြင်ပေါ်မှာပင် ချထားကြ၏။ ထိုနေရာတွင် ပင်လယ်ကမ်းခြေသည် တောင်မှမြောက်သို့ တန်းနေသည်။ ထို့ကြောင်တန်းစီ ရပ်နေကြသော ကျနော်တို့ ၏ လက်ဝဲဘတ်တွင် အဆုံးစမမြင်ရသော ပင်လယ်သမုဒ္ဒရာ၏ အစဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်ကြီး ရှိနေသည်။ လက်ယာဘတ်တွင်မူ သဲသောင်ပြင်သည် ခပ်ပြေပြေလေး မြင့်တက်သွားကာ အုန်းပင်တန်းများ ခြုံနွယ်ပိတ်ပေါင်းများနှင့် စပ်လျက်ရှိသည်။ ထိုစဉ် အကျဉ်းဦးစီး ဌာနညွှန်ချုပ်ဖြစ်သော ဒုတိယဗိုလ်မှူးကြီး ထွန်းရင်လောသည် ထောင်ပိုင်ထောင်မှူး ဝါဒါများနှင့် တပ်ဗိုလ်တပ်သား အ ပေါင်းခြံရံလျက် ကျနော်တို့နှင့်မျက်နှာချင်းဆိုင်လာရပ်၏။ သူသည် ကျနော်တို့အား မိန့်ခွန်းတော်ကြီးချွေရန် ပြင်ဆင်ခြင်းဖြစ်၏။ သို့သော် ကျနော်တို့နိုင်ငံရေး အကျဉ်းသားအားလုံး (၂၃၃) ယောက်ရှိကာ ရှစ်ယောက်တတွဲ စီရပ်နေသဖြင့် အတန်းပေါင်း (၂၈) တန်းရှိကာ တန်းရှည်ကြီးဖြစ်နေသည်။ နောက်တန်းများမှာ ဦးထွန်းရင်လောနှင့်ဝေးကွာလွန်းနေသဖြင့် ဒီအတိုင်း မိန့်ခွန်းချွေဖို့ အဆင်မပြေ။ ထို့ကြောင့်သူသည် သဲသောင်အမြင့်ပိုင်းမှ မိန့်ခွန်းချွေ၍ အဆင်ပြေစေရန် စစ်ဗိုလ်ပီပီ စစ်မိန့်ပေးလိုက်၏။
ကျနော်တို့ အထဲမှာ အနည်းအကျဉ်းကလွဲ၍ အားလုံးအရပ်သားများ ဖြစ်ကြသော်လည်း ဤမျှကိုတော့နားလည်ကြသည်။ ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ် အကျဉ်းဦးစီးဌာနညွှန်ချုပ်လည်း ဖြစ်သော ဦးထွန်းရင်လောသည် အမိန့်ဆက်ပေးပြန်သည်။
“ရဲဘော်တို့ ဗယ်လှည့်”
ဤသို့အမိန့်ပေးပြီးသည်နှင့် သူသည်ကုန်းမြင့်ပိုင်းသို့ လျှောက်သွားပြီးရပ်လိုက်၏။ ဦးထွန်းရင်လော၏ အမိန့်အတိုင်း ကျနော်တို့ ဗယ် ဘတ်သို့လှည့်လိုက်ကြသောအခါ ကျနော်တို့သည် အနောက်ဘတ်ရှိ အိန္ဒိယသမုဒ္ဒရာ ပင်လယ်ဆီသို့ မျက်နှာမူလျက်သားဖြစ်သွားကြသည်၏။ ကျနော်တို့သည် မိန့်ခွန်းချွေမည့် ဦးထွန်းရင်လောအားကျောခိုင်းလျက် ဖြစ်သွားသည် အားလုံးချုပ်တီးထားရချိန်တွင် တစုံတယောက်၏ ရယ်သံကို ကြားရသည်နှင့် အားလုံးတဟားဟား ဝိုင်းရယ်ကြတော့သည်။
“ကျနော်လှည့်ခိုင်းတာ ခင်ဗျာတို့ ဗယ်ဘတ်ကို မဟုတ်ဘူး ကျနော်ဘယ်ဘတ်ကို လှည့်ဖို့ပြောတာ”
ဦးထွန်းရင်လောသည် သူ့အမှားအတွက် အတော်ရှက်သွားပုံရသည် သို့သော် စစ်အာဏာရှင်ထိပ်သီးတို့၏ တပည့်ပီသစွာပင် သူမှားသည်ဟုဝန်မခံ ကျနော်တို့မှားသယောင် ဆက်ပြောနေ၏။ ထောင်ပိုင်ထောင်မှူးများက “ဗိုလ်ကြီးဘတ်သို့လှည့်ကြပါ” ဟု စစ်ဗိုလ်မ ဆန်သောအမိန့်ဖြင့် ဝိုင်းဝန်းဖာထေးပေးကြပြန်ရာ ကျနော်တို့သည် ဦးထွန်းရင်းလောရှိရာ ကုန်းတွင်းဘတ်ဆီသို့မျက်နှာမူရန် နောက်သို့ ပတ်ချာလှည့်လိုက်ကြရပြန်သည်။ ကျနော်သည် ဦးထွန်ရင်လော၏ မျက်နှာကို သေသေချာချာ ကြည့်မိ၏။ သူသည် ရှမ်းပြည်မှ ပအိုဝ့်အမျိုးသားတဦးဖြစ်ကာ အသားလတ်သည် စောစောကအမှားကြောင့်သူမျက်နှာမှာ နီရဲနေဆဲပင်ဖြစ်၏။ သူမျက်နှာကြည့်ရသည်မှာ ပင်ကိုယ်ရိုးသားပုံပေါ်သည်။ သို့သော် စစ်အာဏာရှင်တစု၏ တင်းကျပ်စွာချုပ်ကိုင်မှုကို ခံထားသော စစ်မှုထမ်းတို့၏ ထုံးစံအတိုင်း ကျနော်တို့အား တင်းမာသောလေသံဖြင့် မိန်ခွန်းစပြော၏။
“ဒီကနေ့ကစပြီး ခင်ဗျာတို့ ဒီကျွန်းစခန်းမှာ နေပြီးကျွန်းဖွံ့ဖြိုးရေးလုပ်ရမယ်။ အသေးစိတ်ကို ထောင်ပိုင်ကြီး ဦးထွန်းခင် ပြောပါလိမ့် မည်။ ခင်ဗျာတို့စားဖို့ ဟင်းသီဟင်းရွက် ကိုယ့်ဟာကိုစိုက်ရမယ်။ ပေါက်တူး၊ပေါက်ပြားတွေထုပ်ပေးမယ် အဲဒီလိုထုပ်ပေးတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးချင်ပြေးကြ။ ခင်ဗျာတို့ကို လူသားစားငမန်းကြီးတွေက စောင့်ကြိုနေကြလိမ့်မယ်။ ဒီမှာအားလုံးစည်းကမ်းကို တိတိကျကျလိုက်နာကြ။ ကျုပ်ပြောချင်တာ ဒါပါပဲ” ။
သူပြောပြီးသည်နှင့် ထောင်အာဏာပိုင်များက ကျနော်တို့ကို နှစ်ယောက်တတွဲ တန်းစီလျှောက်စေကာ ကျနော်တို့အားပိတ်လှောင်ထားမည့် ကျွန်းအကျဉ်းစခန်းစီသို့ ခေါ်ဆောင်လာခဲ့သည် ပထမအကြိမ် ကိုကိုးကျွန်းအကျဉ်းစခန်းမှာ ၁၉၅၉-၆၀ ခုနှစ်အတွင်း အိမ်စောင့်အစိုးရအမည်ခံ ဦးနေဝင်း၏ ပထမ အာဏာသိမ်းအစိုးရ လက်ထက်ကဖွင့်လှစ်ခဲ့သည်။ ထို ပထမ ကိုကိုးကျွန်း အကျဉ်းစခန်းသို့ လက်ဝဲသမားအများစုပါသော နိုင်ငံရေးအကျဉ်းသားများ ကျောင်းသားခေါင်းဆောင်များကို ပို့ခဲ့ဘူးသည် ရာသီဥတု ပြင်းထန်ဆိုးရွားမှုဒဏ်ကို အလူးအလဲခံကြရသည်။ ကျွန်းအကျဉ်းသားများ ကျန်မာရေးကိုတာဝန်ယူရသော ပန်ချာပီလူမျိုး ဒေါက်တာ ဆင်းသည်ပင်လျှင် စိတ်ကယောင်ချောက်ချားဖြစ်သွားသဖြင့် ရန်ကုန်သို့ပြန်ခေါ်ကာ တံတားလေးဆေးရုံးတွင် ဆေးဝါးကုသမှုခံယူရသည်။ ၁၉၆၀ ခု နှစ် မတ်လရွေးကောက်ပွဲတွင် ဦးနုခေါင်းဆောင်သော ပထစ အဖွဲ့အပြတ်သတ်အနိုင်ရသဖြင့် အစိုးရဖွဲ့ပြီးသောအခါ ကိုကိုးကျွန်း အကျဉ်းစခန်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဤအကျဉ်းစခန်းမှာ ဒုတိယအကြိမ်မြောက် ကိုကိုးကျွန်း အကျဉ်းစခန်းဖြစ်၍ ယခုတဖန်ကျွန်းအကျဉ်းစခန်းကို စစ်အာဏာရှင်တို့ ပြန် ဖွင့်ကြပြန်ပြီ ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် မကြုံဖူးသော ရက်စက်ယုတ်မာမှု ကဏ္ဍသစ်တခုကို စစ်အာဏာရှင်တို့ စတင်ဖွင့်လှစ်လိုက်ကြပြန်ပါပြီ ဤသည်မှာ နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသားများ၏ ပြတ်သားခိုင်မာသော စိတ်ဓာတ်ဖြင့် သတ္တိပြောင်စွာ တုန့်ပြန်တိုက်ပွဲဝင်ကြမည့် ကိုကိုးကျွန်းအကျဉ်းစခန်တွင် တိုက်ပွဲများ၏သမိုင်းကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ စစ်အာဏာရှင်တို့၏ လက်နက်အားကိုး ရက်စက်မှုကိုငုံ့မခံသော စွန့်လွှတ်မှုအပြည့်ရှိသော နိုင်ငံရေးသမားများနှင့် လူငယ်ကျောင်းသားတို့၏ သမိုင်းဝင်တိုက်ပွဲကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ကျနော်တို့ လူတန်းကြီးသည် ကိုကိုးကျွန်း အနောက်ဘတ်ကမ်းခြေမှ အကျဉ်းစခန်းရှိရာ အရှေ့ဘတ်ကမ်းခြေဆီသို့ မြေနီလမ်းအတိုင်းလျှောက်လာကြသော အချိန်တွင် တနေကုန်တနေခမ်း မာန်ဟုန်ပြင်းစွာ တောက်လောင်ခဲ့ သောနေမင်းသည် အင်အားကုန်ခန်းကာ အနောက်ဂေါယာဆီသို့် တရွေ့ရွေ့လျှောကျနေပြီဖြစ်သည်။ အပြောကျယ်လှသော ပင်လယ်သမုဒ္ဒရာ ရေပြင်ကြီး၏ ဝါးမြိုမှုကို ခံရလုဆဲဆဲ အချိန်ပင်ဖြစ်သည်။
ထိုနေ့မှာ ၁၉၆၉ ခုနှစ် ဖေဖဝါရီလ (၁၄) ရက်နေ့ဖြစ်၏ ။
ဆက်လက်ဖော်ပြပါမယ်။
ဒေါင်းအိုးဝေ ၊ အတွဲ (၃) အမှတ် (၁) ၊ ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၊ ဖေဖဝါရီလ
...................................................................................................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း ၂)
ကိုကိုးကျွန်းစုသည် ရန်ကုန်မှ အနောက်တောင်ဘတ် ကီလိုမီတာ ၄၂ဝ ခန့်ဝေး၍ အိန္ဒိယပိုင် ကပ္ပလီကျွန်းစုမှ ကီလိုမီိတာ ၁ဝဝ ခန့် ဝေး၏။ ကိုကိုးကျွန်းစုတွင် ကျွန် (၅) ကျွန်းပါဝင်သည်။ ကိုကိုးကြီး၊ ကိုကိုးလေး၊ ကြက်ကျွန်း၊ စားပွဲကျွန်းနှင့် ဂျယ်လီကျွန်းတို့ဖြစ်ပြီး ကို ကိုးကျွန်းမှာ အကြီးဆုံး ကျွန်းဖြစ်၏ တောင်နှင့်မြောက် (၁၂) ကီလိုကီတာ ခန့်ရှည်ပြီး အရှေ့အနောက် (၅) ကီလိုမီတာခန့်ကျယ်သည် ကျွန်းတခုလုံးတောင်ကုန်း တောင်ငယ်များပြည့်နှက်ကာ အပူပိုင်းသစ်တောထူထပ်စွာ ပေါက်ရောက်နေသည်။ မြေပြန့်နေရာတိုင်းတွင် အုန်းခင်းများအပြည့်ရှိသည်။ ကျနော်တို့အတွက် ဆောက်လုပ်ထားသော အမှတ် (၁) စခန်းမှာ ကျွန်း၏တောင်ဖက်စွန်းအနီး အရှေ့ ဘက် ကမ်းခြေတွင်ရှိသည်။ လူ ၂၀ စီ အိပ်၍ရသော အိပ်ဆောင် (၁၂) ဆောင်ကို (၆) ဆောင်စီခွဲကာ အရှေ့မှအနောက်သို့ တန်းစီ ၍ ပြိုင်လျက် ဆောက်လုပ်ထားသည်။ အဆောင်များ၏ အရှေ့ဘက်တွင် ထမင်းစားဆောင်ရှိသည်။ ထမင်းစားဆောင်မှာ တောင်မှ မြောက်သို့ မီတာ (၄၀) ခန့်ရှည်ကာ မှန်ပြူတင်းများနှင့် စနစ်တကျဆောက်ထားပြီး အစွန်းတဖက်စီတွင် စတိုခန်းတခုစီိနှင့် မီးဖိုများ ရှိသည်။ ဝင်းတခုလုံးကို သံဆူးကြိုးစည်းရိုးနှစ်ထပ် ဝန်းရံထားပြီး ထမင်းစားဆောင်နှင့် အိပ်ဆောင်များကို၎င်း၊ အိပ်ဆောင် ၆ ခုစီ အုပ်စုနှစ်ခုအကြားတွင် လည်ကောင်း၊ နှစ်ထပ်ဆူးကြိုး စည်းရိုးများဖြင့် ကာခြားထားသည်။ ဝင်းတခုလုံး၏ဂိတ်ပေါက်မှာ ဝင်း၏အ နောက်မြောက်ဘက် ထောင့်စွန်းနားတွင်ရှိသည်။
ကျနော်တို့သည် ဂိတ်ပေါက်မှ ဝင်ဝင်ချင်း တွေ့ရသောအဆောင်မှစ၍ အဆောင်များကို (၁) ဆောင်၊ (၂) ဆောင် စသည်ဖြင့် နာရီ လက်တံ အလှည့်အတိုင်း နံပါတ်တပ်လိုက်ကြသည်။ (၁) ဆောင်ကို ဆေးရုံဆောင်အဖြစ် ထားလိုက်ပြီး (၂) ဆောင်မှ (၁၂) ဆောင် အထိ ကျနော်တို့လူစုခွဲနေကြသည်။ ကိုကိုးကျွန်းသို့ အပို့ခံရသူအားလုံးလိုလိုမှာ လက်ဝဲ (သို့မဟုတ်) လက်ဝဲနှင့် နီးစပ်သူများချည်း သာဖြစ်သည်။ လက်ဝဲဆိုသော်လည်း (ဗကပ) ချည်းမဟုတ်၊ အလံနီနှင့်နီးစပ်သူ၊ ပြည်သူ့ရဲဘော် များနှင့်နီးစပ်သူလည်းရှိသည်။ ပမည တ (သို့) ဆိုရှယ်နီအဖြစ် လူသိများသော ဗမာပြည်အလုပ်သမား လယ်သမားပါတီနှင့် ဆက်စပ်သူလည်းပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အရ တပ်တွင်းရင်ဖွင့်ပွဲလုပ်သည်ဆိုကာ တပ်တွင်းတွင် ပွင့်ပွင့်လင်းလင်း ပြောခိုင်းသည်ကို တကယ်ထင်ပြီး အရာရှိ ဗျူရိုက ရက်များကို ဝေဖန်မိခဲ့ကြသော လေတပ်နှင့်ဆေးတပ်မှ ရဲဘော်များလည်း ပါဝင်သည်။
၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်စစ်တွေတွင် ဆန်ပြတ်သွားသဖြင့် အငတ်ဘေးကြုံရစဉ် ဆိပ်ကမ်းဂိုဒေါင်များမှ နိုင်ငံခြားသို့ပို့ရန် သင်္ဘော တင်နေသော ဆန်များကို အတင်းအဓမ္မသွားရောက်ယူကြသော ရခိုင်ပြည်သူ ထောင်ပေါင်းများစွာတို့၏ စစ်တွေဆန်တိုက်ပွဲ (၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တပ်မှ ပစ်ခတ်၍ ရခိုင်ပြည်သူ ၁ဝဝ ခန့် သေဆုံးခဲ့ရသည်) နှင့်ပက်သက်၍ ဖမ်းဆီးခံရသော ရခိုင်အမျိုးသားတစုလည်းပါသည်။ နာမည်ကြီး စာရေးဆရာများဖြစ်ကြသော ဗန်မော်တင်အောင်၊ မြသန်းတင့်၊ ကေတီ ဦးကျော်တင့်၊ ဝင်းဇော်၊ ဝါးခယ်မ တင်ရီ တို့လည်းပါကြသည်။ နိုင်ငံရေးနာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြသော ဒုတိယကမ္ဘာစစ်အတွင်းက မန်းဝင်းမောင် နှင့်အတူ လေထီးဆင်းခဲ့ဖူးသူ ဗိုလ်အုန်းမောင်၊ ဗမာပြည်တွင်း ကွန်မြူနစ်ပါတီ ထူထောင်သည်မှစ၍ ဗမာပြည်တွင်လုံးဝ အခြေချလာခဲ့ သော (ဗကပ) ဗဟိုကော်မတီဝင် ဟောင်းဖြစ်သူ ဆရာရာဂျန်၊ လူငယ်တပ်ဦး ဦးကျော်မြ၊ ပမညတ ဗိုလ်သန်းမြင့်၊ ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည် စောမောင်မောင်၊ ပြည်သူ့တိုးတက်ရေးပါတီမှ ဦးခင်မောင်မြင့်၊ ပြည်သူ့ရဲဘော် ဗိုလ်တင့်တယ်တို့လည်း ပါကြသည်။ လူငယ်ကျောင်းသား၊ အမှုထမ်း သမဂ္ဂတို့မှ ခေါင်းဆောင်တော်တော်များများ စသောကျောင်းသားများလည်း ပါလာကြသည်။
အများအားဖြင့် သူ့လူစုနှင့်သူ အမှုတွဲများဖြစ်ကြသည်။ ကျနော့်မှာမူ ကျောင်းသားတပ်ဦး ခေါင်းဆောင်ဟောင်း ကျောင်းဆရာတ ယောက်အဖြစ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကျောင်းဆရာလုပ်သက် (၅) နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း ထိုစဉ် ကျောင်းသားခေါင်းဆောင် များဖြစ်ကြသော တကသဥက္ကဋ္ဌ ကိုဗဆွေလေး ၊ ဗကသဥက္ကဋ္ဌ ကိုသက် ၊ အတွင်းရေးမှူး ကိုတင်ထွန်း၊ အမှုဆောင် ကိုစိန်ဝင်း နှင့် တ ကွ ခေါင်းဆောင်အများစုမှာ သူငယ်ချင်းများဖြစ်ကြသည်။ သူတို့တတွေသည် တက္ကသိုလ်စာမေးပွဲများကို ၂-နှစ်မှာတတန်း (သို့မ ဟုတ်) ၃နှစ်မှာတတန်း စသည်ဖြင့်ဖြေဆိုအောင်မြင်ကာ ကျောင်းသားအရေးကို မိမိပညာရေးထက် ဦးစားပေးကြသူများဖြစ်သည်။ ဤ သည်ကိုအကြောင်းပြု၍ ကျနော့်ကို စစ်ထောက်လှမ်းရေးမှ စောင့်ကြည့်ခံခဲ့ရသည်။
ဤအတွင်း ၁၉၆ဝ ပြည့်နှစ်၌ ကျနော်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံကောလိပ်တခု၌ ဌာနမှူး၊ အပြင်အဆောင်မှူးအဖြစ် ရော ထောက်ပံ့ကြေးက်ာမတီ အတွင်းရေးမှူးအဖြစ်နှင့်ပါ ပူးတွဲတာဝန်ယူရစဉ်က ကျောင်းအုပ်တဦးနှင့် ပြဿနာပေါ်ခဲ့သည်။ သူက တက္ကသိုလ်ထောက်ပံ့ကြေးများကို စာတော်သူများသို့ပေးရန်အဆိုပြုသည်။ ကျနော်ကမူ တက္ကသိုလ် အက်ဥပဒေပါအတိုင်း ဆင်းရဲ သော ကျောင်းသားများကိုသာရွေးရန် အဆိုပြုသည်။ သူက ကျောင်းအုပ်ကြီး အရှိန်အဝါသြဇာကိုသုံး၍ အဖွဲ့ဝင်ဌာနမှူးများအား သူ့အ ဆိုကိုထောက်ခံရန် အကြပ်ကိုင်သည်။ ကျနော်က ကျောင်းသားဘဝကပင် အသေးစိပ်လေ့လာထားသော တက္ကသိုလ်ပညာဆက် မ သင်နိုင်သူများ၊ အချို့ တက္ကသိုလ်တက်ပြီးမှ ထောက်ပံ့ကြေးမရ၍ စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို သတ်သေသွားသူများ စသည့် ရင် နင့်ဘွယ်ရာဖြစ်ရပ်များကို ပြောပြကာ လူမှုရေးအမြင်အရ ရှင်းပြစည်းရုံးသည်။ ထို့ကြောင့် ဌာနမှူးအများစုက ကျနော်အဆိုကို ထောက် ခံကြသောအခါ ကျောင်းအုပ်ကြီးသည် ကျနော့်အပေါ် ရာဇမာန်ရှလေတော့သည်။
ကျောင်းအုပ်ကြီးသည် ထိုစဉ်ကဝန်ကြီးချုပ် ဦးနုကို အသေအလဲထောက်ခံသူ ဖြစ်သဖြင့် ကျနော့်အား ကွန်မြူနစ်ဟု စွပ်စွဲကာ တက္က သိုလ်ကောင်စီသို့တိုင်သည်။ ကျနော်ကမူ ကိုယ့်လိပ်ပြာကိုယ်သန့်စွာဖြင့် တက္ကသိုလ်ကောင်စီဝင် ကျောင်းသား ကိုယ်စားလှယ်များမှ တဆင့် ပြန်တိုက်သည်။ တက္ကသိုလ်ကောင်စီဝင် ပထစ အမတ်များသည် အဖြစ်အပျက်ကိုလေ့လာကြပြီး ကျနော့် ရပ်တည်မှုမှန် ကြောင်း ထောက်ခံကြသည်။ ထို့ကြောင်း ကျနော် အပြစ်မရ၊ သို့သော် ရန်ကုန်တက္ကသိုလ်သို့ ပြန်ခေါ်ခြင်းခံခဲ့ရသည်။ ရန်ညှိုးကြီးလှ သော ကိုယ်ကျိုးရှာသမား ကျောင်းအုပ်ကြီးသည် သူကြည်ညိုထောက်ခံပါသည်ဆိုသော ဦးနု ကို ဖြုတ်ချ၍ တက်လာသော ဦးနေဝင်း ၏ မဆလ ကို ပြေးကပ်သည်။ တစုံတရာဆက်သွယ်မိသည်နှင့် ထောက်လှမ်းရေးကိုလက်တို့ကာ ကျနော့်အား ထောင်ထဲသို့ ပို့ လိုက်တော့သည်။ ယင်း ကျောက်အုပ်ကြီး ဆရာကြီးသည် မဆလ ခေတ်လယ်လောက်တွင် မဆလ ဝန်ကြီးတပါး ဖြစ်သွားသည်။
၁၉၆၃-ခုနှစ်တွင် ကျနော် အဖမ်းခံရသည်။ ဘာမှုမှမရှိပဲ ဖမ်းခြင်းဖြစ်သည်။ ထောင်ထဲတွင် ဖဆပလ၊ ပထစ၊ ပမညတ နှင့် တကသ၊ ဗကသ ခေါင်းဆောင်တို့နှင့်ကြုံရသည်။ ထိုလက်ဝဲ၊ လက်ယာ ခေါင်းဆောင်အများစုတို့မှာ စိတ်ဓာတ်မခိုင်မာကြ၊ ထောင်ထဲရောက် သည်နှင့် လွတ်လမ်းကိုရှာသူမှာ အများစုဖြစ်သည်။ စစ်အာဏာရှင် မဆလ တို့ကလည်း ဤအားနည်းချက်ကို ကောင်းစွာသိသဖြင့် ကောင်းစွားအသုံးချကြသည်။ ခင်ဗျာတို့ လွတ်ချင်ရင် ကိုယ်လုပ်ခဲ့တာတွေကို အမှန်အတိုင်း ဝန်ခံဖွင့်ပြောရမယ်။ ပြီးတော့ မှားကြောင်း အသနားခံရမယ်၊ အသနားခံစာရေးမယ့်လူ စာရင်းပေး၊ “နောက်နေ့ကျတော့ စာရင်းလာယူမယ်” ဟု ထောင်မှူးထောင်ပိုင်တို့ ပြော သော စကားကို ကြားသောအခါ အချို့ဝမ်းသာအားရ ဖြစ်ကုန်ကြသည်။ နောက်တနေ့တွင် စာရင်းပေးကြပြီးနောက် ရက်အနည်း ငယ်အတွင်း လူအနည်းငယ် တသုတ်စီခေါ်ထုတ်၍ရေးခိုင်းသော အသနားခံစာများရေးကြသည်။ ခေါင်းဆောင်အချို့ကမူ အထူးအဖြင့် ကျောင်း သားခေါင်းဆောင် အများစုသည် အသနားခံစာမတင်ကြ။
ကျနော့်မှာ အမှုမရှိ၊ အဖွဲ့စည်းမရှိ၊ တကိုယ်တော်မို့ အသနားခံစာတင်မည်ဟု ထောင်မှူး ထောင်ပိုင်တို့ကယူဆထားကြသည်။ ကျနော် က မတင်နိုင်ကြောင်း ပြောသောအခါ သူတို့အံ့အားသင့်ကုန်ကြသည်။ အသနားခံစာတင်ရေး မတင်ရေးနှင့် ပက်သက်၍ ကျနော့်စဉ်းစာ ချက်မှာ လူ့အခွင့်ရေးအခြေခံဖြင့် စဉ်းစားခြင်းဖြစ်သည်။ စစ်အစိုးရကိုဆန့်ကျင်သောလုပ်ရပ် ကျနော် တခုမှမလုပ်ခဲ့။ စိတ်ဓာတ်အရမူ အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်ခဲ့သည်။ ထို့ကြောင့်လည်း သူတို့အာဏာသိမ်းစဉ်က ပစ်သတ်ခဲ့သော ကျောင်းသား စဝ်မြီမြီသိုက် (သမတ္တဟောင်း စဝ်ရွှေသိုက် ၏ သားငယ်) အသုဘကို လိုက်ပို့ခဲ့သည်မှလွဲ၍ နိုင်ငံရေးလှုပ်ရှားမှုတွင် ကိုယ်ထိလက်ရောက်မပါခဲ့။ သူ တို့ဖမ်းခြင်းမှာ မတရားသက်သက်ဖမ်းခြင်းဖြစ်သည်။ ထို့ကြောင့် မတရားဖိနှိပ် အနိုင်ကျင့်သူကို အပြစ်မဲ့သူတယောက် အနေဖြင့် တောင်းပန်ရန် အကြောင်းလုံးဝမရှိ၊ တရားမဲ့သူကို တရားစောင့်စည်းသူက အသနားခံဖို့မလို။
ကျောင်းသားဘဝတုန်းက ခေါင်းဆောင်လုပ်ခဲ့တာကောဟု ထောက်လှမ်းရေးတယောက်က ထောက်ပြခဲ့ဘူးသည်။ ကျနော်သည် ကျောင်းသားဘဝက ဖဆပလ အစိုးရကိုဝေဖန်ခဲ့သော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်အောက် တွင် လုပ်ပိုင်ခွင့်ရှိသည်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ကျနော်တို့ ကျောင်းသားဖက်က အမှားအယွင်းတစုံတရာ ရှိကောင်းရှိခဲ့မည်။ ဖဆပလ အစိုးရဘတ်က အလွန့်အလွန် နိုင်ထက်စီးနင်း လုပ်မိတာရှိကောင်းရှိခဲ့မည်။ သို့သော် ဖဆပလ အစိုးရသည် မဆလ စစ်အစိုရလောက် ဘယ်တုန်းကမှမရက်စက်ခဲ့၊ မဖိနှိပ်ခဲ့။ ကျနော်တို့ကလည်း ဥပဒေပြင်ပသို့ ဘယ်တုန်းကမှ မထွက်ခဲ့။ ထိုစဉ်က ကျောင်းသား ခေါင်း ဆောင်လုပ်ခဲ့ခြင်းမှာ ကျောင်းသားထုကိုယ်စား သမိုင်းပေးတာဝန်ထမ်းဆောင်ရန် ကျောင်းသားထုက ယုံယုံကြည်ကြည် တာဝန်ပေး အပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကိုအောင်ကျော်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်၊ ကိုနု စသော ကျောင်းသားခေါင်းဆောင်များ၏ အစဉ်အလာကို ထိမ်းသိမ်းဆက်ခံခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်မှုမျုားကိုမှားသည်ဟု ကျနော် လုံးဝမယူဆ ကျောင်းသားခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဘာအခွင့်အရေး ဘာရာထူးမှ၊ ကျနော်တို့မယူခဲ့၊ မှန်းလည်းမမှန်းခဲ့ စွန့်လွှတ်မှုအများအပြားသာ ရှိခဲ့သည်။ ဤအတွက် ကျနော် ဝမ်းမနည်း ဂုဏ်ယူစရာ အဖြစ်သာမြင်သည်။ ယခု ဤစာရေးချိန်ထိလည်း ဂုဏ်ယူနေဆဲပင်ဖြစ်သည်။ ကျောင်း သားထုသည် မည်သည့် အစိုးရ၏ အလိုတော်ရိမှမဖြစ်သင့်၊ ကျောင်းသားခေါင်းဆောင်တို့သည်၊ ဘာရာထူးမှမမျှော်လင့်သင့်၊ သို့မှသာ အစိုးရတရပ်က အမှားကျူးလွန်လျှင် ပြတ်ပြတ်သားသား ဝေဖန်ရဲကြမည်။ ထောက်ပြရဲကြမည်။ လိုအပ်သည့်အခါ ဆန့်ကျင် ဆန္နပြရဲ ကြမည်။ ဤနည်းဖြင့်သာ ကျောင်းသားအဖွဲ့စည်းတို့သည် ပြည်သူ့အကျိုး၊ ဒီမိုကရေစီအကျိုးကို တာဝန်ကျေစွာ ဆောင်ရွက်သူများ ဖြစ်နိုင်မည်။ ထို့ကြောင့် ကျနော့်မှာ တောင်းပန်ခယ အသနားခံစရာ အကြောင်းဘာမှမရှိ။ သို့သော် ဗိုလ်ကျမင်းမူနေသော စစ်အာဏာ ရှင်တို့သည် ရန်ညှိုးကြီးစွာဖွဲ့ကြတော့သည်။ စိတ်ဓာတ်အရ ညှဉ်းဆဲကြသည်။ ကိုထိလက်ရောက်ညှဉ်းဆဲကြသည်။ မဆလ ကို ထောက်ခံပါသည် ဆိုတာလေးလောက်တော့ ရေးပေးဖို့တောင်းဆိုကြသည်။ ကျနော်က ခေါင်းမာမြဲမာသောအခါ ကိုကိုးကျွန်း အကျဉ်း စခန်းသို့ ပို့လိုက်တော့သည်။
ကျနော်သည်အမှတ် (၉) အဆောင်တွင် နေရာယူလိုက်သည်။ ကျနော့် ဘယ်ဘတ်ဘေးနားမှ ကပ်၍နေရာယူသူမှာ မုန်းမှ ကျောင်း ဆရာ ကိုအောင်ငွေ ဖြစ်သည်။ အင်းစိန်ထောင်တွင်း နှိပ်စက်ခံရစဉ်က သူနှင့်တခါ ဆုံခဲ့ဘူးသည်။ ယခုတခါ ကပ်လျက်သား နေရာယူ မိကြပြန်ပါပြီ။
ကျနော်တို့ နေရာယူပြီးကြသည်နှင့် ထောင်ပိုင်ဦးသောင်းရွှေသည် ကိုယ်စာလှယ် တချို့ကိုခေါ်တွေ့ကာ ကျနော်တို့အားလုံး လုပ်ငန်း (၄) မျိုးကို မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်းပြောပြသည်။
၁။ မိမိတို့စားသောက်ဖွယ်များ မိမိ တို့ဖာသာ ချက်ပြုတ်ကြရမည်။
၂။ လိုအပ်သောထင်းများကို ကိုယ့်ဖာသာကိုယ်ရှာကြရမည်။
၃။ သောက်ရေသုံးရေအတွက် တကီလိုမီတာခန့်ဝေးသော ရေတွင်းမှ သယ်ရမည်။
၎။ ကျွန်းဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးလုပ်ကြရမည်ဟု ဆိုသည်။
သူကရှင်းပြရာတွင် ခင်ဗျာတို့လုပ်လို့အတော်အသင့် ဖွံ့ဖြိုးလာတဲ့အခါ ပြည်မကနောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေခေါ်ယူပြီး ဟို ဘက်ဝင်းတွေဖြစ်တဲ့ စခန်း(၂) နဲ့ (၃) မှာထားမယ်။ ခင်ဗျားတို့စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ခင်ဗျားတို့စားတာထဲက ပိုတဲ့သီးနှံတွေကို နိုင်ငံတော်အစိုးရက လက်ငင်းငွေပေးဝယ်မယ် ရတဲ့ငွေကို ခင်ဗျားတို့ စုထားနိုင်တယ်။ အခြခံရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ၊ ကြသွန်၊ ငရုတ်သီးစတာတွေကိုတော့ အပတ်စဉ်ထုပ်ပေးမယ်ဟု ဆိုသည်။
ကျနော်တို့ စခန်းထဲတွင် အဆောင်လိုက်အပြန်အလှန်ဆွေးနွေး ညှိနှိုင်းကြသည်။ လုပ်ငန်း (၁) (၂) (၃) တို့မှာ ကျနော်တို့အတွက် ဖြစ်၍ မလွှဲမရှောင်သာ လုပ်ကြရမည်။ (၄) ကိုမူမလုပ်နိုင်၊ မလုပ်နိုင်သည့် အဓိကအကြောင်းရင်း နှစ်ချက်ရှိသည်။
ပထမအချက် ကျနော်တို့၏ အကျဉ်းသားအခွင့်အရေး ဖြစ်သည်။ ကျနော်တို့သည် ပြစ်ဒဏ်ကျခံထားကြရ သူများမဟုတ်ကြ ထို့ကြောင့် စစ်အစိုးရက ကျနော်တို့အားအလုပ် လုပ်ခိုင်းပိုင်ခွင့် လုံးဝမရှိ။
ကျနော်တို့အတွက်လိုအပ်သော ဟင်းသီးဟင်းရွက်များကိုလည်း အခြားရိက္ခာများနှင့်အတူ ထုပ်ပေးရန် အစိုးရမှာ လုံးဝတာဝန်ရှိသည်။
ဒုတိယအချက်မှာ နိုင်ငံရေးဖြစ်သည် ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ပေးခြင်းဖြင့် ဤဝေးလံ၍ အန္တရာယ်များသော ကျွန်းအကျဉ်းစခန်းသို့ ဘဝတူညီတော်နောင်တော်များ နောက်ထပ်ရောက်လာရေးကို အာပေးရာရောက်မည်။
ထို့ကြောင့် စိုက်ပျိုးရေးမလုပ်နိုင်။ စိုက်ပျိုးရေး၊ ဖွံ့ဖြိုးရေးကို လုံးဝ မလုပ်နိုင်ကြောင်းပြန်လိုက်ကြသည်။
ဤအကြောင်းကို ထောင်အာဏာပိုင်တို့က ပြည်ထဲရေးဝန်ကြီးဌာနသို့ အစီရင်ခံကြသောအခါ ဝန်ကြီးက မလုပ်လုပ်အောင် အကြပ် ကိုင်ရန်ညွှန်ကြားချက် ပေးလိုက်၏။ (ထိုပြည်ထဲရေး ဝန်ကြီးသည် ယခုအမြင်မှန်ရကာ ဒီမိုကရေစီဘတ်သို့ကူးပြောင်းလာပါပြီ)။
ကျနော်တို့သည် ထိုစိုက်ပျိုးဖွံ့ဖြိုးရေး မလုပ်ရုံသာမက ကျွန်းအကျဉ်းစခန်းလုံးဝ ရုပ်သိမ်းသည်အထိ အခြေအနေလိုက်၍ တိုက်ပွဲဝင်သွားကြမည်ဟု တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ ခိုင်မာစွာ သန္နိဋ္ဌာန်ချလိုက်ကြသည်။
(ဆက်လက်ဖော်ပြပါမည်)
ဒေါင်းအိုးဝေ အတွဲ (၃) အမှတ် (၂) ၁၉၉၂- ခုနှစ် မတ် ၊ ဧပြီ ၊ မေ
.......................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း ၃)
ကျနော်တို့ အားလုံးစခန်းတွင်း ရောက်ကြသည်နှင့် ဂိတ်တံခါးကို ထောင်အာဏာပိုင်တို့က ပိတ်လိုက်ကြသည်။ မိုးကလည်း ချုပ်ခါနီး ပြီမို့ ကျနော်တို့ အိပ်ရာနေရာ ပြင်ကြရသည်။
ကျနော်တို့ အိပ်ရာအတွက် အုန်းဆံသွပ်ထားသော ခေါင်းအုံးတလုံး၊ ပါးလွှာသော ခြည်စောင်အကြမ်းတထည်နှင့် ခြင်ထောင် တလုံးစီ ပေးသည်။ အိပ်စင်ပေါ်တွင် နှစ်ပေသာသာမျှကျယ်သော ဝါးနှီးဖျာ တချပ်စီ လည်းပေးထားသည်။
ကိုကိုးကျွန်းသည် အီကွေတာနှင့်နီးကာ ကျွန်းငယ်ကလေးမျှသာ ဖြစ်သဖြင့် ရာသီဥတု နွေးနွေးထွေးထွေးရှိမည်ဟု ကျနော်တို့ မျှော် လင့်ထားခဲ့ကြသည်။ သို့သော် ထင်သလိုမဟုတ် သစ်ပင်တောအုပ် ထူထပ်၍လားမသိပါ ထိုညက အတော်အေးသည်။ စောင်က လည်းပါးလွှာလွန်းသဖြင့် ထိုည ကျနော်တို့ အတော်ဒုက္ခရောက်ကြသည်။ ပါသမျှအဝတ်အထည် တထည်စနှစ်ထည်စ ကလးများမှာ လည်း ကမ်းတက်ရေယာဉ်မှအဆင်းတွင် အကုန်အစင် စိုရွှဲကုန်ကြသည် မဟုတ်ပါလား။ ထိုနေ့ညစာကို ပြည်တော်ညွန့် သင်္ဘောပေါ် တွင် မွန်းလွဲစောစောပိုင်းကတည်းက ကြိုတင်ကျွေးလိုက်ကြ၍ ညနေစာ ပြဿနာမပေါ်တော့။ မနက်မိုးလင်သည်ဆိုလျှင်ပင် လုပ်ငန်း သုံးမျိုးလုပ်ရန်အတွက် လူစုကြရသည်။ သည်အတွက် ညနေကတည်းက ကြိုတင်တာဝန် ပေးထားကြပြီဖြစ်၏။ ပထမဆုံး အရေးတ ကြီး လုပ်ငန်းစကြရမည့်သူများမှာ သောက်ရေသုံးရေ ခပ်ရမည့်သူများပင် ဖြစ်ပါသည်။ စခန်းအတွင်း၌ သောက်ရေမရှိ မျက်နှာသစ်ရန် ရေမရှိ။
ကျနော်တို့ထဲမှ အသက်ကြီးသော သူများနှင့် နှိပ်စက်ညှင်းပန်းမှု ဒဏ်ကြောင့်အလုပ်ကြမ်း မလုပ်နိုင်းသေးသူများမှာ သုံးပုံတပုံမျှရှိ သည်။ ထို့ကြောင့် အလုပ်ကြမ်းလုပ်နိုင်မည့်သူ ၁၅၀ ခန့်သာရှိသည်။ ထင်းခွေခြင်းနှင့် ရေထမ်းရေသယ်ခြင်း လုပ်ငန်းများမှာ ပင်ပန်း သည့် အလုပ်ဖြစ်၍ အလုပ်ဆိုင်းတခု နှစ်ဆယ်စီ လုပ်ငန်းတမျိုးစီအတွက် သုံးဆိုင်းဖွဲ့လိုက်ကာ ချက်ပြုတ်ရေးအတွက်မူ ဆယ် ယောက်စီ သုံးဆိုင်းဖွဲ့လိုက်ကြသည်။
ထိုနေ့အဖို့ အထက်ပါအလုပ်သုံးမျိုးအပြင် ရိက္ခာထုပ်ရသော အလုပ်တခုလည်းရှိသဖြင့် ထိုနေ့ တာဝန်မကျသူများထဲမှ သန်မာသူများ ကိုရွေးကာရိက္ခာ သွားထုပ်ကြရသည်။ နောင်တွင်လည်း တပတ်လျှင် တကြိမ်ကျ ရိက္ခာထုပ်ရသည်။ ကျနော့်မှာ နှိပ်စက်ခံထားရသော ဒဏ်ပြင်းထန်သဖြင့် နားဖို့ပြောကြသည်။
သို့သော် အလုပ်ဆိုင်းကို ထိုအစနေ့မှာပင် ဝင်လိုက်ကြသည်။ အလေးအပင် ထမ်းပိုးရန်မလိုသည့် ချက်ပြုတ်ရေးအလုပ်ကို ကျနော် တာဝန်ယူလိုက်သည်။ ချက်ပြုတ်ရေး ခေါင်းဆောင်များမှာ ဦးဘိုရနှင့် ကိုစံသိန်းတို့ဖြစ်ကြသည်။ နှစ်ယောက်လုံး အညာသားများ ဖြစ် ကြသည်။ ဦးဘိုရ ခေါင်းဆောင်သော ငါးယောက်တို့သည် ထမင်းချက်ရေးတာဝန်ယူကြပြီး ကိုစံသိန်း ခေါင်းဆောင်သော ငါးယောက် တို့မှာ ပဲဟင်းနှင့် ငါးပိကျော်အတွက် တာဝန်ယူလိုက်ကြသည်။ ကျနော်သည် ကိုစံသိန်းခေါင်းဆောင်သော အဖွဲ့တွင် တာဝန်ယူလိုက် ၏။ ကျနော်သည် ချက်ပြုတ်ရေးနှင့် နီးနီးစပ်စပ်ရှိသည်ဟု ဆိုနိုင်သော်လည်း ဘယ်တုန်းကမျှ ဘာတခုမှမချက်ဘူးခဲ့။ ၁၅-နှစ်အရွယ် ထိ အိမ်မှာမေမေနှင့် မမတို့၏ ချက်ရေးပြုတ်ရေး လုပ်ငန်များတွင် ဟင်းရွက်များချွေပေးခြင် အိုးခွက်များဆေးပေးခြင်း ဖြင့်ကူညီလေ့ရှိ သည်။ ထို့ကြောင့် ချက်ရေးပြုတ်ရေးလုပ်ငန်း အစီစဉ်များ ဦးနှောက်ထဲတွင် အမှတ်မထင် စွဲမှတ်ပြီးသားတော့ရှိသည်။ တက္ကသိုလ် ကျောင်းသားဘဝတွင် ၁၉၅၄-ခုနှစ်ကစ၍ အဆောင်တွင် ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသဖြင့် ပင်းယဆောင်ထမင်းချက် အ ကျော်မော်များ ဖြစ်ကြသည့် ကိုထွန်းရွှေ၊ ကိုကျော်မောင်၊ ကိုတင်စိုးနှင့် စားပွဲထိုး ကိုစိန်သောင်းတို့ လုပ်နည်းလုပ်ဟန်များကိုလည်း မျက်စိရေဝနေခဲ့သည်။ နောင်တွင် အဆောင်မှူးဘဝ၌ လည်းမီးဖိုချောင်သို့ တနေ့တခေါက်တော့ ရောက်နေကျဖြစ်သည်။ သို့သော် လက်တွေ့လုံးဝမရှိ။
ကိုစံသိန်းက ကျနော့အား ကြွေရည်သုတ် ဇလုံတလုံးတွင် ငြုပ်သီးခြောက် တပြည်ကိုထည့်ပေးပြီး ထိုအထဲသို့ ရေနွေးအပြည့် ထည့် ခိုင်းလိုက်သည်။ ပြီးလျှင်ငြုပ်သီးများ အညှာချွေခိုင်းသည်။ ကျွက်ကျွက်ဆူသော ရေနွေးထည့်ပြီးခါစမို့ ပူလွန်းသဖြင့် အချိန်အနည်းငယ် စောင့်ရင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ခွာကြလှီးကြသည်။ ဤအတွင်း မီးဖိုကြီးပေါ်ရှိ ဆန်တတင်း ချက်နိုင်သော ဒယ်အိုးဖြင့် ကု လားပဲ လေးပြည်ကို ရေများများဖြင့် ပြုတ်ထားပြီးဖြစ်သည်။
ငြုပ်သီးများ အညှာချွေခြင်းအလုပ် စလုပ်သောအခါ အသားဖြူဖြူ တောင့်တောင့် ကရင်လူငယ် တယောက်လည်း ကျနော်နှင့်အတူ လာချွေသည်။ သူအမည်ကို မေးကြည့်ရာ မန်းငြိမ်းမောင် ဟုသိရသည်။ သူသည် နောင်တချိန်တွင် ဒု-ဗိုလ်မှူးကြီး ထွန်းရင်လော ပြော ခဲ့သော“ပြေးရဲပြေးစမ်း” ဆိုသည့်စကားကို လက်တွေ့တုံ့ပြန်စိန်ခေါ်ကာ ကီလိုမီတာ ၅၀၀ ခန့် ကွာဝေးသော ပင်လယ်ပြင်ခရီးကို မိုး နှောင်းရာသီ စက်တင်ဘာလအတွင်း အောင်မြင်စွာ ထွက်ပြေးပြသွားသူ သတ္တိခဲတဦးဖြစ်လာသည်။ ဒီနေ့ထိ ကရင့်တော်လှန်ရေးမှာ တာဝန်ရှိသူတဦးအဖြစ် ထိရောက်စွာ တာဝန်ယူနေဆဲဖြစ်သည်။
ကျနော်တို့နှစ်ယောက်သည် ရေနွေးကပူ၊ ငြုပ်သီးကပူနှင့် အညှာချွေရသောအလုပ်မှာ အလွန်ခက်ခဲသည်။ ချွေပြီးသည်နှင့် ကျောက် ဆုံငယ်တခုအတွင်း ထည့်ထောင်းကြသည်။ ထို့နောက်ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နှင့် အတူရောနှောခါ ဆီသတ်လိုက်ပြီး ငပိ (၄) ကီလိုခန့်ထည့်၍ ကြော်ကြသည်။ သို့ဖြင့် ဖြစ်ကတတ်ဆန်း ငါးပိကြော်တမယ်တော့ ဖြစ်သွားသည်။ ကိုစံသိန်း ပဲအိုးဆီသတ်ဖို့ လုပ် ထားရာသို့ သွားကူကြသည်။ ပဲဟင်းအိုး ဆီသတ်သည်ဆိုသော်လည်း ငါးပိကြော်သောဒယ်အိုးကို လှယ်လိုက်ကာထို ဒန်အိုးဖြင့် ကြက်သွန်ဖြူနီဆီသတ်ပြီးနောက် ပဲဟင်းအိုးထဲသို့ လောင်းထည့်ခြင်းသာ ဖြစ်သည်။ ဤသို့ဆီမသတ်မီ ကုလားပဲကို လှော်တက် လောက်ရှိသော ယောက်မဖြင့် ကော်ဆယ်ယူ၍ စမ်းကြည့်ရာ လုံးဝမနူးသေး၊ ပဲမှာနှစ်ချို့ပဲမို့ မနူးခြင်းဖြစ်ကြောင်း နောက်မှသိရသည်။ ထို့ကြောင့် မနူးမနပ် တဆတ်ဆတ်ပဲဟင်းနှင့် အဖြစ်မျှသာရှိသော ငါးပိကြော်တို့ဖြင့်သာ လွေးကြရတော့သည်။ ဆာလောင်နေသဖြင့် ဂရုမစိုက်နိုင်ကြ၍လား အချင်းချင်းမို့ ညှတာစိတ်ထားကြ၍ ပဲလားမသိ ကျနော်တို့ ချက်ရေးပြုတ်ရေးအဖွဲ့ကို ဘယ်သူကမျှ အပြစ်မ ပြောကြ အားလုံးထမင်း စားပြီးလောက်ချိန်ဖြစ်သော နံနက်ဆယ့်တနာရီခွဲတွင်မှ ကျနော်တို့မီးဖိုတာဝန်ခံများ ထမင်းစားကြသည်။ ကျနော်သည် ထမင်းကောင်းကောင်းမစားနိုင် ရေနွေးစိမ်ထားသော ငြုပ်သီးရေထဲသို့ လက်နှိုက်ထည့်ပြီး ငြုပ်သီးတပြည်ခန့်ကို အညှာ ချွေခဲ့ခြင်းကြောင့် လက်နှစ်ဖက်လုံး လက်ဖမိုးထိအောင် ပူစပ်ပူလောင်ဖြစ်နေသည်။ ပူလောင်ခြင်းမှာ မခံမရပ်နိုင်အောင် ပြင်းထန်လှ သည်။ ထို့ကြောင်း ထမင်းနည်းနည်းသာ စားနိုင်သည်။ “ဆားရည်စိမ် ထားလိုက်ဗျာ” ဟု ကိုစံသိန်းက အကြံပေးသည်။ ထို့ကြောင့် ရေ အေးတဇလုံဖြင့် ဆားရည်ဖျော်ပြီး စိမ်ကြည့်သည်။ မသက်သာ။
“စားဆီဖြစ်ဖြစ် အုန်းဆီဖြစ်ဖြစ် ရွှဲရွှဲလေးလိမ်းထား” ဦးဘိုရ က ညွှန်းသည်။ ထို့ကြောင့် ဆားရည်ကို ခြောက်သွားအောင် အဝတ် စုတ်ဖြင့် သုတ်လိုက်ပြီး စာဆီရွှဲရွှဲလေး လိမ်းလိုက်ပြန်သည်။ သိပ်မထူး ထိုနေ့ညက အိပ်ချိန်ထိပူနေဆဲ။
ဆက်လက်ဖော်ပြပါမည် …
တင့်ဇော်
ဒေါင်းအိုးဝေ (တွဲ – ၃ – အမှတ်- ၃ ) ၁၉၉၂ – ခုနှစ်- ဇွန် – ဇူလိုင်
......................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း(၄)
ကျနော်တို့ ကိုအင်းစိန်ထောင်မှ ခေါ်ထုတ်သောနေ့မှာ ၁၉၆၉-ခုနှစ် ဖေဖ်ာဝါရီ (၁၂) ရက်နေ့ည ဖြစ်သည်။ စစ်တပ်ကိုအုပ်စိုးသူတို့သည် ပြည်သူလူထုနှင့် ကမ္ဘာနိုင်ငံများရှေ့မှောက်တွင် ပြည်ထောင်စုတည်တံခိုင်မြဲရေးဟု တစာစာကြွေးကြော်ကာ ပြည်ထောင်စုအစည်း ဝေများနှင့် ပျော်ပွဲရွှင်ပွဲပြပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲဆင်နွှဲနေသော ပြည်ထောင်စုနေ့ည ဖြစ်သည်။ ထိုပြည်ထောင်စုနေ့မှာပင် ကျနော်တို့ မြန်မာတနိုင်ငံလုံးမှ စုရုံးခေါ်ယူလာသော နိုင်ငံရေးအကျဉ်းသားများကို အရက်စက်ဆုံးအကျဉ်းစခန်းဖြစ်သော ကိုကိုးကျွန်းသို့ ပို့လိုက် ခြင်း ဖြစ်သည်။ ထိုနေ့ကိုမှရွေးပို့ခြင်းမှာ စစ်အုပ်စု၏ နေရာတကာတွင် ကောက်ကျစ်တတ်သော အလေ့အထကို သရုပ်ဖော်ပြလိုက် သော ပြကွက်တခုပင် ဖြစ်သည်။
ပထမတွင် ညနေ (၆) နာရီထိုးသည်နှင့် လူစစ်ပြီး ဂိတ်တံခါးများအားလုံးကို ပိတ်ထားလိုက်ကြသည်။ မြောက်ဘက်ခြမ်းရှိ (၁) ဆောင်မှ (၆) ဆောင်ထိပါဝင်သောဝင်းနှင့် ကျနော်တို့ တောင်ဘက်ခြမ်းအကြားရှိ သံဆူးကြိုးကိုလည်းပိတ်လိုက်ကြရာ ညမိုချုပ်သည်နှင့် ဟို ဘက် သည်ဘက်မကူးရတော့ ညရေးညတာအပြင်သွားလျှင် မှန်အိမ်ကိုင်၍ထွက်ပါဟုလည်း ညွှန်ကြားထားသည်။ မီးမပါဘဲထွက်လျှင် အစောင့်ဝါဒါများက လှမ်းပစ်သတ်ခွင့် ရှိသည်ဟုလည်း ဆိုသည်။ ကျနော်တို့ ဝိုင်းဝန်းပြောဆိုကြခြင်းကြောင့် ထောင်ပိုင်ကြီးသည် ကျနော်တို့အား ရေဒီယိုတလုံး ပေးထားရန်သဘောတူသည်။ ရေဒီယို ပေးထားပုံမှုာလည်း စိတ်ဝင်စားစရာ အတော်ကောင်းသည်။ ဝါဒါတယောက်သည် ညနေ (၆) နာရီခန့်တွင် သစ်သားဖြင့်ပြုလုပ်ထားသော သေတ္တာငယ်တခုထဲတွင်ထည့်ကာ သော့ခတ်ထားသော နေရှင်နယ် ရေဒီယိုကို လာပို့သည်။
ကျနော်တို့အားရေဒီယို မပေးမီ သော့ဖွင့်ပြီးမြန်မာအသံကို အသေအချာချိန်၍ ဖမ်းပေးသည်။ ထို့နောက် သော့ပြန်ခတ်ကာ ပြန် သွားသည်။ ည (၁၀) နာရီတွင် ပြန်လာသိမ်းလေ့ ရှိသည်။
မဆလတို့ တတ်ပဲတတ် နိုင်လွန်းသည် လူကိုပါမက ရေဒီယိုကိုပါထောင်ချလိုက်ကြသည်။ သို့သော် ကျနော့်တို့အဖို့ အလွန်အကျိုး ပြုသော ဆက်သွယ်ရေးပစ္စည်းဖြစ်လာအောင် ကျနော်တို့ ကြိုးစားကြရန် တိုင်ပင်စီစဉ်ကြတော့၏။
ပထမတွင် ရေဒီယိုမှာ အားလုံးစုနားထောင်လိုသဖြင့် ဟိုဘက်ခြမ်းသည်ဘက်ခြမ်း ကူးခွင့်ပေးရန်တောင်းဆိုကြသည်။ သို့မဟုတ်လျှင် ရေဒီယိုနှစ်လုံးပေးချင်ပေးပါဟုပြောသောအခါ ထောင်ပိုင်က ရေဒီယိုနားထောင်ချိန်တွင် ဟိုဘက်ခြမ်းသည်ဘက်ခြမ်း ကူးခွင့်ပေးဖို့ သ ဘောတူသည်။ ထို့ကြောင့် ညဦးပိုင်းတွင် ကျနော်တို့အားလုံးကြိုက်သည့် အဆောင်မှာဆုံခွင့်ရလာကြသည်။
ကျနော်တို့သည် အုပ်စုငယ်များဖွဲ့ကာ နိုင်ငံရေးဆွေးနွေးပွဲများကို ညစဉ်လုပ်ခွင့်ရလာကြတော့သည်။ ရေဒီယိုနားထောင်ရန်အချို့ကို တာဝန်ပေးထားပြီး သတင်းအချက်လက်များကိုရေးမှတ်စေကာ နောက်နေ့မနက်စောစော ထမင်းစားခန်းမတွင်သုံးထပ်သား ကျောက် သင်ပုန်းကြီးပေါ်၌ ရေးပြထားလိုက်ခြင်းအားဖြင့် လူတိုင်းသတင်းကိုလာဖတ်ခွင့်ရကြသည်။ ဤမျှနှင့် ကျနော်တို့ မကျေနပ်၊ မြန်မာ့အသံ အစီစဉ်များမှာ စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးသက်သက်မျှသာဖြစ်သည်။ နိုင်ငံခြားအသံလွှင့်ဌာနများကိုလည်း ကျနော်တို့ နားထောင်ဖို့ လိုသည်။ ထောင်ပိုင်အား ပြောပြအရေးဆိုကြသောအခါ ထောင်ပိုင်က ဘူးခါသည်။ “ကျနော်အထက်အမိန့် မရဘဲ ဘာမှလုပ်ခွင့်မရှိပါ ဘူးဗျာ၊ ခင်ဗျာတို့ မြန်မာ့အသံနားထောင်ရလည်း ကိုယ်တိုင်းပြည်မှာဘာဖြစ်တယ်ဆိုတာ အကုန်သိရပြီမဟုတ်လား” ကျနော်တို့သည် နိုင်ငံရေးနှင့် ပက်သက်နေသူများ ဖြစ်ကြသည်။ ထိုကြောင့် နိုင်ငံတကာသတင်းကိုပါ နားထောင်ဖို့လိုသည်ဟု ပြောပြသော်လည်းမရ ကျနော်တို့ဘတ်မှ မည်မျှပင်ကျိုးကြောင်းဆီလျော်အောင် ပြောပြသော်လည်းရမည်မဟုတ် ထောင်ပိုင်က နားလည်လက်ခံသည်ထားဦး၊ မဆလ အာဏာရှင်အုပ်စုက ခွင့်ပြုမည်မဟုတ် ထို့ကြောင့် ကျနော်တို့ အခြားနည်းလမ်းရှာကြသည်။ နောက်တနေ့ ညနေ ဝါဒါတ ယောက် ရေဒီယိုကိုလာယူသောအခါ ကျနော်တို့အထဲမှ ၃-၄ ယောက်က သူ့ကို ပျူပျူငှါငှါ ကြိုဆိုကြသည်၊ ပြီး သေတ္တာထဲထည့် သောပိတ်သည့်အလုပ်ကို ဝိုင်းကူကိုင်တွယ်ပေးကြသည်။ မလိုအပ်ပဲတမင်ကူကြခြင်း ဖြစ်သည်။ သော့ခလောက် ဖွင့်သောတဒင်္ဂအ ချိန်လေးတွင် သူ့လက်ထဲမှ သော့၏ပုံသဏ္ဌန်ကို အရအမိကျက်မှတ်နိုင်အောင် ကြံစည်ကြခြင်းဖြစ်သည်။ ဤကိစ္စကို ဦးဆောင်ဦးရွက် ပြုသူမှာ မုန်းမှကျောင်းဆရာ ကိုအောင်ငွေ ဖြစ်သည်။
ကိုအောင်ငွေသည် ကျနော်နေခဲ့ရသော အင်းစိန်ထောင်မကြီးအဆောင် (၄) တွင် အပေါ်ထပ်၌ နေခဲ့ရသူဖြစ်သဖြင့် ကျနော်နှင့်ထိုစဉ် ကပင် လူချင်းသိနေကြသည်။ ဝါဒါများအလစ်တွင် ခိုးဝှက်စကားလှမ်းပြောဘူးကြသည်။ အပ်ါထပ်အောက်ထပ် လျှို့ဝှက်ဆက်သွယ် မှုကို သူနှင့်ကျနော်ပူးတွဲ ဆောင်ရွက်ခဲ့ဘူးကြသည်။ နှိပ်စက်ခံရတော့လည်း တသုတ်ထဲဖြစ်သည်။ နှိပ်စက်ပြီး၍ ကြိုးတိုက်ထဲတွင် ပိတ်လှောင် ခံထားရသော အခါတွင်လည်း ဟိုဘက်ခန်း ဒီဘက်ခန်းဖြစ်သဖြင့် ကျနော်တို့က ဝါဒါများမသိအောင် ဆက်သွယ်စကား ပြောကြလေ့ရှိကြသည်။ စကားပြောသည်ဆိုသော်လည်း အော်ပြော၍မရ တိုက်ခန်းတခုနှင့် တခုအကြားတွင် တပေခန့်ထူသော အုတ် နံရံခြားထားပြီး ထိုနံရံများမှာ တိုက်ခန်းရှေ့သို့ လေးပေခန့်ပိုထွက်နေသဖြင့် ကျနော်တို့စကားပြောလျှင် အသံမှာဘေးခန်းသို့ ရောက် ဖို့ခတ်လှသည်။ ရှေ့ပေနှစ်ဆယ်ခန့်အကွာတွင်ရှိသော အုတ်နံရံနှင့် ထောင့်အနေအထားမှန်အောင် ချိန်ဆပြောလျှင်တော့ တဖက်ခန်း က ပဲ့တင်သံကိုကြားနိုင်သည်။ သို့သော်ကျနော်တို့ကိုထားသော အခန်းများမှာရုံးခန်းနှင့်နီးသဖြင့် အော်ပြော၍မဖြစ် စကားပြောသည်ကို မိသွားလျှင် တကိုယ်လုံးစုတ်ပြတ်သတ်အောင် အမဲဖျက်ကြမည်။ ထို့ကြောင့်လည်း ကျနော်တို့သည် အခန်းနှစ်ခုအကြား အုတ်နံရံ ကိုလက်ဖြင့်ခေါက်ကာ အချက်ပေးခြင်းဖြင့်စကားပြောကြသည်။
ကြေးနန်းအချက်ပြ သင်္ကေတသိလျှင် ထိုကဲ့သို့နံရံခေါက်ဆက်သွယ်၍ ပိုပြီးအဆင်ပြေသည်။ မသိလျှင်လည်းဖြစ်သည်။ အင်္ဂလိပ်စာ တော့ တတ်မှဖြစ်မည်။ အလွယ်ဆုံးနည်းမှာ တချက်ခေါက်လျှင် (A) နှစ်ချက်ခေါက်လျှင် (B) သုံးချက်ခေါက်လျှင် (C) စသည်ဖြင့် ဖြစ်သည်။ ဥပမာ တဆယ့်ငါးချက်ခေါက်လျှင် (O) ကိုဆိုလိုသည်သို့သော် သတင်းပို့ရန်နံရံကို ခေါက်သူကရောတဖက် နားထောင် သူကပါ တစ်,နှစ်,သုံး ဟု မရေတွက်ပဲ A,B,C ဟု ရေတွက်လျှင် နောက်ဆုံးရပ်သွားသောစာလုံးသည် ပြောလိုသောစာလုံးပင် ဖြစ်သည်။
ထို့ကြောင့် (Z) ဟု ပြောလိုက်လျှင် နှစ်ဆယ့်ခြောက်ချက်ခေါက်ရမည်။ ဤနည်းဖြင့် ကျနော်တို့ အခန်းနှင့် ကိုအောင်ငွေတို့အခန်း ဆက်သွယ်ခဲ့ကြသည်။ ပထမအတူနေသူများအမည်၊ နောက်အခြားတဖက်ခန်းရှိလူများ၊ သတင်းအတိုစများ၊ မျိုးစုံပြောခိုင်း ကြသည်။ လျှို့ဝှက်စွာပိတ်လှောင်ထားပြီး တခန်းနှင့်တခန်းဆက်သွယ်ခွင့်မရှိသော ထိုတိုက်တန်းလျားတခုလုံးရှိလူများကို ကျနော်တို့ သိလာကြသည်။ ပြောလိုရာကိုပြောခိုင်းကြသည်။ ယခုလည်းကိုအောင်ငွေသည် ကမ္ဘာကြီးနှင့်ကျနော်တို့ ဆက်သွယ်ရေအတွက်ကြိုး ပမ်းနေပြန်ပါပြီ ကျနော်တို့ တပတ်လောက်အကြာတွင် သော့တူတခုကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြသည်။ ရေဒီယိုလာပို့သော ဝါဒါပြန်သွားပြီးသည်နှင့် ရေဒီယိုသေတ္တာကိုသော့တူနှင့် ဖွင့်လိုက်ကြသည်။ လှောင်ချိုင့်တွင်းမှလွတ်လာသော ရေဒီယိုကလေးသည် ကျနော်တို့အား ကမ္ဘာအရပ်ရပ်သို့ အနှံပို့ပေးလေတော့သည်။
အမေရိကန်ပြည်ထောင်စုမှလွှင့်သော ဗွီအိုအေ၊ အင်္ဂလန်နိုင်ငံမှလွှင့်ထုတ်သော ဘီဘီစီ၊ တရုပ်ပြည်မှလွှင့်သော ပီကင်းအသံ၊ ထိုစဉ်က တရုပ်ပြည်နှင့် မဆလ အစိုးရတို့ စကားများရန်ဖြစ်ကာ စိတ်ကောက်နေကြချိန်ဖြစ်သဖြင့် ပီကင်းရေဒီယိုမှ မဆလ အားဝေဖန်တိုက် ခိုက်သောဆောင်းပါးများမှာ နားထောင်၍အရသာရှိလှသည်။
ရေဒီယို သတင်းဆောင်းပါးများ ဖမ်းယူရေးကို ပြန်ကြားရေးအဖွဲ့ငယ်မှတာဝန်ယူရသည်။ လက်ရွေးစဉ် သုံးယောက်ရွေးကာ အသံလွှင် ချက်အားလုံးကို လိုက်ရေးကြသည်။ ထိုသုံးယောက်ထဲတွင် ကျနော်တယောက် အပါအဝင်ဖြစ်ခဲ့သည်။
ကျနော် လက်ရေးတိုမတတ်၊ သို့သော် လက်ရေးမြန်သည်။ ပြီးတော့ဝေါဟာရ အမြောက်အများကို ကိုယ့်ဟာကိုအတိုကောက် သင်္ကေ တများ ရွေးချယ်သတ်မှတ်ကာ လိုက်ရေးခြင်းဖြစ်သည်။ ကျနော်နှင့်အတူ ပူးတွဲတာဝန်ကျသူများမှာ တက္ကသိုလ်ကျောင်းသားများဖြစ် ကြသော ကိုတင်မောင်ဝင်းနှင့် ကိုလေးမွန်တို့ ဖြစ်ကြသည်။ ရေဒီယိုမှတ်တမ်းများယူနေစဉ် ကျနော်တို့ ကင်းနှစ်ဆင့်ချထားသည်။ ဝါဒါများကြိုတင်ဝင်လာလျှင် ကြိုပြီးသိနိုင်အောင်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်
တင့်ဇော်
..........................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း ၅)
ထင်သည့်အတိုင်းပင် တခါတရံ ကိုနာရီးလောက်ကတည်းကပင် ကြိုတင်ဝင်လာတတ်သည်။ ထိုအခါမျိုးတွင် ကင်းကအချက်ပေးပြီး ဖြစ်သဖြင့် ကျနော်တို့သည် မြန်မာအသံကိုပြန်ဖမ်းကာ သေတ္တာထဲထည့်ပြီး သော့မြန်မြန်ခတ်ထားနိုင်ကြသဖြင့် ဝါဒါရောက်လာသော အခါ အိနြေ္ဒမပျက်တော့၊ စာရွက်စာတမ်းနှင့် စာရေးကိရိယာများကိုလည်း အာလုံးသိမ်ဆည်းပြီးဖြစ်၍ ဘာမျှမရိပ်မိ။
ည (၁၀) နာရီထိုးပြီး၍ ရေဒီယိုလာယူသော ဝါဒါပြန်သွားသည်နှင့် ကျနော်တို့ ရေးထားသမျှ သုံးယောက်ပြန်ညှိကာ အချောရေး ကြသည်။ နောက်နေ့ မနက်စောစော လက်ရေးဌာနသို့ ပို့လိုက်သည်။ လက်ရေးကို အဓိကတာဝန်ယူသူမှာ ပျဉ်မနားမှ ကိုခင်မောင်ဇော်ဖြစ်သည်။ ကိုခင်မောင်ဇော်သည် လူကောင်သေးသေး ကဗျာဆရာဖြစ်သည်။ လူသေးသလောက် လက်ရေးလည်း သေးသည်။ လူနုသလို လက်ရေးလည်းနုသည်။ တလနှစ်လခန့် ကြာသောအခါ ကျနော်တို့၏ စာကြည့်တိုက်မှာ ဝေဝေဆာဆာ ဖြစ်လာပါတော့သည်။
ကျနော်သည် တနေကုန်တနေခန်း ချက်ရေးပြုတ်ရေးလုပ်နေပြီး ညဦးပိုင်းများတွင် ရေဒီယိုသတင်းများ ဆောင်းပါးများ လိုက်ရေးနေ ရသဖြင့် အချိန်အားမရှိ စခန်အပြင်ဘက်သို့ ရေချိုးထွက်ရင်း လမ်းလျှောက်လည်သည်ဟူ၍မရှိ ရေချိုးဖို့ပင် အချိန်လုရသည်။ အများ အားဖြင့် ပင်လယ်ရေကိုပင် အပြေးအလွှားသွားချိုးပြီး စခန်းတွင်းပြန်လာကာ မီးဖိုချောင်မှ ရေတပုံးလောက်နှင့် ဆားရေကိုဆေးချ လိုက်ရသည်ကများသည်။
သို့သော် ဒီနေ့အဖို့အလုပ်အားသဖြင့် ညနေ(၃)နာရီ ကျော်ကျော်လောက်တွင် ရေချိုးထွက်ခဲ့သည်။ အလှမ်းဝေးသော ရေတွင်းဆီသို့ မသွားပဲ သိပ်မဝေးလှသောရဲရေတွင်းမှာပင် ရေချိုးရန်ဆုံးဖြတ်လိုက်သည်။
ရဲရေတွင်းမှာ ရဲတန်းလျားများနှင့် ကပ်လျက်ရှိသည်။ ကားလမ်း၏ အခြားတဖက်တွင်ဖြစ်သည်။ ကျနော်ရေချိုးရန် ဘောင်းဘီတိုလေး လဲလိုက်သည်နှင့် ရေတွင်းရှိနေသော ဘဝတူရဲဘော်များက ကျနော်ကိုဝိုင်းအုံ ကြည့်ကြတော့သည်။
“ဟ… ဒဏ်ရာတွေမနည်းလှပါ လား” တယောက်ကဆိုသည်။
“တောက်… ယုတ်မာတဲ့ကောင်တွေ၊ လူတယောက်ကို ဒီလောက်တောင် ရက်စက်ရသလား” နောက် တယောက်က ပြောသည်။
ကျနော်သည် (၁၉၆၈) ခုနှစ်ဧပြီလ (၂၂) ရက်နေ့ညက အပြင်းထန်ဆုံး နှိပ်စက်ခံခဲရသည်ဖြစ်ရာ ယခုတနှစ် မပြည့်တတ်သေးသဖြင့် ဒဏ်ရာများမှာ ရဲရဲနီနေဆဲပင်ရှိသေးသည်။ တင်ပါးမှခြေသလုံးအထိ ရစရာမရှိအောင် စုတ်ပြတ်ခဲ့သော ဒဏ်ရာသည် ကျနော်၏ လတ်သောအသားကြောင့် ပို၍ထင်ရှားပေါ်လွင်နေလေသည်။
“အလိုဘုရားရေ အဲဒါဘာဖြစ်တာလဲ။ ရေတွင်း သို့ ရေခပ်ရန်လာသော အမျိုးသမီးတဦးက မေးလိုက်ခြင်းဖြစ်သည်။ သူမသည်ရဲတန်းလျားမှ လာခြင်းဖြစ်သဖြင့် ရဲတဦး၏ဇနီး ဖြစ်ပေလိမ့်မည်။ ကျနော့်မိတ်ဆွေ ရဲဘော်များက သူမအမေးကို သူ့ထက်ငါအရင် အလုအယက်ဝိုင်း၍ ဖြေပေးကြလေသည်။
“ဟို…. တုန်းက ဘာအလုပ်လုပ်သလဲ” အမျိုးသမီးက ကျနော့ကို တိုက်ရိုက်မေးလာသည်။
“ရန်ကုန်တက္ကသိုလ်မှာ ဆရာလုပ်ပါတယ်”
“အို” အမျိုးသမီးသည် အမေဋ္ဋိတ်သံပြုလိုက်ပြီး ကျနော့ကိုငေးရီ၍ ကြည့်နေသည်။ သူမ၏ရင်တွင်းမှ ရိုးသားဖြူစင်သော စာနာစိတ်၊ ကရုဏာစိတ်များသည် သူမ၏ မျက်နှာပေါ်တွင် အထင်သားပေါ်လွင်နေလေသည်။ သူမပြန်သွားသောအခါ ရဲတန်းလျားဘတ်ဆီမှ အမျိုးသမီးများ အုပ်စုလိုက်ထွက်လာကြသည်။ သူတို့စိတ်ဝင်စားသော ဒဏ်ရာကိုလည်း အထင်သားမြင်ရပါစေတော့ ဟူသောရည် ရွယ်ချက်ဖြင့် ကျနော်သည် သူတို့ကိုကျောပေး၍ ရပ်နေလိုက်သည်။
“တက္ကသိုလ်ဆရာတဲ့တော့ ကျုပ်တို့ကလေးတွေ စာသင်ပေးရင် စာသင်ပေးရင်ကောင်းမှာပဲ”
“ဒီလောက်များ ဘာလို့နှိပ်စက်ကြပါလိမ့်နော်”
“ရှုး ………….. ရှုး” မှက်ချက်မျိုးစုံနှင့် အတူတကွ တရှုးရှုး သတိပေးသံများကို ကြားနေရသည်။
ကျနော်သည် သူတို့အားကျောပေးထားကာ ရေတွင်းဘက်တွင် ရေချိုးနေသော မိတ်ဆွေများ ဘက်သို့ မျက်နှာမူထားသည်။ အမျိုးသမီးများ၏ စာနာသောစကားသံကြောင့် ကြည်နူးလှိုက်ဖိုမိသလို တချိန်တည်းတွင် ရက်စက် ယုတ်မာသူတို့အပေါ် နာကြည်းခံပြင်းမှုကပို၍ ခိုင်မာလာသည်။ ပိုမို နက်နက်ရှိုင်းရှိုင်း ဖြစ်လာသည်။ ဤ စစ်အာဏာရှင်စနစ်ကို ဖျက် သိမ်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် သံဓိဋ္ဌာန်ကို ပို၍ပို၍ ခိုင်မာပြတ်သားစွာချနေရင်း ကျနော်အားလွန်ခဲ့သော တနှစ်ခန့်က နှိပ်စက်ညှင်းပန်းခဲ့ပုံများကို တရေးရေးပြန်လည် မြင်ယောင်လာမိပါတော့သည်။
(၁)
ထောင်ဗူးဝကြီး အပေါ်ထပ်မှ ဗျူကယ်မှုတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “ဝါဒါတွေ ဝါဒါတွေ နင့်အမေကလွှားတဲ့ ဝါဒါတွေ” အသက် (၆၄) နှစ်ရှိပြီဖြစ်သော အဘဦးဆန်းသည် ဗျူကယ်မှုတ်သည့်အလိုက်အတိုင်း လက်တန်းသီချင်စပ်ကာ လိုက်ဆိုနေသဖြင့် ကျနော်တို့ ဝိုင်းရယ်မိကြသည်။
(၂)
အင်းစိန်အကျဉ်းထောင်တွင် ပေ (၄၄၀) စီရှည်သော နှစ်ထပ်အဆောင်ကြီး (၅) ဆောင်ရှိသည်။ အဆောင် (၅) ခုစလုံး အမျိုးသား အဆောင်များဖြစ်သည်။ အဆောင်နံပါတ် (၁) နှင့် (၂) တို့တွင် ထောင်ဒဏ်အပြစ်ကျပြီးသော ထောင်ကျများကိုထားသည်။ အဆောင် (၃) (၄) (၅) တို့တွင် ရုံးတင်စစ်ဆေးခြင်း ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးသော နိုင်ငံရေးအကျဉ်းသားများကို ထားသည်။ နိုင်ငံရေး အကျဉ်သားများထဲတွင် ဖဆပလ၊ ပထစ၊ ပမညတ စသည့်နိုင်ငံရေးပါတီ အသီးသီးနှင့် လူမျိုးစုအဖွဲ့စည်းများမှ ပုဂ္ဂိုလ်များ ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များ မြန်မာ့ဆိုရှယ်လစ် အတွေးအခေါ်အရ မကျေနပ်တာကို မြုံမထားကြနဲ့ ရင်ဖွင့်တင်ပြ ကြဆိုသော မဆလ အမည်ခံ စစ်ထိပ်သီးတို့၏လှည့်စာမှုကို ယုံစားမိသဖြင့် တပ်ထဲတွင်ရင်ဖွင့်မိကြသော အကြပ်တပ်သားများ အိမ်ရော၊ ပစ္စည်းရောအကုန် “ပြည်သူပိုင်” သိမ်းယူကာ ဝေခြမ်းစားသောက်ကြပြီး နောက်ဝေခြမ်းစား၍ မရသောပိုင်ရှင်များကို ဖမ်းဆီး ကာ အကျဉ်းထောင်သို့ပို့ခံရ သောကုန်သည်များ လုပ်ငန်းရှင်များစသည်ဖြင့် လူစုံဖြစ်သည်။ ထောင်ကျဆောင်များဖြစ်သော အဆောင် (၁) နှင့် (၂) တို့တွင် တဆောင် လျှင်လူ (၂၀၀၀) အထိ ငပိသိပ်၊ ငချဉ်သိပ်ထားသည်က များသည်။ နိုင်ငံရေးအဆောင်များတွင်မူ အများဆုံးက တဆောင်လျှင် ငါးရာ ထက်ပိုလေ့မရှိပေ။
ယခုကျနော်တို့ ရောက်နေသော အဆောင်မှာ နံပါတ် (၆) အဆောင်ဖြစ်၏။ ယင်းအဆောင်မှာ ထောင်ဗူးဝကြီးအလယ်မှာ ညာဘက်နား ၌ ကပ်လျက်ရှိသော အခန်းတခန်းတည်းသာရှိသည့် တထပ်အဆောင်ငယ်ဖြစ်သည်။ ဤအဆောင်သည် ထောင်ဗူးဝနှင့် ကပ်နေသော် လည်း တထပ်ဆောင်ဖြစ်သောကြောင့် (၂၃) ပေမြင့်သည့် ထောင်တံတိုင်းအပြင်ဘက်မှ လုံးဝမမြင်နိုင်။
ထောင်ဗူးကြီး အဝင်ဝဲဘက်တွင်မူ (၇) အဆောင်ရှိသည် ထိုအဆောင်မှာလည်း (၆) ဆောင်ကဲ့သို့ တထပ်ဆောင်ဖြစ်ပြီး အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများကိုထားသည်။
ကျနော်တို့ ယခုရောက်နေသော (၆) ဆောင်မှာ အမျိုးသမီးများထားလိုက်၊ အမျိုးသားများထားလိုက်နှင့် မကြာခဏဘဝပြောင်းလေ့ရှိ သည် ဟုဆိုသည်။ ကျနော်တို့ကို မပို့မီ တနှစ်ကျော်ခန့်က ဤ (၆) ဆောင်တွင် စာရေးဆရာမ ဂျာနယ်ကျော်မမလေး ဗကပ ဥက္ကဌ သခင်ဇင်၏ ဇနီး ဒေါ်ကြည်ကြည်၊ ရဲဘော်သုံးကျိတ် ဗိုလ်ရန်နိုင်၏ ဇနီး ဒေါ်သဉ္ဇမော်နိုင် စသည့် အမျိုးသမီးများ နေသွားခဲ့ဘူးကြသည်။ ယင်းအမျိုးသမီး ခေါ်ဆောင်များကို အခြားနေရာသို့ပြောင်းရွေ့သွား ပြီးသောအခါ ဦးပွင့်ကောင်း ကြက်ဆင်ဖဲထီး ဦးသန်းမောင်၊ Tဘထ္ထရီ ဦးအုန်းတင်စသော စီးပွာရေးလုပ်ငန်းရှင်ကြီးများ တလှည့်စီ နေသွားခဲ့ကြဘူးသည်။ ကျနော်တို့သည် ဤ (၆) ဆောင်သို့ လွန်ခဲ့သော ၁၀ ရက်ကျော်ကမှပြောင်းရွေ့ လာခဲ့ကြခြင်းဖြစ်သည်။ ကျနော်တို့ပြောင်းရွေ့လာခဲ့ရသောနေ့မှာ ၁၉၆၈ ခုနှစ် ဧပြီလ (၆) ရက်နေ့ဖြစ်သည်။
(၃)
ကျနော်တို့သည် အဘဦးဆန်း ဆိုညည်နေသော ဗျူးကယ်မှုတ်သံ အလိုက်တေးသံကို အဘောကျပြီး ဝိုင်းရယ်နေကြသည်။ ဝိုင်းရယ် သည်ဆိုပေမဲ့ အသံသိပ်မကျယ်လှ ကျနော်တို့အခန်းထဲတွင် အထိမ်းသိမ်ခံ (၃၄) ယောက်ရှိသည်။ ညနေက ဝါဒါများ လူစစ်တံခါးပိတ် သွားသည်နှင့် ကျနော်တို့သည် အခန်းထဲတွင် ဟိုသည်စုသည်တစု စုဝေးစကားပြောလေ့ရှိကြသည်။ ကျနော်အိပ်ရာမှာ အဘဦးဆန်း အိပ်ရာနှင့် ကပ်လျက်ရှိသည်။ ထို့ကြောင့် အဘဦးဆန်းနှင့်ကျနော်တို့သည် အခြားသုံးလေးယောက်နှင့် အတူ ဝိုင်းဖွဲ့စကားပြောနေ ကြရာမှ နေ့တိုင်းနှင့်မတူ တမူထူးခြားသော ဗျူကယ်မှုတ်သံကိုနားထောင်ရင်း အဘဦးဆန်း၏ တေးသံကိုဝိုင်းရယ်နေကြခြင်းဖြစ်သည်။
ဗျူကယ်မှုတ်သံမှာ ဆက်တိုက်တိုက်ပေါ်ထွက်နေ၏ ခါတိုင်းနေ့များ၌ သည်အချိန်တွင် သည်အသံမျိုး သည်အလိုက်မျိုး ကြားရလေ့မရှိ ယခုထူးခြားသည့်အသံကို ထပ်တလဲလဲ ကြားနေရသဖြင့် တခုခုထူးသည်ကိုတော့ ကျနော်တို့သတိပြုမိကြသည်။ သို့သာ် ဤဗျူ ကယ်သံသည် ကျနော်တို့အတွက် ကံကြမ္မာဆိုးကို သွေးထိုးနှိုးဆွပေးနေသော မကောင်းဆိုးဝါကောင်၏ ကျိန်ဆိုသံမှန်း ကျနော်တို့ မရိပ်မိကြ ရိပ်မိစရာလည်း အကြောင်းလုံးဝမရှိ ဤအဆောင်သို့ ကျနော်တို့ရောက်လာသည်မှာ (၁၆) ရက်သာရှိသေးသည် ဤအဆောင်သို့ ရောက်ပြီးနောက် ထူးခြားသောအဖြစ်အပျက် ဘာတခုမှဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ ထောင်မှူးဝါဒါများနှင့် စကားများကြခြင်း လည်းမရှိ အချင်းချင်းပြဿနာလည်းမပေါ် ထိုသို့သောအချိန်မျိုးတွင် ယုတ်မာရက်စက်သော ကံကြမ္မာဆိုးကြီး ဆိုင်းမဆင့်ဘုံမဆင့် ဗြုံးစားကြီး ရောက်လာမည်ဟု မည်သူတွေးထင်ပါမည်နည်း။ ထိုနေ့ကာ ၁၉၆၈-ခု ဧပြီလ (၂၂) ရက်နေ့ဖြစ်သည်။
(၄)
ကျနော်တို့ စကာပြောနေကြစဉ်မှာပင် ကျနော်တို့ အဆောင်ဝန်းထဲသို့ စစ်ဖိနပ်ခွာသံ ပြင်းပြင်းဆောင့်နင်း၍ လျှောက်လာသံများကို ကြားနေကြရ၏။ ကျနော်တို့အခန်းတွင်းမှာ မီးရောင်များလင်းထိန်နေပြီး အပြင်ဘက်တွက်မူ အမှောင်အတိ ဖြစ်သဖြင့် အခန်းအပြင် ဘတ်ဝန်းထဲကို ကောင်ကောင်းမမြင်ရ မှောင်ရိပ်ထဲတွင် လှုပ်လှုပ်နှင့်သဏ္ဌန်များကို အသဲမကွဲသာ မြင်ရသည်။ ထိုအရာများမှာ ထောင် ဝါဒါများသာ ဖြစ်ရမည်ဟု အသေအချာမမြင်ရသော်လည်း ကျနော်တို့အတတ်သိနေကြပါသည်။ လူ (၂၀) ဝန်းကျင်ခန့်ရှိမည် ထင် သည်။ ခြေသံပြင်းပြင်းနင်းလျှောက်လာသော ဝါဒါများသည် ကျနော်တို့အဆောင်ဘတ်သို့ မျက်နှာမူကာအဆောင်ကို ပတ်ပတ်လည်မှ ဝိုင်းထားလိုက်ကြ၏။
ကျနော်တို့သည် မတိုင်ပင်ရပဲနှင့် စကားဝိုင်းများရပ်ကာ ကိုယ့်အိပ်ရာမှာကိုအသီးသီး ပြန်ထိုင်နေလိုက်မိကြသည်။ ခုထိဘာမှ မယ်မယ် ရရ မသိရသေး ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေး။
အဆောင်ဝန်း ဂိတ်ပေါ်မှ နောက်ထပ်ခြေသံများ ကြားရပြန်သည်။ ယခင် ခြေသံများအတိုင်း မြေကြီးကိုစောင့်နင်းဝင်လာကာ ပထမ အသုတ်ကဲ့သို့ပင် အဆောင်ကို ဝိုင်းလိုက်ပြီးနောက် အမှောင်ထုထဲသို့ ဆုတ်ခွာပျောက်ကွယ် သွားကြပြန်သည်။ ပြီးနောက် တသုတ်၊ သို့နှင့် ကျနော်တို့၏ အဆောင်ကို ဝါဒါများ သုံးထပ်ကွမ်း ဝိုင်းလိုက်ပြီးဖြစ်သည်။ သူတို့အားလုံး ယူနီဖောင်းအပြည့်အစုံ ဝတ်ထားကြပြီး သံခမောက်ပုံစံ ဖိုက်ဗာဦးထုပ်များ ဆောင်းထားကြ၏။ သူတို့ဘာလုပ်ကြမှာလဲ။ တလာစီမှာလား
ထောင်ထဲတွင် ထောင်ကျများ သို့မဟုတ် အထိန်းသိမ်းခံများ၏ အိပ်ရာပစ္စည်းများ၊ ကိုယ်ခန္ဓာများကို ထောင်အာဏာပိုင်တို့က မကြာခဏ ဝင်ရှာတတ်လေ့ရှိသည်။ ဤကဲ့သို့ ရှာဖွေခြင်းလုပ်ငန်းကို တလားစီသည်ဟုခေါ်သည်။ ဤသို့တလာစီသည့်အခါ သူတို့ စိတ်တိုင်းမကျသည့် ပစ္စည်းအသုံးဆောင်မှန်သမျှ အားလုံးသိမ်းကျုံး ယူသွားလေ့ရှိသည်။ တခုတလေ အိမ်မှ မနေ့ကပို့လိုက်၍ ထောင်ပိုင် သို့မဟုတ် ထောင်မှူးအရာရှိ စစ်ဗိုလ်တယောက်ယောက်က ခွင့်ပြုထားပြီးပစ္စည်းကို သည်နေ့ပြန်သိမ်းသွားသည့် အခါမျိုးလည်း ရှိတတ်သည်။ သူတို့ သိမ်းဆည်းသွားသည့်ပစ္စည်း ဘယ်တော့မှပြန်မရ ဤသို့ တလာစီရာတွင် ဥပဒေနှင့် မလွတ်ကင်းသောပစ္စည်းဟု ယူဆကာ အရာဝထ္ထု တခုခုကိုမိလျှင်တော့ မသက်သာလှ အဆောင်မှ ခေါ်ထုပ်သွားပြီး ရိုက်နှက်ကန် ကြောက်ကြမည် သို့မဟုတ် အခြားနည်းလမ်းဖြင့် ညှင်းဆဲကြမည်။ ပြီး “ကြိုး” တိုက်ထဲ သို့မဟုတ် “အမှောင်တိုက်” ထဲပိတ်လှောင် ထားလေ့ ရှိကြသည်။ တပတ် သို့မဟုတ် နှစ်ပတ် သို့မဟုတ် သုံးပတ် သူတို့ထားချင်သလောက် ထားကြသည်။ ဘာဥပဒေမှ သူတို့ ဂရုမစိုက်။ ယခုတလာစီဖို့ ပြင်ဆင်နေကြသည်ဟု ကျနော်တို့ထဲမှ အများစုကထင်ကြသည်။ သို့သော် ခါတိုင်းပြင်ဆင်ပုံနှင့် လုံးဝမတူ၊ တမူထူးနေလေသည်။
(၅)
မြောက်ဘတ်ရှိ အဆောင်တံခါးသည် ဗြုံကနဲပွင့်သွား၏၊ တံခါးတွင် ဗလကောင်းကောင်း မျက်နှာရှစ်ခေါက်ချိုးနှင့် အရာခံ-ဗိုလ် ကျော်အေးဆိုသူ ရပ်နေသည်။ သူသည် ကျနော်တို့်အား စားတော့ဝါးတော့မလို စိုက်ကြည့်နေသည်။ သူ့လက်ထဲတွင် စာရွက်တရွက် “ကျုပ် နာမည်ခေါ်တဲ့လူတွေလာခဲ့” ကျော်အေးက လေသံမာမာနှင့် အော်ငေါက်၍ပြောသည်၏။ “လှမောင်” အသက် (၅၀) ကျော် အရွယ် မီးရထားအမှုထမ်းကြီး ဦးလှမောင်သည် တံခါးပေါက်ဆီသို့ လျှောက်သွား၏ တံခါးပေါက်နားရောက်သည်နှင့် ဝါဒါနှစ်ယောက် ဝင်လာကာ ဦးလှမောင်၏ လက်မောင်းများကို ဗယ်တယောက် ညာတယောက် ချုပ်ကိုင်လိုက်ကြပြီး အပြင်ဘတ် အမှောင်ထဲသို့ အကြမ်းပတမ်း ဆွဲခေါ်သွားကြသည်။ ဦးလှမောင်ခင်ဗျာ နောက်ပြန်လှည့်ကြည့်ဖို့ ကြိုးစားသေးသည်။ သို့သော် ကြည့်ခွင့်မရ “မောင်ရွှေ” ကိုရွှေမှာ ကျနော်နှင့် ရင်းနှီးသော မူစလင် အမျိုးသားဖြစ်သည်။ သူအားလည်း အမှောင်ထုအတွင်းသို့ ရုတ်ရင်းကြမ်း တမ်းစွာ ဆွဲခေါ်သွားကြပြန်သည်။ “လှဖေ” ကျနော့်နာမည်ကို ခေါ်လိုက်သည်နှင့် ကျနော်သည် လုံချည်ကို ခိုင်အောင်ပြန်ဝတ်လိုက်င်္ပြိး တံခါးဝဆီသို့ လျှောက်သွားသည်။ ဝါဒါနှစ်ယောက်က ကျနော့်အား တဘတ်တချက်စီမှ ဖမ်းချုပ်ကာ ဆွဲခေါ်သွားကြပြန်သည်။ အဆောင် ဝန်းတံခါးပေါက်မှ လှမ်းထွက်သွားသည်နှင့် တပြိုင်နက် ဘာဘူစောင် ညစ်ထေးထေး တထည်သည် ကျနော့်အား ပိုက်ကွန်တခုသဖွယ် လွှားကနဲ ဖုံးအုပ်ခြင်းခံလိုက်ရသည်။ ကျနော့် အပေါ်ပိုင်းတခုလုံး စောင်ဖြင့်အုပ်ပြီးသား ဖြစ်သွားသည်။
ကျနော့်ကို ချုပ်ကိုင်ထားသည့် ဝါဒါနှစ်ယောက်က ကျနော်လက်များကို နောက်ကျောဘတ်သို့ ဆောင့်ဆွဲယူသွားကြ၏။ သူတို့ ကျနော့် ကို လက်ပြန်ကြိုးတုတ်တော့ နှောင်တော့မည်ကို ကျနော်သိလိုက်သည်နှင့် “ခဏလုံချည်ပြီနေတယ်” ဟုပြောရင်း ကျနော်လက်များကို ရှေ့ဘတ်ဆီသို့ စောင့်ဆွဲယူလိုက်မိ၏။ “မြန်မြန်ဝတ်” ပြောပြောဆိုဆိုပင် ဝါဒါများကခွင့်ပြု၏။ ကျနော်သည် လုံချည်ဝတ်နေရင်း စောင်ကြားမှ ပတ်ဝန်းကျင်သို့ အသာကြည့်မိသည်။ ဓာတ်တိုင် မီးရောင်အောက်တွင် ယူနီဖောင်းဝတ် ဝါဒါ တသီတတန်ကြီးကို လှမ်းမြင်ရသည် ခုခံ၍ဘာမျှထူးမည်မဟုတ်။
ဝါဒါနှစ်ယောက်သည် ကျနော်လက်များကို နောက်ကျောသို့ အဓမ္မဆွဲယူသွားကြပြီး ကြိုးဖြင့်ထပ်ထပ် ချည်နေကြသည်။ သူတို့ရက်စက် ကြပေတော့မည်။ ပါးကွက်အာဏာသားတို့ ရမ်းကားကြတော့မည်။ ဘယ်လိုများလုပ်ကြမလဲ? ဘယ်လိုများခေါ်သွားကြမလဲ? ငါတို့ သူတို့လုပ်သမျှ တဘတ်သတ် ခံကြရတော့မှာပါလား။ လုံချည်ဝတ်မည်ဆို၍ ခေတ္တလွှတ်ပေးထားတုန်း ရှိသမျှအင်းအားဖြင့် အစွမ်းကုန် ခုခံတိုက်ခိုက်ရင်း အသေခံသွားတာက ပိုမကောင်းပေဘူးလား။ ကျနော်ခေါင်းထဲတွင် မေးခွန်းများ အဆက်မပြတ် အစီအရီပေါ်လာ သည်။ သို့သော် သိပ်ကြာကြာ မစဉ်းစားလိုက်ရ။
လက်ပြန်ကြိုးချည်ပြီးသည်နှင့် နောက်ကျောမှ ဝါဒါတယောက်က ကျနော့ တင်ပါးကို တအားစောင့်ကန်လိုက်သည်။ ကျနော်သည် “ဘိုင်းကနဲ” မှောက်ရက်လဲကျသွား၏။ လက်များနောက်ပြန်ချည်ထားသဖြင့် ကိုယ်ကိုကိုယ့်မကာကွယ်နိုင် မျက်နှာဖြင့်မြေကြီး “ဒိုင်းကနဲ” ရိုက်မိသွား၏ မျက်လုံထဲမှကြယ်ပွင့်များ ဖြာထွက်ကုန်သည်။ ကျနော့်ကို ဆွဲထူလိုက်ကြပြန်သည်။ ကျနော်သည်သူတို့ ဆွဲထူရာသို့ အလိုက်သင့်ပါလာသည်။
ဝါဒါနှစ်ယောက်သည် ကျနော့်အား တဖက်တချက်စီမှဆွဲကာ လေးငါးလှမ်းမျှ ဆွဲခေါ်သွားကြ၏။ ထိုအချိန်တွင် နောက်ကျောဘတ်မှ တယောက်က စစ်ဖိနပ်ဖြင့် တင်းပါးကို စောင့်ကန်လိုက်ပြန်သည်။ ဆောင့်ကန်သည်နှင့် ချိန်ကိုက်ကာ ဘေးမှနှစ်ယောက်က လွှတ်ပေး လိုက်သဖြင့် ကျနော်မှာ ရှေ့သို့အထိမ်းအကွပ်မရှိ မှောက်ရက်လဲကျသွားပြန်သည်။ ကျနော့်မျက်နှာမှာ မြေပြင်နှင့် “ဒိုင်းကနဲ” ရိုက်မိပြန်သည်။ ကျနော်ကိုဆွဲမကြပြန်၏၊ ဤတွင် ကျနော်ပါးစပ်ထဲမှ ငံကျိကျိအရည်များ ပြည့်နေသည်ကို သတိထားလိုက်မိသည်။ ကျနော်သည် ထိုအရည်များကို ထွေးမထုပ်ပဲ မျိုချလိုက်မိသည်။ ဤကဲ့သို့ ဆောင့်ကန်လိုက်၊ ဆွဲယူလိုက် လေးငါးကြိမ်မျှ လုပ်ပြီးသောအခါ နောက်ထပ် စောင့်မကန်တော့ပဲ တွဲခေါ်လာကြသည်။ မျက်နှာကိုစောင်ဖြင့်အုပ်၍ ခေါ်လာခြင်းဖြစ်သော်လည်း သူတို့ဘယ်ဆီသို့ ခေါ်သွားနေသည်ကို ကျနော်သတိထား ခန့်မှန်းမိသည်။ သူတို့သည် ကျနော့်အား မဆလ ကွက်သစ်ဆီသို့ ခေါ်သွားနေကြသည်ကို ကျနော် ခန့်မှန်းသိနေပါသည်။
(၆)
မဆလ ကွက်သစ်ဆိုသည်မှာ အဆောင် (၃) ဆောင်နှင့် (၄) ဆောင်အကြား စိုက်ခင်းမြေကွက်အတွင်း ဆောက်လုပ်ထားသော လုံးချင်းအိမ်ငယ်များကို ခေါ်ခြင်းဖြစ်သည်။ အိမ်ငယ်များဆိုသော်လည်း အပြင်မှ သောခတ်ပိတ်လှောင်၍ရသော တိုက်ငယ်များသာ ဖြစ်သည်။ အိမ်တလုံးစီးကို ရှစ်ပေမျှမြင့်သော သွပ်ပြားခြံစည်းရိုးဖြင့် ကာရံထားသည်။ ဤအိမ်ငယ်များကို ၁၉၆၄-ခုနှစ်တွင် တရားမဝင် ကြေငြာသော ၁၀၀ တန်ကျပ်တန်ငွေ စက္ကူမှုဖြင့် ဖမ်းဆီးခံရသော မဆလ အစိုးရပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်နှင့် အပေါင်းအပါများအားထားရန် ဆောက်လိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့်ကျနော်တို့က ဤရပ်ကွက်ကို မဆလ ကွက်သစ်တွင် အထက်ပါအိမ်ငယ်များ အပြင်တိုက်တန်းလျားတခုလည်းရှိသေးသည်။ ထိုတိုက်ခန်းများသည် အရှေ့ခန်းနှင့်အတွင်းခန်း နှစ်ခန်းတွဲ တိုက်များဖြစ်၏။ အတွင်းခန်းသည် အိပ်ခန်းဖြစ်၏ ရေလောင်းအိမ်သာပါသည်။ ဤတိုက်ခန်များမှာလည်း မဆလ လူကြီးလူကောင်း များအတွက် ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤတိုက်ခန်းများသည် အခြား နိုင်ငံရေးအကျဉ်းသားများအား ပိတ် လှောင်ထားလေ့ရှိသော (၄) တိုက် (၅) တိုက် တို့နှင့်မတူပဲ အထူးစီစဉ်ထားခြင်းဖြစ်သည်။ လူလူချင်းအဆင့်တန်း ခွဲခြားမှုကိုဆန့်ကျင် ပါသည်ဆိုသော မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို ပီပီပြင်ပြင် သရုပ်ဖော်လိုက်ခြင်းဖြစ်သည်။
မဆလ ကွက်သစ်သို့ထောင်၏ ဗဟိုဘတ်မှအဝင်ဝတွင် အဆောက်အဦးတခုရှိသည်။ ထိုအဆောက်အဦးမှာ ထောင်အထူးအရာရှိအ ဖြစ် တာဝန်ယူနေသူ စစ်ထောက်လှမ်းရေးမှ ဗိုလ်ကြီးသန်းတိုးဆိုသူ၏ ရုံးခန်းဖြစ်၏ (သန်းတိုးသည် ယခုအခါ ဗိုလ်မှူးကြီးရာထူးဖြင့် နိုင်ငံခြားတိုင်းပြည်တခုတွင် သံအမတ်ကြီး ဦးသန်းတိုးအဖြစ် အမှုထမ်းနေလေသည်။
ဆက်လက်ဖော်ပြပါမည်
တင့်ဇော်
ဒေါင်းအိုးဝေ (တွဲ – ၃ – အမှတ်- ၆) ၁၉၉၃ – ဧပြီ- မေ- ဇွန်
......................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း ၆)
ကျနော်နှင့် ကိုအောင်ငွေ စကားကြာကြာမပြောလိုက်ရ။ ဝါဒါနှစ်ယောက်ရောက်လာပြီး ကိုအောင်ငွေအားစောင်အုပ်ကာ ပြန်လည် ခေါ်ထုတ်သွားသည်။ ဝါဒါတယောက်သည် ကျနော်အားလှမ်းကြည့်ကာ `စောင်ကိုဘာဖြစ်လို့အုပ်မထားတာလဲ´ ဟု ကြိမ်းမောင်းရင်း ကျနော့ဦးခေါင်းကို လှမ်းကန်လိုက်သည်။ သူ့ကန်ချက်သည် ဒီအခြေအနေမျိုးမှာ နောက်ထပ်နှိပ်စက်လိမ့်မည်ဟု မထင်သဖြင့် အ မှတ်မဲ့နေမိသောကြောင့် ကျနော့ဦးခေါင်းညာဘက်ခြမ်းကို တည့်တည့်ထိသွားပြီး အတော်ပင်ခံလိုက်ရသည်။
ကိုအောင်ငွေကိုခေါ်သွားပြီး၍ သိတ်မကြာခင်မှာပင် အခြားသူများရောက်လာကြသည်။ ကျနော်သည် စောင်ကိုပြန်ခြုံထားရသည်။ ဒဏ်ရာများတွင် သွေးကောင်းကောင်းမခြောက်သေးသဖြင့် သွေးစိုနေသောဒဏ်ရာတွင် ကပ်မသွားအောင် သတိပြုကာအသာအယာ လှပ်ပေးနေရသည်။ အသစ်ရောက်လာသူများလည်း ကျနော်ကဲ့သို့ပင် စောင်အုပ်ထားပုံရသည်။ သူတို့အား ဝါဒါများလာပို့စဉ်က လှုပ် ရှားသံများကြားလိုက်ရ၍သာ လူသစ်ရောက်မှန်း ကျနော်သိလိုက်ခြင်းဖြစ်သည်။ သူတို့ထံမှ ဘာသံမှနောက်ထပ်မကြားရ။ ကျနော်က လည်း အသံမပေး။ ကျနော်သည် အလွန်ပင်ပန်းနွမ်းယိနေပြီး ခေါင်းထဲမှာလည်း မူးနောက်နေသဖြင့် အသာမှိန်းနေလိုက်သည်။
သို့သော်အိပ်မပျော်၊ ဘာသံမျှမကြားရသဖြင့် ဟိုတွေးဒီတွေးနှင့် အရိုင်းအစိုင်းလူယုတ်မာတစု၏ အမိန့်ပေးစေခိုင်းချက်အရ ပါးကွက် သားဝါဒါနှင့် စစ်သားတို့၏ ရက်စက်မှုကို စဉ်းစားရင်းရင်ထဲမှာ နင့်နေအောင်ခံစားနေရသည်။ အချိန်မည်မျှကြာသွားသည်မသိ။ တစုံတ ယောက်ကခပ်တိုးတိုးစကားပြောသံကို ကြားရသဖြင့် စောင်ကိုအသာလှပ်ကာ လှမ်းကြည့်မိသည်။ ကျနော်နှင့် တခန်းထဲရောက်နေ သော သူများထဲမှတယောက်သည် စောင်ကိုလှပ်ပြီး သူနှင့်ကပ်နေသူအခြားတဦးအား ပြောနေခြင်းဖြစ်သည်။ သူ့ကို ကျနော်မသိ၊ သူ သည် ကျနော်စောင်လှပ်ကြည့်သည်ကို သတိထားမိပြီး အားယူ၍ပြုံးပြသည်။ သူသည်လည်း ကျနော်ကဲ့သို့ပင် အပြင်းအထန် နှိပ်စက် ခံထားရသဖြင့် သူ့အပြုံးမှာ နာကျင်မှုဝေဒနာကို ခံစားနေရသော သူတယောက်၏အပြုံးမို့ ထူးခြားနေသည်။
ပြင်းထန်သောဝေဒနာကြောင့် အံကြိတ်ကာ ရှုံ့မဲ့နေရခြင်းကိုကျော်လွှား၍ ပြုံးရသောအပြုံး၊ အလွန်ဆိုးရွားသောအခြေအနေတွင် တွေ့ ရသော ဘဝတူတယောက်အပေါ် စာနာချစ်ကြည်မှုကိုပြသောအပြုံး၊ ထိုမိတ်ဆွေသစ်မှာ ကိုကံဖြစ်သည်။ သူကလှမ်းပြောသဖြင့် အ ခြား တယောက်လည်းစောင်ကို ဖွင့်လိုက်သည်။ ထိုသူမှာ မျက်မှန်တပ်ထားသော အသားဖြူဖြူ လူငယ်တယောက်ဖြစ်၏။ သူနံမည် ကိုသက် ဖြစ်ကြောင်းနောက်သိရသည်။ ကျနော်တို့သုံးယောက်အပြင် နောက်ထပ်လေးယောက် အခန်းထဲတွင်ရှိနေသည်။ ကိုဆွေ၊ ကိုမျိုး၊ ကိုထွန်း၊ ကိုရွှေတို့ ဖြစ်ကြသည်။ သူတို့အားလုံးလည်း နှိပ်စက်ခံထားရသဖြင့် အားလုံးကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်လျှက် နေကြရသည်။ မည်သူမျှ မထိုင်နိုင်ကြ။ အချင်းချင်းသတိပေးပြီး ခြေသလုံးမှသည် တင်ပါးနှင့်ကျောပြင်အထိ အဝတ်များကို လှပ်ထား ကြရသည်။ သူတို့ ခြောက်ယောက်ထဲတွင် ကျနော်သိကျွမ်းဖူးသူမှာ နှစ်ယောက်သာပါသည်။ ကိုမျိုးနှင့် ကိုထွန်းတို့ ဖြစ်ကြသည်။
`ဒီကောင်တွေ ဘယ်အချိန်ပြန်သွားကြမှန်း မသိဘူး။ ကျနော်တို့မှာတော့ ညစ်ပေနံစော်နေတဲ့စောင်ကို ခေါင်းမြီးခြုံပြီး မလှုပ်မရှက်နေ လိုက်ရတာ’
တယောက်ကငြီးလိုက်၏။ ဟုတ်ပါသည်။ ဤမျှပူအိုက်သောရာသီတွင် ဤမျှကျဉ်းမြောင်းသောအခန်းငယ်ထဲ၌ မည်သည့်အခါမျှစိတ် ထဲမှာ ထည့်မစဉ်းစားဘူးလောက်အောင် ညစ်ပတ်နံစော် မည်းတူးနေသောစောင်ကို ခေါင်းမြီးခြုံ၍ သွေးအလိမ်းလိမ်း ချွေးတရွှဲရွှဲဖြင့် နေရ သောဒုက္ခမှာ ကြီးမားလှပါသည်။ ထိုအခန်းသည်အလျားဆယ်ပေ၊ အနံခုနှစ်ပေရှိပြီး မျက်နှာစာတွင် သံတံခါးတခုရှိသည်။ ထို သံတံခါးမှ တပေခွဲခန့်အကွာတွင် ခြောက်လက်မပတ်လည်အရွယ်ရှိပြီး ရှစ်လက်မခန့်မြင့်သော တိုင်ငုတ်တခုရှိ၏။ ဗြိတိသျှ ခေတ် ကရော ဖဆပလ ပါလီမန်ဒီမိုကရေစီခေတ်တွင်ပါ ဤအခန်းများ၌ ကြိုးဒဏ်ကျပြီးသား ထောင်ကျအကျဉ်းသားကို ထားသည်ဟု ဆို သည်။ ထိုအကျဉ်းသားများအား အလုပ်ကြမ်းစေခိုင်းခဲ့ရာ ထိုသူများသည်ရေစိမ်ထားသော အုန်းခွန်များအား ဤတိုင်ငုတ်ပေါ်တွင် သစ်သားလက်ကိုင်တခုဖြင့် ထုရသည်ဟုဆိုသည်။
ထုရိုက်ချေမွှပြီးသော အုန်းဆံကြိုးများကိုရေဆေးပြီး အုန်းဆံကြိုး သို့မဟုတ် မွေ့ယာ၊ ခေါင်းအုံးများလုပ်ရာတွင် အသုံးပြုလေ့ရှိကြ သည်။ အခန်းကျဉ်းထဲမှာ လူနှစ်ယောက်နှင့်ပင် ပြည့်ကျပ်နေပြီဖြစ်သဖြင့် ဤတိုင်ငုတ်တိုမှာ ကျနော်တို့အတွက် အနှောက်အယှက် တ ခုဖြစ်နေသည်။ ကိုကံက ထိုတိုင်ငုတ်တိုတဖက်ထောင့်နားတွင် ဖြစ်သလိုကြံဖန်အိပ်ပါမည်ဟု ကမ်းလှမ်း၍ အနစ်နာခံသွားသည်။ ထို့ ကြောင့် ကျန်လူများနှင့် ငါးယောက်သည် အခန်းကိုကန့်လန့်ဖြတ်၍ တန်းစီအိပ်ကြရပြီး တယောက်ကမူငါးယောက်၏ ခြေရင်းဘက် တွင် ကျန်နေသည့် ကွက်လပ်ကလေး၌ ဂန်ဖလားကိုခြေကန်ကာ အိပ်ရသည်။
သွေးရော၊ ချွေးရောဒလဟောထွက်သွားသဖြင့် ရေဆာလှသည်။ သို့သော် သူတို့လာမပေးမချင်းဘာမျှမတတ်နိုင်။ ဤအခြေအနေမျိုး တွင် ရေပေးဆိုပြီး အော်တောင်းလျှင်လည်း ဘာမျှအကျိုးထူးမည်မဟုတ်သည် သာမက နောက်ထပ်အထုအထောင်း ခံရဖို့သာများ သည်။ ကျနော်သည် အားအင်ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်နေသော်လည်း အိပ်မပျော်နိုင်။ ဝမ်းလျားမှောက်လျှက် အနေအထားနေ ရသဖြင့် သိပ်အဆင်မပြေလှ။ ညောင်းလာသဖြင့်ကိုယ်ကိုအနည်းငယ် လှုပ်လိုက်သည့်အခါတိုင်းဒဏ်ရာများက မခံမရပ်နိုင်အောင်နာ လှသည်။ ထို့ကြောင့် လူသာငြိမ်ငြိမ်လေးနေရသော်လည်း ကျနော့ စိတ်ကိုမူ ဘယ်သူကမျှ မထိန်းချုပ်နိုင်ကြ။
ကျနော်သည် ကျောင်းဆရာလုပ်သက် အတော်လေးရလာပြီဖြစ်သော်လည်း ကျောင်းသားများကိုဆုံးမရာတွင် ဘယ်သောအခါကမျှမ ရိုက်ဘူးခဲ့။ `တက္ကသိုလ်ဆရာဆိုတော့ ဘယ်ရိုက်နှက်ဆုံးမလို့ဘယ်ဖြစ်မလဲ´ လို့ ဆိုကောင်းဆိုကြမည်။ တက္ကသိုလ်ဆရာဆိုသော် လည်း တက္ကသိုလ်မှရသည့်လခနှင့် မလုံလောက်သောကြောင့် အလွတ်ပညာသင်ကျောင်းများမှာလည်း အချိန်ပိုင်းလိုက်ပြရသည်။ လသာလမ်းက ကျောင်းတကျောင်းမှာဆိုလျှင် သတ္တမတန်းထိပင် ဆင်းပြရဖူးသည်။ တပည့်ငယ်များအား ဆုံးမပြောကြားရသည့် အ ကြိမ်ပေါင်းအမြောက်အများ ရှိသည်။ သို့သော် စိတ်ရှည်လက်ရှည် ပြောဆိုဆုံးမခြင်းဖြင့် ကျနော့ ရည်မှန်းချက်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည်ချည်းပင်ဖြစ်၏၊ မရိုက်မဖြစ်ဆိုသော အခြေအနေမျိုးတခါမျှမကြုံဘူးခဲ့။ သို့သော် ဤသို့ပြောဆိုဆုံးမနည်းမှာ အလွန်ပင်ပန်းသည် မှန်သော်လည်း ကျနော်သည် ထိုနည်းကိုသာ နှစ်သက်သည်။
လူတဦး၏အတွေးအခေါ်ကို သူဖြတ်သန်းလာရသော ဘဝဖြစ်စဉ်အတွေ့အကြုံများက ပြောင်းလဲဖန်တီးတတ်သည့် အခါများလည်းရှိ သည်။ ကျနော်ကိုယ်တိုင်မှာ ငယ်ငယ်ကမိဘနှစ်ပါး၏ ရိုက်နှက်ဆုံးမခြင်းနှင့်မူလတန်းအရွယ်ကဆရာတချို့၏ရိုက်နှက်ဆုံးမခြင်းများခံ ခဲ့ရဖူးသည်။ တချို့သောကိစ္စများတွင်အမှားကျူးလွန်မိ၍ ရိုက်နှက်ဆုံးမခံရခြင်းဖြစ်၏။ တချို့ကိစ္စများတွင်မူအထင်မှား၍သော်လည်း ကောင်း၊ တစုံတဦးကိုဘက်လိုက်မျက်နှာသာပေး၍သော်လည်းကောင်း၊ ရိုက်နှက်ဆုံးမခံရခြင်းဖြစ်သည်။ မည်သည့်အကြောင်းကြောင့် ရိုက်နှက်ဆုံးမသည်ဖြစ်စေကာမူမိဘ သို့မဟုတ် ဆရာများသည်တခါတရံဒေါသဖြစ်၍ ရိုက်နှက်မိခြင်းရှိတတ်သည်မှန်သော်လည်းအ များအားဖြင့်ကောင်းလာပါစေတော့ ဆိုသောစေတနာဖြင့်ရိုက်နှက်ဆုံးမခြင်းသာဖြစ်၏။
မည်သည့်အကြောင်းကြောင့် ရိုက်နှက်ဆုံးမသည်ဖြစ်စေကာမူ မိဘ သို့မဟုတ် ဆရာများသည် တခါတရံဒေါသဖြစ်၍ ရိုက်နှက်မိခြင်းရှိ တတ်သည်မှန်သော်လည်း အများအားဖြင့် ကောင်းလာပါစေတော့ဆိုသော စေတနာဖြင့် ရိုက်နှက်ဆုံးမကြခြင်းသာ ဖြစ်၏။ ထို့ကြောင့် စေတနာမှန်သည်။ သို့သော် လုပ်နည်းတော့မှားသည်ဟု ကျနော် အမြဲခံယူသည်။ အိမ်နီးနားချင်းများမှာပင် မိသားစုတခုနှင့်တခု မတူ ကြ။ တချို့မိဘများမှာ သားသမီးကိုရိုက်နှက်ရာတွင် ပြင်းထန်လွန်းသဖြင့် တခါတရံ ရပ်ကွက်မှပင် ဝင်၍တားယူရသည်။ ဤကဲ့သို့ သော ရိုက်နှက်ခြင်းများသည်နောင်တွင် သတိထားအောင်ဆုံးမခြင်းမဟုတ်တော့ပဲ မိမိမကျေနပ်တာတခုအတွက် ကလဲ့စားချေနေခြင်း မျိုးဖြစ်သည်။ `နင်ကသားသမီး၊ ငါကမိဘ၊ ဘာမှပြန်မပြောနဲ့။ ငါလုပ်သမျှခံရမယ်´ ဆိုသည့်အတွေးဖြင့် ရိုက်နှက်ဆုံးမကြခြင်းဖြစ် သည်။ ဆုံးမသည်ဟုသာဆိုရသော်လည်း တကယ်မှာ လူကြီးက ကလေးနှင့်တန်းတူအနေအထားသို့ ရောက်သွားကာ ကလေးနှင့် ဖက်၍ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့်ရိုက်နှက်ဆုံးမခြင်းသည် မှားသည်ဟုကျနော်ယူဆသည်။
စေတနာမှန်လျှင်တောင်မှ လုပ်နည်းမှားပါသည်ဟုမြင်ထားသော ကျနော်အဖို့ စေတနာကမမှန်သော တဖက်သတ်နိုင်လိုမင်းထက်ပြု သော ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ဘယ်လိုမျှခွင့်မလွှတ်နိုင်။ ကမ္ဘာပေါ်တွင် ရှိရှိသမျှသော မည်သည့်ဘာသာရေးအတွေးအခေါ်။ မည် သည့် လူမှုရေးအယူအဆမျိုးကမျှ နှိပ်စက်ညှဉ်းပန်းခြင်းကိုအားမပေး။ သို့သော် ဘာသာတရား ကြည်ညိုလှပါသည်ဆိုသော သူတို့ သည် သူတို့ခံရသော အလှည့်ရောက်သောအခါမျိုးတွင်သာ ဘုရား တရား သံဃာ ရတနာသုံးပါးကို သတိရကြပြီး ကိုယ်တိုင်ကသူများ ကို ညှဉ်းပန်းနှိပ်စက်သောအခါတွင်မူ ဘာသာရေးကိုခေတ္တဖြစ်ဖြစ်မေ့ထားလိုက်ကြသည်။
ယခု ကျနော့်ကို ဘာမျှမရေရာသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ကြသည်။ ယခုအခါ မခိုင်လုံသောအကြောင်းပြချက်ဖြင့် နှိပ် စက်ကြပြန်သည်။ အလွန်အကျွံ နှိပ်စက်ခဲ့ကြပြီ။ ကျနော်သည် တွေးနေရင်း နာကျည်းဒေါသကြောင့် မျက်ရည်များ ယိုစိမ့်လာသဖြင့် မျက်လုံးများကို စုံမှိတ်ထားလိုက်သည်။ တိုက်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘာလှုပ်ရှားသံတခုမျှ မကြားရ။ အခန်းထဲရှိ မိတ်ဆွေများသည် အားလုံးငြိမ်သက်တိတ်ဆိတ်နေကြပြီ။ သူတို့ အိပ်ပျော်နေကြတာလား။ ကျနော့်လိုပင် အတွေးကိုယ်စီဖြင့် နစ်မျော နေကြတာလား။
“ရေ…ရေ…သောက်ကြဦးမလား” မိုးလင်းခါနီးတွင် ဝါဒါမောင်နွဲ့ရေတပုံးဖြင့် ရောက်လာသည်။ ကျနော်သည် အတွေးရေယာဉ်ကြော တွင် နစ်မျောနေရာမှ လန့်နိုးလာသလား၊ ဒါမှမဟုတ် တွေးရင်းတွေးရင်းအိပ်ပျော်သွားခဲ့ရာမှ လန့်နိုးလာသလား၊ မပြောတတ်။ လန့်နိုး ပြီး မောင်နွဲ့ကို လှမ်းကြည့်မိသည်။ ကျန်လူများလည်း နိုးလာကာရေထသောက်နေကြပြီ။ ကျနော် ရေသောက်ရန် ထဖို့ကြိုးစားသည်။ လူတယောက်အဖို့ အိပ်ရာမှထလျှင် ပေါင်ကိုကွေး၊ ဒူးကိုကွေးပြီးမှ ထ၍ရသည်။ ကျနော်သည် ပေါင်ကိုကွေးလိုက်သည်နှင့် အတော် ပင်ခြောက်သွေ့နေပြီ ဖြစ်သောတင်ပါးမှဒဏ်ရာများ ကွဲပြဲထွက်ကုန်ကာ မခံမရပ်နိုင်အောင်နာလာသည်။ သွေးများလည်း အသစ်တဖန် ယိုစိမ့်ထွက်လာသည်။ ထို့ကြောင့်ထ၍မဖြစ်။ ထိုင်၍ပင်မရ။ သို့ဖြင့် မှောက်လျက်အနေအထားဖြင့်ပင် ရေကိုသောက်ရသည်။
ရေကိုမနည်းမျိုချနေရသည်။ အာသာပြေအောင်ပင်သောက်ချိန်မရ။ တော်ပြီ။ “တော်ပြီ” ထောင်ဝါဒါမောင်နွဲ့သည်၊ ပြောပြောဆိုဆိုနှင့် ကျနော် ခက်ခက်ခဲခဲ သောက်နေရသော ရေခွက်ကိုဆတ်ကနဲ ဆွဲယူကာထွက်သွားတော့၏။ သူသည် ယခုကဲ့သို့ ရေခွက်နှင့် ရေပုံး ကိုဆွဲယူသွားသော်လည်း သူ့မျက်နှာမှာ ကျနော်တို့ အားရွံမုန်းသော အမူအရာလုံးဝမတွေ့ရ။ စာနာသည့် စိတ်မကောင်းဖြစ်နေသည့် လက္ခဏာသာ ဖော်ပြသည်။ သို့သော် သူသည် ကြောက်ရွံ့တုန်လှုပ်နေပုံလည်း ရသည်။ ကျနော်တို့အားလုံး နိုးသွားကြပြီဖြစ်သဖြင့် အချင်းချင်းနှုတ်ဆက် စကားပြောကြသည်။ ကျနော်တို့ရောက်နေသောအခန်းမှာ (၅) တိုက်အခန်း (၁) ဖြစ်မည်ဟု တယောက်က ပြောသည်။ အခန်း (၁) ဆိုတော့ အစွန်ဆုံးအခန်းဖြစ်သဖြင့် ကျနော်တို့ အခန်းရှေ့တည့်တည့်တွင် ဝါဒါများ၏ ရုံးခန်းရှိမည်။ ထို့ ကြောင့်စကားကို တိုးတိုးပြောမှဖြစ်မည်ဟု အချင်းချင်းသတိပေးကာ အစွမ်းကုန်တိုးတိုးသက်သာ ပြောဆိုကြသည်။ စကားပြောနေ ကြသည်ဆိုသော်လည်း မည်သူမျှ ထိုင်၍မနေနိုင်သဖြင့် ဝမ်းလျားမှောက်လျက်နှင့်ပင် ပြောနေကြခြင်းဖြစ်သည်။ သိပ်မကြာလိုက်ပါ။ ဝါဒါတယောက်ရောက်လာပြီး ကြိမ်းမောင်းပါတော့သည်။
“ခင်ဗျားတို့စကားပြောတာ သိပ်အသံကျယ်တာပဲ…တိုးတိုးပြောပါလား…အားလုံးနာကုန်မယ်” ကျနော် ဆိုခဲ့သည့်အတိုင်း ကျနော်တို့၏ စကားပြောသံများမှာ လေသံသာသာမျှသာဖြစ်သည်။ မဆီမဆိုင်ကြိမ်းမောင်းခြင်းမှာ အခံရခက်လှသည်။ သူတို့မှာ ဆင်ခြင်တုံတရား ဆို၍ စိုးစဉ်းမျှမရှိ။ လူသားချင်းစာနာစိတ်ဆိုသည်မှာ နတ္တိ။ ထို့ကြောင့် ကိုယ်ဘက်ကသတိထားမှဖြစ်မည်ဟု ဆုံးဖြတ်ပြီးစကားမပြော ကြတော့ပဲ အသာရပ်နားနေလိုက်ကြသည်။ နောင်စကားပြောလျှင်လည်း လေသံမျှဖြင့်သာ ပြောကြတော့သည်။
ကျနော့အခန်းဖေါ် (၆) ယောက်အနက် ကိုမျိုးနှင့် ကိုထွန်းတို့နှစ်ယောက်သာ ကျနော်သိကျွမ်းဖူးသူ ဖြစ်သည်။ ကိုမျိုးမှာ (၄) ဆောင် တွင် နေစဉ် သိကျွမ်းခဲ့ဖူးသူဖြစ်၏။ သိကျွမ်းခဲ့ဖူးသည်ဆိုသော်လည်း အပေါ်ထပ်နှင့်အောက်ထပ်ဖြစ်နေသဖြင့် ရေချိုးထမင်းစား တ ပြိုင်တည်းမထွက်ရ။ ထို့ကြောင့် သူတို့အပေါ်ထပ်မှ ရေချိုးထမင်းစားထွက်ချိန်တွင် ကျနော်တို့ အခန်းဘက်ဆီသို့ အပြင်ဘက်မှ လမ်း လျှောက်လာလေ့ရှိသောကြောင့် တယောက်ကိုတယောက်မြင်ဖူး၊ တွေ့ဖူး၊ပြုံးပြဖူးကြရုံသာရှိသည်။
ကိုထွန်းမှာ ကျနော်တို့ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှဖြစ်ပြီး ကျနော်ထက်အသက်သုံးနှစ်ခန့် ကြီးသည်။ ပင်းယကျောင်းဆောင် တွင် အတူနေခဲ့ကြရသဖြင့် ပို၍ရင်းနှီးခဲ့ကြသည်။ ၁၉၅၆ ခုနှစ်နောက်ပိုင်းမှစ၍ သူနှင့် ကျနော် နောက်ထပ်မတွေ့ကြတော့ ယခု စစ် အာဏာရှင်တို့လက်ထက်တွင် အဖမ်းခံရသော်လည်း သူက (၃) ဆောင်တွင်ရောက်နေသဖြင့် ကျနော်နှင့် မတွေ့ခဲ့ကြ။ ယခုမှ ဖူးစာ လာဆုံခြင်းဖြစ်သည် ကိုဆွေနှင့် ကိုသက်တို့မှာ ကျနော်တို့၏ (၄) ဆောင်နှင့်ကပ်လျက်ရှိသော မဆလတိုက်သစ်မှ ပြောင်းလာကြသူ များဖြစ်ကြသည်။ ကိုဆွေသည် အညာရွှေဘိုဘက်မှဖြစ်ပြီး ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်တွင် တပ်ကြပ်ကြီးအဖြစ် တာဝန်ယူ နေစဉ်အဖမ်းခံရသူ ဖြစ်သည်။
ကိုသက်မှာ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး တောင်ငူဇာတိဖြစ်သည်။ ကျန်နှစ်ဦးဖြစ်သော ကိုရွှေနှင့်ကိုကံတို့မှာ ကိုထွန်းနှင့်အတူ (၃) ဆောင်တွင်နေခဲ့ရသူများဖြစ်သည်။ ကိုရွှေသည် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ကိုကံမှာ အစိုးရရုံးအမှုထမ်းဖြစ်သည်။
ကျနော်တို့သည်တယောက်နှင့်တယောက်အပြန်အလှန်မိတ်ဆက်ပြီး၍ အားလုံးကြမ်းပြင်ပေါ်၌ ဝမ်းလျားမှောက်လျက်နှင့်ပင်ငြိမ်သက် စွာအတွေးကိုယ်စီဝင်နေကြချိန်တွင် စစ်ဖိနပ်ခွာသံကြားရသဖြင့်အပေါက်ဝဆီသို့တပြိုင်တည်းလှမ်းမျှော်ကြည့်လိုက်မိကြသည်။ ခြေသံ များတဖြေးဖြေးနီးလာပြီးကျနော်တို့ (၁) ခန်း (၂) ခန်းကိုခြားထားသောအုတ်နရံတဘက်မှ အရာခံဗိုလ်ကျော်အေးခေါင်းဆောင်သော စစ်သားနှင့်ဝါဒါတပ်ပေါင်းစုတပ်ဖွဲ့ဘွားကနဲပေါ်လာပါတော့သည်။
ကျနော်တို့အခန်းရှေ့သို့ရောက်သောအခါ ဦးကျော်အေးသည် ခါးထောက်ရပ်လိုက်၏။ သူ့မျက်နှာမှာအလွန်ခက်ထန်လှသည်။ “မင်း တို့ ခုဘာပြောချင်ကြသေးလဲ” ဦးကျော်အေး က မေးခွန်းထုပ်နေပြန်သည်။ ကျနော်တို့က ဘာမှပြန်မပြောကြ။ ကျနော်တို့ တစုံတခုမှား ပြောမိလျှင် ယင်းကိုအကြောင်းပြု၍ အခန်းထဲသို့ဝင်ရိုက်ကြမည်မှာမုချ။ ထို့ကြောင့် ကျနော်တို့ဘာမှမပြောကြ။ ပြောစရာတွေရင်မှာ မဆန့်မပြဲ ရှိနေပေမယ့် တဖက်သတ်ခံရမည်အရေးကြောင့် ပြန်မပြောကြခြင်းဖြစ်၏။
“ဟေ့ကောင်တွေ ပြောကြလေ” လက်မောင်းပေါ်တွင်ရှားရှားပါးပါး အရစ်ကလေးတရစ်ရထားသော ဒု-တပ်ကြပ်တင်လှကဆက်ကြိမ်း မောင်းပြန်သည်။ ကျနော်တို့က ဘာတခွန်းမှပြန်မပြောကြ။ နှုတ်မှဖွင့်ဟပြောခြင်းမရှိသော်လည်း စိတ်ထဲတွင်မူ ခံပြင်းဒေါသထွက်နေ ကြသည်။ ကျနော်တို့၏စိတ်ထဲမှ ဤခံစားချက်များသည် ကျနော်တို့၏ မျက်လုံးအိမ်ထဲတွင် အတိုင်းသားပေါ်လွင်နေပုံရသည်။
“အောင်မာ မင်းတို့ကသိပ်ခံပြင်းနေကြတယ်ပေါ့ဟုတ်လား” ဦးကျော်အေး က ခနဲ့လိုက်သည်နှင့် ဒုတပ်ကြပ်တင်လှသည်သွေးကြွလာ ကာ “မုန်ယိုလွတ်ပဲပေါ့” ကိုကံကဖြေလိုက်သဖြင့် ဘချောလာတော့သည်။ “ဒီကောင်တွေအားလုံး တယောက်မကျန်သတ်ပစ်တာပဲ ကောင်းတယ်…ဟေ့…တံခါးဖွင့်ကြစမ်း” သို့သော် ကျော်အေးသည်တံခါးဖွင့်ရန်အမိန့်မပေးပဲ…အသာလှည့်ပြန်သွားသဖြင့် တင်လှနှင့် တကွနောက်လိုက်နောက်ပါအားလုံး တသီတတန်းကြီးလိုက်သွားကြသည်။ ဦးကျော်အေးသည် ကျနော်တို့ အပေါ်လက်လွန်ခြေလွန် နှိပ်စက်ခဲ့မိခြင်းကို သတိထားမိ၍ ဖြစ်ပါလိမ့်မည်။ ထိုအခြေအနေတွင် နောက်ထပ်အကြမ်းပတမ်း နှိပ်စက်လျှင် ကျနော်တို့ခံနိုင်ရည် ရှိတော့မည်မဟုတ်။ နာရီဝက်ခန့်အကြာတွင် ထောင်ကြပ်ဘချော ရောက်လာသည်။ သူလက်ထဲတွင်ဗလာစာအုပ်တအုပ်ပါလာသည်။
“ခင်ဗျားတို့ဘာမစားဘူး…လဲပြောပါ” ဘချောသည်ကျနော်တို့အားလုံးကို အဆောင်များတွင်တွေ့ဘူးထားပြီးဖြစ်သည်။ “ခင်ဗျားတို့ အ သားစားလို့တော့ မဖြစ်ဘူးထင်တယ်…သက်သက်လွတ်စားကြပေါ့…မနက်ပိုင်းတော့ ပဲဟင်းပဲ” ဘချောသည် တခါတလေစိတ်ကောင်း ဝင်တတ်သည်။ တခါတလေတော့လည်း အလွန်လက်ပေါက်ကပ်တတ်သည်။ ယခုသူပြောနေပုံမှာ ရိုးသားလေးနက်ပုံပေါ်နေသည်။ စိတ်ကောင်းဝင်၍ ပြောခြင်းဖြစ်ကောင်းဖြစ်မည်။ “ကောင်းပြီ…အားလုံးသက်သက်လွတ်ပဲပေါ့” ကိုကံက ဖြေလိုက်သဖြင့် ဘချောသည် အားလုံးကို သက်သက်လွတ်စာရင်းရေးသွင်းပြီး ပြန်သွားသည်။
(၁ဝ) ပေ (၈) ပေ အခန်းကျဉ်းထဲတွင် ယခုလိုနွေရာသီ၌ လူ(၇) ယောက်စုပေါင်းနေရသည့်အလုပ်မှာမလွယ်။ လေဝင်လေပေါက်ဆို၍ သံ တိုင်တံခါးတပ်ထားသော တံခါးပေါက်တခုတည်းသာရှိသည်။ ထိုတံခါးပေါက်၏ ရှေ့တည့်တည့်တွင် ဝါဒါရုံးခန်းကပိတ်ဆို့နေခြင်း ကြောင့် ကျနော်တို့အခန်းသည် တနေကုန်လှောင်အိုက်နေသည်။ ချွေးတစီစီ ထွက်နေသည်။ ထိုချွေးများကခြောက်နေသောသွေးများ သို့ စိမ့်ဝင်သွားသောအခါ ခြောက်နေသောသွေးများမှာ စိုစိစိစေးကပ်ကပ် ဖြစ်လာသည်။ ဤတွင် ချွေးနံ့နှင့်သွေးညှီနံ့တို့ အညမည ဖြစ် ကုန်ကာ အမျိုးအမည်မသိသော အနံ့တမျိုးဖြစ်လာသည်။
သို့သော် နံစော်နေသော မြောင်းပုပ်ဘေးနားတွင် တဲစုတ်အိမ်ကလေးတခုကို ဖြစ်ကတတ်ဆန်း ဆောက်လုပ်နေရသော လူဆင်းရဲ မိသားစုသည် ထိုမြောင်းပုပ်၏ ပုပ်သိုးနံဟောင်သောအနံကို ယဉ်ပါးသွားကာ ဘာနံ့မှမရနိုင်တော့သကဲ့သို့ ကျနော်တို့သည်လည်း ဤ အခန်း ကျဉ်းလေးထဲတွင် ဘာကိုမျှရွှေ့ပြောင်းသွားလာ၍ မရသောဘဝတွင် ဤအနံ့ဆိုးများကို ရှုရှိုက်နေရသည့်အတွက် ဘာခံစား ချက်မှမရှိ တော့။
ဤအခြေအနေဆိုးကို တဆင့်တက်ပို၍ဆိုးဝါးစေသည်မှာ ဂန်ဖလားကိစ္စဖြစ်သည်။ ကျနော်တို့အားပေးထားသော ထောင်အခေါ်ဂန်ဖ လားဟုခေါ်သော အင်တုံမှာအငယ်စားဖြစ်၏။ လူ (၇) ယောက် ဆီးရောဝမ်းရော ဤအင်တုံသေးသေးမွှားမွှားထဲတွင် သွားနေရသည် ဖြစ်ရာ ဘယ်လိုမှလောက်ငှနိုင်စရာ အကြောင်းမရှိ။ နေ့စဉ် ဂန်ဖလားလာသိမ်းသူ ထောင်ကျအကျဉ်းသားအား တိုးတိုးတိတ်တိတ်ပြော ပြရာ သူကဘာမျှပြန်မပြော။ ဝါရင့်ထောင်ဝါဒါ တဦးဖြစ်သော ဦးကျော်သိန်းဆိုသူအား ပြောပြရာ သူသည်မျက်နှာကိုသာ ရှုံမဲ့ပြသွား သည်။ ထပ်ပြောလျှင်တော့ ထပ်မံနှိပ်စက်ခံရဖို့သာ ရှိတော့သည်။ ထို့ကြောင့် ကျနော်တို့ ကိုယ့်ဖာသာကိုယ် ဖြေရှင်းနည်းရှာကြံရ တော့သည်။ ကျနော်တို့အထဲမှ တစုံတယောက်တွင် တယ်လီဖုန်းကြိုးထဲက စတီးလ်ကြိုးအစလေးတစ ပါလာသည်။
ထိုစတီးလ်ဝါယာကလေးဖြင့် နှစ်တလက်မသစ်သားခင်း ကြမ်းပြင်၏ ကြမ်းကြားတနေရာကို တဖြည်းဖြည်းဖေါက်ကြရသည်။ ကျနော် တို့ ဖေါက်သည့်နေရာမှာ ဂန်ဖလားထားသည့် ထောင့်နားတွင်ဖြစ်၏။ ဤသို့ကြမ်းပြင်ကို ဖေါက်နေကြောင်းဝါဒါများမသိရအောင်လည်း အစွမ်းကုန်သတိထားရသေးသည်။ တယောက်တလှည့်စီ တခြစ်ခြစ်နှင့်ဖေါက်လိုက်ကြရာ တနေ့တည်းမှာပင် ပြီးသွားသည်။ ကြမ်း ကြားပေါက် ကလေးမှာအလျားတလက်မရှိပြီး အနံမှာတလက်မ၏ ဆယ်ပုံတပုံထက်ပင်သေးသော အပေါက်ကျဉ်းတခုသာ ဖြစ်သည်။ ဤသို့ သေးငယ်မှလည်း အာဏာပိုင်များဝင်ရောက်စစ်ကြော စပ်စုကြသောအခါ မမြင်နိုင်ပဲရှိမည်။ အပေါက်ငယ်မှာ ဂန်ဖလားထား သည့်နေရာ အောက်တည့်တည့်ဖြစ်သဖြင့် ဆီးသွားသည့်အခါတိုင်း ဂန်ဖလားကိုနေရာရွှေ့ထားပြီးမှ သွားကြရသည်။ သို့ဖြင့်အညစ် အကြေးစွန့်ရေး ပြဿနာမှာ ယာယီဖြေရှင်းနည်းတခုဖြင့် ဖြေရှင်းနိုင်ခဲ့ကြပါပြီ။
တင့်ဇော်
ဆက်လက်ဖော်ပြပါမည်
ဒေါင်းအိုးဝေ အတွဲ ၃ အမှတ် ၈ နိုဝင်ဘာ၊ ၁၉၉၅
............................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း ၇)
ကျနော်တို့နှင့် တပြိုင်တည်းနီးပါးလောက် နှိပ်စက်ခံကြရသော ကျောင်းသားငယ်တစုမှာ မဆလ၏ထောင်တွင်းထိုးစစ်ဟုဆိုသော တ ဖက်သတ်နှိပ်စက်ပွဲတွင် အသက်အငယ်ဆုံးအုပ်စု ဖြစ်သည်။ အသက် (၂ဝ) လောက်က အများစုဖြစ်သည်။ ယင်းတို့ထဲတွင် ရဲထွန်း အောင်မှာ အသက်အငယ်ဆုံးဖြစ်သည်။ သူသည်အသက် ၁၇ နှစ်သာရှိသေးသည်။ အထက်တန်းကျောင်းသားတယောက် ဖြစ်သည်။ ကိုထိန်းလင်း၊ ကိုဝင်းနိုင်၊ ကိုရဲညွန့်၊ ကိုကျော်ဌေး စသူတို့မှာလည်း ၂ဝ အောက်များသာ ဖြစ်ကြသည်။
သူတို့အား မေလလောက်ထဲမှာပင် ညအချိန်၌ အဆောင်မှခေါ်ထုတ်နှိပ်စက် ခံကြရသည်။ နှိပ်စက်ခံရသည့် အကြောင်းရင်းမှာ အလွန် ထူးခြားလှသည်။ မေလဆန်း ၁၉၆၈ တွင် ကျောင်းသားများအား ထောင်ဗူးဝသို့ခေါ်သွားသည်။ အပြင်တွင်ဝတ်၍ရသော အဝတ်အစား များလဲခိုင်းသည်။ ထို့နောက် သူတို့အား ဝန်ခံစာချုပ်စာတန်းများဝေငှပေးကာ လက်မှတ်ရေးထိုးခိုင်းသည်။ လက်မှတ်ထိုးရန် ပြောရင်း မိန့်ခွန်းချွေသူမှာ ဗိုလ်တင်ကွန့် ဖြစ်သည်။
“မင်းတို့အားလုံးလွှတ်စာရင်းပါတယ်။ ဒါကြောင့် ဒီခံဝန်ချုပ်ကို လက်မှတ်ရေးထိုးကြပါ။ ပြီးရင် အိမ်တိုင်ယာရောက် လိုက်ပို့ပေးမယ်။ မင်းတို့ ရှေ့မှာတက်လမ်းတွေအများကြီး ရှိတယ်။ နိုင်ငံတော်အစိုးရကို အံတုလို့တော့ ဘယ်ရမလဲ၊ အပြင်ရောက်ရင် လိမ်လိမ်မာမာ နေကြရင် မင်းတို့လဲ ဒုက္ခမရောက်ဘူး၊ ငါတို့လဲ အလုပ်မရှုပ်ဘူး” ချက်ချင်းပင် ကျောင်းသားအားလုံးတို့သည် စာရွက်များအားလုံးကို ပြန်ပေးလိုက်ကြပြီ။
“ကျနော်တို့ ဒါတွေကို လက်မှတ်မထိုးနိုင်ဘူး၊ ကျနော်တို့ ဒီမိုကရေစီအခွင့်အရေးတွေ လိုချင်တယ်၊ ထောင်ကတော့ လွတ်လာပြီ၊ ဒီမိုကရေစီအခွင့်အရေးမှမရရင် ထောင်ထဲနေရတာနဲ့ ဘာထူးမလဲ၊ ဒါကြောင့် ဒီခံဝန်ချုပ်တွေ ကျနော်တို့ လက်မှတ်မထိုးနိုင်ဘူး။” ကျောင်းသားတယောက်က ရှင်းပြသည်။ ကျန်ကျောင်းသားများကလည်း လက်မှတ်မထိုးပေးနိုင်ကြောင်း ပြန်ပြောကြသည်။ ထိုးချင် စရာလည်းလုံးဝ မရှိပါ။ ထိုခံဝန်ချုပ်ထဲတွင်…။
“ကျနော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိရန် ဝန်ခံကတိပေးပါသည်။ ကျနော်သည် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ဝေဖန် ခြင်း လုံးဝမလုပ်တော့ပါဟု ဝန်ခံကတိပြုပါသည်။” စသည်ဖြင့် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများကိုချုပ်ချယ်သော အချက် များဖြစ်နေသောကြောင့်ပင်တည်း၊ ထောင်ဗူးဝကထွက်သွားကာ အပြင်လောကတွင်းသို့ ပြန်ဝင်ခွင့်ရဖို့အရေး လက်မှတ်တချက်ထိုး လိုက်ရုံသာရှိသည်။ ဤသည်ကို ကျောင်းသားကလေးများမထိုးကြပဲ ဆန့်ကျင်အာခံရဲကြခြင်းမှာ တော်ရုံတန်ရုံသတ္တိမဟုတ်။ အလွန် ချီးကျူးဖွယ်ကောင်းသော အာဇာနည်စိတ်ဓာတ်ပင် ဖြစ်သည်။ ယနေ့ ရှစ်လေးလုံးကျောင်းသားများပြောနေသည့် ကျောင်းသားသွေးနီ ရဲခြင်းကို ပြသလိုက်ခြင်းပင် ဖြစ်သည်။်
အာဏာပိုင်တို့သည် မဟာအရှက်တော်ရကာ ကျောင်းသားငယ်ကလေးများကို ရန်ငြိုးဖွဲ့တော့သည်။ သူတို့အား အဆောင်သို့ပြန်ပို့ပြီး နောက်တရက်နှစ်ရက်အကြာတွင် ညဦးအချိန်၌ခေါ်ထုတ်နှိပ်စက်ကာ တွဲဖက်ထောင်သို့ပို့ပြီး တိုက်ပိတ်ထားလိုက်ကြသည်၊ ထို့ကြောင့် ကျောင်းသားငယ်များသည် ကျနော်တို့ ထောင်မကြီးထဲတွင် တခန်းနှင့်တခန်း ဆက်သွယ်သည့်ပုံစံအတိုင်း အချင်းချင်းဆက်သွယ်ကြ ကာ အစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတော့သည်။ တောင်းဆိုချက်မှာ ခံဝန်ချုပ်မပါဘဲ လွှတ်ပေးရေးဖြစ်သည်။ အစာငတ်ခံ သည့်နေ့မှစ၍ အာဏာပိုင်များက နေ့စဉ်ပင် ဝင်ရိုက်ကြသည်။
သောက်ရေကိုလည်း မပေးဘဲထားသည်။ ထိုကြောင့် ရက်အနည်းငယ်အတွင်းမှာပင် တချို့မူးလဲကုန်သည်။ ထို့ကြောင့် အချင်းချင်း တိုင်ပင်ညှိနှိုင်းပြီး တိုက်ပွဲရပ်ပစ်လိုက်ကြသည်။ သူတို့ထဲမှ ကိုကျော်ဌေးမှာ ဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့် တယောက်တည်းဆက် အစာငတ်ခံနေသည်။ ထို့ကြောင့် အာဏာပိုင်များ၏နှိပ်စက်မှုကို အလူးအလဲခံနေရရှာသည်၊ သူ့ရဲဘော်ရဲဘက်များက ဝိုင်းဝန်းတောင် ပန်ကြတော့မှ သူရပ်ပစ်လိုက်သည်။ သူတို့အားလုံးအသင့်အတင့် ကျန်းမာလာသောအခါ တွဲဘက် (၁) ဆောင် သို့ပို့လိုက်သည်။ ထို အဆောင်တွင် တပ်ကြပ်တင်လှ ခေါင်းဆောင်သော သမတလူကြမ်းအဖွဲ့၏ ရေရှည်နှိပ်စက်မှုကို မရှုမလှ ခံရပြန်သည်။
ပထမနေ့တွင် တင်လှသည် ညနေ “ထောင်ပိတ်တန်းစီ” ခေါ် လူလာစစ်သောအခါ ကျောင်းသားလေးများမှာ သူတို့၏ အိပ်ရာအသီး သီးတွင် ငြိမ်သက်စွာထိုင်နေကြရသည်၊ ကျောင်းသားလေးများသည် နှိပ်စက်ခံရပြီးစမို့ နောက်ထပ်နှိပ်စက်မခံရစေရန် မျက်လွှာချထား ပြီး ခေါင်းများကိုမဆိုစလောက်ငုံ့ထားကြသည်။ ဤ “ထောင်ပိတ်တန်းစီ” ခြင်း၏ ရည်ရွယ်ချက်မှာ လူစုံမစုံစစ်ဆေးခြင်းသာ ဖြစ်သည်။ ထို့ ကြောင့်တင်လှသည် နှစ်ဖက်တန်းစီထိုင်နေကြသော ကျောင်းသားများကြားမှဖြတ်လျှောက်ရေတွက်ပြီး ပြန်သွားရုံသာရှိသည်။ သို့ သော်သူ့အား အထက်အရာရှိကြီးများက မည်သည့်အထူးအာဏာများ ပေးထားသည်မသိ။ သူသည်အသွားအပြန် တခေါက်လျှောက် လိုက်ပြီး အခန်းထဲမှပြန်ထွက်မသွားသေးပဲ ကျောင်းသားများဘက်သို့ပြန်လှည့်ကာရပ်လိုက်ပြီး…။
“မင်းတို့ကောင်တွေက ငါ့မျက်နှာကိုမကြည့်ချင်ဘူးဆိုတဲ့သဘောပေါ့လေ ဟုတ်လား။ ကဲကွာ၊ ကဲကွာ မျက်နှာမကြည့်ချင်နဲ့အုံးကွာ” ဟု ကြိမ်းမောင်းရင်းထိုးကြိတ်ကန်ကျောက်လေတော့သည်။ ဤသို့ဒုတပ်ကြပ်တင်လှက အစပြုလိုက်သည်ဆိုလျှင်ပင် နောက်လိုက် နောက်ပါစစ်သား၊ ဝါဒါတပ်ပေါင်းစုကလည်းမိမိတို့၏ တူအရွယ်သားအရွယ်လူမမယ်ကလေးများကို မညှာမတာကန်ကျောက်ထိုးနှက် ကြလေတော့သည်။ ကျောင်းသားငယ်ကလေးများကြမ်းပြင်ပေါ်တွင် သွေးသံရဲရဲနှင့်အတုန်းအရုံးဖြစ်ကုန်သည်။ နောက်တနေ့ထိုအ ချိန်လူလာစစ်သောအခါ ကျောင်းသားငယ်များသည် မနေ့ကသင်္ခန်းစာကိုယူပြီးလူလာစစ်သော တပ်ကြပ်တင်လှအားလိုက်ကြည့်နေ ကြသည်။ လိုက်ကြည့်သည်ဆိုသော်လည်းရန်လိုသော၊ ရိုင်းပြသောအပြုအမူမျိုး မဖြစ်အောင်လည်းသတိထားကြသည်။်
ဤတွင်တင်လှက “အော်မင်းတို့က ငါ့မျက်နှာကိုစိုက်ကြည့်ရအောင် ဘာကောင်တွေမို့လဲ ငါ့ကိုစိန်ခေါ်တာပေါ့ဟုတ်လား” ဟု ပြောပြီး မနေ့ကကဲ့သို့ပင် ထိုးကြိတ်ကန်ကျောက်ပြန်တော့သည်။ တပည့်ကျော်များကလည်း မနေ့ကအတိုင်းပင်လိုက်လုပ်ကြပြန်သည်၊ ဤ ကဲ့သို့နှိပ်စက်ဖန်များသောအခါ ကျောင်းသားငယ်လေးများမခံနိုင်တော့ အချို့ဖျားနာကုန်သည်။ တယောက်နှစ်ယောက်မှာ သူတို့အ ရွယ်နှင့် မလိုက်သောနှလုံးရောဂါရလာသည်။ ညစဉ်ထောင်ဆေးမှုးအော်ခေါ်ရသည့် အခြေဆိုက်လာတော့သည်။ သည်တော့မှပင် သူတို့အား တွဲဘက် (၂)ဆောင်အောက်ထပ်သို့ပို့လိုက်ကြသည်။ (ယင်းတို့အထဲမှ အသက် ၁၈နှစ်မျှသာရှိသေးသောကိုကျော်ဌေးမှာ ထောင်မှလွတ်လာပြီးမကြာမီမှာပင် ထိုဒဏ်ရာဒဏ်ချက်များနှင့်ဆက်နွယ်၍ နာမကျန်းဖြစ်ကာကွယ်လွန်သွားရှာသည်။
ဤသို့ဖြင့် တွဲဘက် (၂)ဆောင်အောက်ထပ်တွင် တသုတ်ပြီးတသုတ်နှင့်ရောက်လာကြရာလူ ၃ဝ ကျော်လာသည်။ သူတို့သည်ယခင် ကကဲ့သို့ကာယကံမြောက်အားဖြင့် နှိပ်စက်ခြင်းမခံရတော့သော်လည်း စိတ်ဓာတ်ရေးရာအရ ညှင်းပမ်းမှုကိုနေ့စဉ်ခံနေရဆဲဖြစ်သည်။ ထိုအဆောင်ကိုတာဝန်ယူနေရသော ဝါဒါဦးအောင်ဝင်းနှင့် ဦးတင်လှ (ဒုတပ်ကြပ် တင်လှမဟုတ်ပါ။) တို့မှာဝါရင့်ထောင်အမှုထမ်းများ ဖြစ်ပြီး ကျောင်းသားလေးများအား နေ့စဉ်ဝါဒဖြန့်စကားပြောကြသည်။ အမြီးအမောက်မတည့်သော၊ တခုနှင့်တခုကျိုးကြောင်းဆက် စပ်မှုကင်းမဲ့သော ဩဝါဒများကိုနေ့စဉ်ပေးနေကြသည်။
ထိုပုဂ္ဂိုလ်နှစ်ယောက်သည် သူတို့ရပ်ကွက်တွင် မဆလကေဒါအကောင်များဖြစ်ကြသည်။ ဦးတင်လှက ဦးအောင်ဝင်းထက်ပိုပြီးအ ပေါက်ဆိုးသည်။ စိတ်တိုင်းမကျတာတွေ့တိုင်း နိုင်ငံတော်အပေါ်သစ္စာဖောက်မှုဖြစ်အောင် အတင်းဆွဲယူ၍ပြောတတ်သည်။ သူ့အား ကျောင်းသားများကကွယ်ရာတွင် `ချီပါသားကြီး´ ဟု ဘွဲ့တံဆိပ်ပေးထားကြသည်။ ဖိနှိပ်မှုပြင်းထန်လွန်းသောအခါ ကျောင်းသားအ ချင်းချင်းသွေးစည်းမှုပျက်ပြားလာသည်။ တယောက်ကိုတယောက် အပြစ်မြင်ချင်သည်ကများလာသည်။ ဝါဒါ၊ ထောင်မှုးတယောက် ယောက်နှင့် စကားပြောသည်ကိုပင် သတင်းပေးသည်ဟုထင်လာကြသည်၊ စွပ်စွဲလာကြသည်၊ ထောင်အာဏာပိုင်များကလည်း ယခု ကဲ့သို့အချင်းချင်းအထင်မှား၊ အမြင်မှားဖြစ်အောင်ဖန်တီးကြသည်။ အားပေးကြသည်၊ အကြောင်းမရှိအကြောင်းရှာပြီး ကျောင်းသား တယောက်ယောက်ကို အပြင်သို့ခေါ်ထုတ်သွားကာ ဟိုမေးဒီမေးလုပ်ပြီးပြန်ပို့တတ်သည်။
ထိုအခါကျန်ကျောင်းသားများက သူ့အားအထင်အမြင်မှားကြတော့သည်။ သို့ဖြင့်အချင်းချင်းအဆင်မပြေမှုတွေများလာသည်၊ ထမင်း ဟင်းဝေရာမှာ၊ ရေချိုးရာမှာ၊ အခန်းထဲမှာလမ်းလျှောက်ရာမှာစသဖြင့် တယောက်ကိုတယောက် အပြစ်မြင်စရာတွေများလာသည်။ မ သင်္ကာသူကိုဝိုင်းပယ်ခြင်း၊ ဝိုင်းဝန်းထိုးကြိတ်ခြင်းများလည်းရှိလာသည်။ လူလတ်ပိုင်းတို့အချို့ရှိနေသော်လည်း သူတို့မထိန်းနိုင်ကြ။ တ ခါတရံသူတို့ကိုယ်တိုင်ပင် ပါဝင်တတ်ကြသည်။ ထိုအခါတွင်ရန်သူ့ကိုယ်စားလှယ်တော်ကြီးဖြစ်သော အရာခံဗိုလ်ဦးကျော်အေးလို လူ မျိုးက တရားသူကြီးအဖြစ်နှစ်ဖက်စလုံးကို ဆဲဆိုကြိမ်းမောင်း ဖြန်ဖြေရသည်များပင် ရှိလာသည်။
ဤအခြေအနေတွင် တွဲဖက်အကျဉ်းထောင်သို့ ကျနော်ရောက်သွားခြင်းဖြစ်သည်၊ ကျနော်တို့အားဗိုလ်အုန်းမောင်တို့လို သီးသန့်မ ထားပဲ ဤအဆောင်သို့ပို့လိုက်ခြင်းမှာ တမင်ပို့လိုက်ခြင်းဖြစ်ဖို့များသည်။ တဖက်တွင်မလိုလားအပ်သော ပဋိပက္ခများကိုထိန်းနိုင်မည် ဖြစ်ပြီး အခြားတဖက်တွင်ကျနော်တို့နေပုံထိုင်ပုံများကို သူတို့အကဲခတ်နိုင်မည်။ ကျနော်တို့အားလုံးမှာလူလတ်ပိုင်း၊ လူကြီးပိုင်းများ ဖြစ် ကြ၍ လူငယ်များကို ဝိုင်းထိန်းနိုင်ကြသည်။ ကျနော့်မှာ ကျောင်းဆရာလည်းဖြစ်၊ ကျောင်းသားခေါင်ဆောင်ဟောင်းလည်း ဖြစ်သော ကြောင့် ကျောင်းသားများ၏ယုံကြည်ကိုးစားမှုကို အခံရဆုံးဖြစ်သည်။ တဦးချင်းရောအုပ်စုလိုက်ပါ ကျနော့်အားလာရောက်ဆွေးနွေး တင်ပြကြသည်။ အခက်အခဲများကိုပွင့်ပွင့်လင်းလင်းပြောကြသည်။ အချင်းချင်း မကျေနပ်ချက်များကိုလည်း တိုးတိုးတိတ်တိတ်ရှင်း ပြကြသည်။
ကျနော်ကလည်း စိတ်ရှည်လက်ရှည်နားထောင်သည်။ ပြန်လှန်ဆွေးနွေးသည်၊ မရှင်းသည်ကိုပြန်မေးသည်၊ ဖြစ်ပျက်နေသည်မှာ အ ထူးအဆန်းမဟုတ်၊ လူ့သဘာဝအတိုင်းဖြစ်ပျက်နေခြင်းသာဖြစ်သည်။ အကျပ်အတည်းကြုံလာလျှင် ကိုယ်လွတ်ရုန်းသူရှိမည်။ သူများ ကိုအပြစ်ပုံချသူလည်းရှိမည်၊ ကြွက်မနိုင်တိုင်းကျီမီးရှို့သူလည်းရှိမည်၊ ဤသည်တို့မှာ လူ့သဘာဝသာဖြစ်သည်။ ဤအခြေအနေမှန် ကိုအားလုံးအမှန်အတိုင်းမြင်ကြဖို့လိုသည်။ အမှန်အတိုင်းမြင်ပါမှ ဖြစ်နိုင်ဘွယ်ရာရှိသော ထွက်ပေါက်များကိုလည်းရှာတွေ့လာမည်။ ထိုထွက်ပေါက်ဆီသို့ဦးတည်သော ရုန်းကန်ကြိုးပမ်းမှုများရှိလာမည်။ ထိုအခါအချင်းချင်းပဋိပက္ခဖြစ်မှုများ လျော့နည်းလာလိမ့်မည်။
ကျနော်တို့တွဲဘက် အကျဉ်းထောင်သို့ရောက်လာသည့်အချိန်မှာ မွန်းလွဲပိုင်းဖြစ်သဖြင့် ရေချိုးထုတ်ချိန်ကျော်သွားခဲ့ပြီ။ နောက်နေ့ ရေချိုးထုတ်ချိန်တွင်ကျနော်တို့သည် အလွန်စိတ်ဆင်းဖွယ်ကောင်းသောမြင်ကွင်းကို မြင်တွေ့လိုက်ရပါတော့သည်။ ရေချိုးခန်းတခန်း ထဲသာရှိပြီးလူ ၁ဝယောက်၊ ၁၂ယောက်ခန့်သာတပြိုင်တည်းချိုးနိုင်သည်။ သွပ်ပြားနံရံတခုဖြင့် ကန့်လန်ကာထားသဖြင့် ဟိုဘက် သည်ဘက် ၅ယောက်၊ ၆ယောက်တပြိုင်တည်း မျက်နှာချင်းဆိုင်တန်းစီ၍ချိုးကြရသည်။ တသုတ်ပြီးတသုတ်ဆက်တိုက် အပြေး အလွှားချိုးကြရသည်။ ရေချိုးချိန်မှာနာရီဝက်သာပေးသည်။ ကျနော်တို့သည် ရေချိုးခန်းထဲဝင်လိုက်သည်နှင့် စိတ်ထိခိုက်ကြရခြင်း ဖြစ်၏။ လူငယ်အားလုံးလိုလိုမှာ မိမွေးတိုင်ဖမွေးတိုင်း ကိုယ်လုံးတီးရေချိုးနေကြသည်ကို တွေ့ရခြင်းကြောင့်ဖြစ်သည်။
ကျနော်သည်ရေမြန်မြန်ချိုးပြီး ရေလဲလုံချည်ကိုပင်ပန်းခြုံတခုပေါ်တွင်လှန်းခဲ့ကာ အခန်းတွင်းသို့ပြန်လာပြီး လတ်တလောလုပ်ရမည့် ပြဿနာများကို စဉ်းစားနေမိသည်။ နိုင်ငံရေးကိစ္စ၊ ညီညွတ်ရေးကိစ္စများကို အစီအစဉ်တကျအမြန်ဆုံး စတင်ဆွေးနွေးကြရမည်ဖြစ် သော်လည်း ဤလူမှုရေးသိက္ခာမဲ့နေမှုကို အရေးတကြီးကိုင်တွယ်ဖြေရှင်းကြရန် ဦးလှမောင်၊ ကိုအောင်ငွေ၊ ကိုထွန်းတင်စသူတို့တိုင် ပင်ဆုံးဖြတ်လိုက်ကြသည်။ “ခင်ဗျားတို့မှာ လုံချည်အပိုမရှိကြဘူးလား” ညနေစောင်းတွင် ကျောင်းသားအုပ်စုတစုကို ကျနော်ခေါ်ယူ၍့ ဆွေးနွေးကြည့်သည်။ “တချို့ရှိတယ်၊ တချို့တော့မရှိဘူး” “ဒီလိုဆိုရင်ရှိတဲ့လူကရှိတာလေးကိုရေလဲလုပ်ပြီး မရှိတဲ့လူကိုပေးငှားချိုးရင် အဆင်ပြေသားပဲ အဲဒီလိုဘာလို့မလုပ်ကြတာလဲ”
“ကျနော်တို့မှာနိုင်ငံရေးအရ ရစရာမရှိအောင်သိက္ခာချခံနေကြရပြီဆိုတော့ ဒါအတွက်ကရိကထမခံချင်ကြတော့ဘူး၊ ကျနော်တို့အဖို့မ ထူးတော့ဘူးလို့ယူဆတာပဲ။” ကျနော်နားလည်ပါသည်။ ဤလိုစိတ်ဓာတ်ကျမှုမျိုးဖြစ်ပေါ်လာအောင် မဆလစစ်အာဏာပိုင်တို့ကစနစ် တကျဖန်တီးကြခြင်းဖြစ်သည်။ စိတ်ဓာတ်ကျလျှင်နိုင်ငံရေးစိတ်ကုန်ခန်းလာမည်၊ တိုက်ပွဲဝင်စိတ်ဓာတ်ခေါင်းပါးလာမည်၊ ကိုယ်လွတ် ရုန်းလာမည်၊ ထိုအခါထိုသူကိုအာဏာပိုင်တို့လိုချင်သလိုကိုင်တွယ်၍ရမည်။ “ဒီလိုဆိုရင်ခင်ဗျားတို့လုံချည်အပိုရှိတဲ့လူထဲက ကျနော် ကို ဒီနေ့တထည်နှစ်ထည်ပေးကြစမ်းပါ။ ကျနော်တို့ဘောင်းဘီတိုချုပ်ပေးမယ်၊ လုံချည်တထည်ဆိုရင် ဘောင်းဘီသုံးထည်ထိရမယ်၊ လုံချည်ပိုင်ရှင်က ဘောင်းဘီတထည်ယူပြီး ကျန်တာသူများပေးဝေကြပေါ့”
“ဆရာကချုပ်တတ်လို့လား” ကျောင်းသားတယောက်က အံအားသင့်စွာမေး၏။ “ကြိုးစားချုပ်ကြရမှာပေါ့” ကျနော် အဖြေပေးပြီးသော အချိန်တွင်လုံချည်နှစ်ထည်၊ သုံးထည်ရောက်လာသည်၊ ထောင်မှပေးသော လက်ရက်ချည်ကြမ်းလုံချည်များဖြစ်သည်။ ထိုလုံချည်များ ကို ကိုအောင်ငွေနှင့် ကျနော်တို့ ဘောင်းဘီပုံစံဖြတ်ကြသည်၊ ဖြတ်ပြီးသည်နှင့် စတင်ချုပ်ကြပါတော့သည်။ ဤနေရာတွင်ဘောင်းဘီ ပုံစံဖြတ်ခြင်းရောချုပ်ခြင်းပါ အပြင်လောကအပြင်ဘဝနှင့်ခြားနားသဖြင့် အသေးစိတ်ရှင်းပြဖို့လိုပါလိမ့်မည်။
ထောင်ထဲတွင် ဘာအသုံးအဆောင်မှထားရှိခွင့်မပြုသဖြင့် ထောင်အာဏာပိုင်များမသိရအောင် ကိုယ့်ဟာကိုယ်တိတ်တဆိတ်ဖန်တီး ယူရသည့်အရာ အမြောက်အများပင်ရှိသည်။ လုံချည်ချုပ်ရိုးကိုဖြေလိုက်တော့ရလာသော အထည်ကိုဘောင်းဘီပုံစံရေးဆွဲရန်အတွက် ရေချိုးထွက်စဉ်က ကောက်လာသောမီးသွေးခဲကို အသုံးပြုရသည်။ မည်သည့်အဆောင်ဝင်းထဲတွင်မဆို မီးသွေးအစအနကိုအလွယ် တကူပင်ရှာ၍ရနိုင်သည်။ တခါတရံဝါဒါများ အလစ်အငိုက်တွင် “တို” ထားသောခဲတံအပိုင်းအစကိုလည်း အသုံးပြု၍ရနိုင်သည်။ ဘောင်းဘီပုံစံရေးဆွဲပြီးသောအခါ ထိုပုံစံအတိုင်းကိုက်ဖြတ်ရန်ကတ်ကျေးမရှိ၊ ဓါးသွားဆို၍လည်းချွန်ထက်သောအရာတခုတလေကိုမှ ကျနော်တို့လက်ဝယ်ထားရှိခွင့်မပြု၊ ဓါးသွားတခုခုကို ကိုယ့်ဖာသာကိုယ်ဖန်တီးယူရသည်။
အလွယ်ကူဆုံးရနိုင်သည့်အရာမှာ အိုင်ဒီစီ (IDC) နို့ပုလင်းအဖုံးဖြစ်သည်။ လူမမာများအားအိုင်ဒီစီနို့ပုလင်းပေးလေ့ရှိသဖြင့် ပုလင်း အဖုံးကိုအလွယ်တကူ ရနိုင်ခြင်းဖြစ်သည်။ ထိုပုလင်းအဖုံးကိုလက်အားဖြင့် တဖြေးဖြေးဆန့်ထုတ်ယူခြင်းဖြင့် တွန့်ထားသောအနား များဆန့်ထွက်လာသောအခါ အင်္ဂတေဖြင့်ကြမ်းပြင်ပေါ်ချပြီး ခြေဖနောင့်ဖြင့်ဖိပွတ်ပေးရသည်။ ထိုကဲ့သို့အချိန်အတော်ကြာ ဖိပွတ် ပေးသောအခါ ညီညာသောသံပြားဝိုင်းလေးဖြစ်လာတော့သည်။ ထိုသံဝိုင်းလေး၏အနားပတ်လည်းကို အင်္ဂတေကြမ်းပြင်ပေါ်တွင် သွေးလိုက်ခြင်းအားဖြင့် ဓားသွားအဝိုင်းတခုဖြစ်လာသည်။ သံပြားအညံ့စားဖြစ်သဖြင့် မကြာခဏထပ်သွေးရသည်။ သို့သော်အလုပ် လုပ်၍တော့ရသည်။
ချုပ်စရာ လက်ချုပ်အပ်မှာတယောက်ယောက်တွင် ရှိတတ်သည်ကများသည်။ မရှိလျှင်ငါးရိုး၊ ကြက်ရိုးများကိုအပ်ဖြစ်အောင်ကျနော် တို့ဖန်တီးကြသည်။ ငါးရံ့ခေါင်းမှအရိုးနှင့် ကြက်ဆိုလျှင်တောင်ပံအလယ်ပိုင်းရိုးနှင့် ခြေသလုံးရိုးတို့မှာ အဆင်အပြေဆုံးဖြစ်သည်။ ဘောင်းဘီတထည်ဖြတ်ပြီးသည်နှင့် ကိုအောင်ငွေကစတင်ချုပ်တော့သည်။ ၃-၄ ထည်ချုပ်ပြီး၍လုံချည်ပိုင်ရှင်နှင့် အခြားသူများကို စ၍ဝေပေးလိုက်ပြီးသောအခါတွင် ကျန်ဘောင်းဘီများကိုဝိုင်းချုပ်ပေးမည့် စေတနာရှင်များအလုအယက်ဖြစ်လာကြသည်။
၃ ရက်မျှအတွင်း အားလုံးဘောင်းဘီကိုယ်စီနှင့်ဖြစ်သွားသည်။ ရေချိုးသောအခါ အားလုံးလူလိုသူလိုပြန်ဖြစ်လာကြပြီး ကျန်အချိန် များတွင်လည်းလူသိက္ခာကိုတန်ဖိုးထား တွေးတောလေးစားလာကြသည်။ ကျနော်တို့သည်နားချိန်မထားပဲ လူငယ်ကျောင်းသားအုပ် စုများကို တခုပြီးတခုတွေ့ဆုံစကားပြောဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှုအကြောင်း၊ သိပ္ပံဗဟုသုတများ၊ နိုင်ငံတကာဗဟုသုတများ စသည်ဖြင့် အကြောင်းအရာစုံများကို သူတို့စိတ်ဝင်စားမှုအလိုက်ပြောကြသည်။ အချို့ကိုအင်္ဂလိပ်စာသင်ပေးသည်။ အခြားစာအုပ် များ မှာယူခွင့်မရသဖြင့် မှာယူခွင့်ရသည့် မဆလစာအုပ်များကိုပင် ကျောင်းသုံးစာအုပ်အဖြစ်သုံးသည်။
correlation of Man and His Environment, Report of the Secretary Gen. San Yu to the BSPP Seminar နှစ်အုပ်ကို အသုံး များသည် အင်္ဂလိပ်စာသင်ပေးရင်း အယူအဆကိုမူ မဆလ၏အမှားအယွင်းများအားထောက်ပြဝေဖန်သည်။ ညဦးစောစောပိုင်းများ တွင်ဆိုလျှင်ဝိုင်းဖွဲ့ကာ တယောက်တလှည့်စီသီချင်းဆိုကြသည်။ သံပြိုင်ဆို၍မဖြစ်၊ နိုင်ငံရေးသီချင်းကိုလည်း ဆို၍မဖြစ်အချစ်သီချင်း၊ အဖွဲ့အနွဲ့သီချင်းများကိုသာ ဆိုဖြစ်ကြသည်။
သီချင်းဆိုဝိုင်းတွင်ပွဲအကျဆုံး လူကြိုက်အများဆုံးဆိုနိုင်သူမှာ အရှည်ကြီးဟုကျနော်တို့ခေါ်ကြသော မြစ်ဝကျွန်းပေါ်မှ ကရင်လူငယ် ကိုမြင့်စိုးဖြစ်သည်။ သူသည်အသက်ငယ်ပြီး ထွားကြိုင်းမြင့်မားလှသူဖြစ်သည်။ သူသည်ရန်ကုန်သို့ အရောင်းအဝယ်တခုနှင့်လာပြီး စစ်ထောက်လှမ်းရေးမှ မေးသောမေးခွန်းတခုကို ဖြေဆိုပုံမှားသွားသဖြင့် သူပုန်ဟုစွပ်စွဲကာ အဖမ်းခံနေရခြင်းဖြစ်သည်။ စစ်ထောက် လှမ်းရေးက “မင်းဘယ်ကလဲ” ဟု မေးသည်ကို “မြစ်ဝကျွန်းပေါ်တိုင်း” ကဟု ဖြေလိုက်သည်။ “မြစ်ဝကျွန်းပေါ်တိုင်း” အသုံးအနှုန်းမှာ သူပုန်များ၏ အသုံးအနှုန်းသာဖြစ်သည်။
ထိုကြောင့် သူပုန်ဖြစ်ရမည်ဟုစွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။ သူသည်စကားပြောလျှင်ဗမာသံမပီ၊ ကရင်သံဝဲသဖြင့် နားထောင်၍ ကောင်းလှသည်။ သူသီဆိုလေ့ရှိသောသီချင်းမှာ စန္ဒားလှထွဋ်၏ “တိမ်တမန်” ဖြစ်၏။ သူသည်စာသားကိုမရပဲ နှုတ် တိုက်မှတ်ဆိုခြင်းဖြစ်သည်။ “ပင်လယ်ပြင်ဖြတ်သန်း… ရိုးမပေါ်နွားကျော်ကာနေ” ဟု ဆိုလိုက်သောအခါအားလုံး ဝိုင်းရယ်ကြတော့ သည်။ လွှားကိုမပီ၍လွှားဟုဆိုရာတွင် မပီမသဖြစ်သွားကာအများက နွားဟုကြားမိကြခြင်းဖြစ်သည်။
သို့နှင့် ကျနော်တို့မရောက်ခင်တုန်းကလို ကျောင်းသားလူငယ်အချင်းချင်းရန်ပွဲများမရှိတော့၊ သူ့ ကိုယ်မယုံ၊ ကိုယ့်သူမယုံ ဝိရောဓိဖြစ်မှု များလည်းမရှိတော့။ ထို့ကြောင့်အာဏာပိုင်များထံသို့ ပြဿနာများမရောက်တော့။ ဤသည်ပင်လျှင် ကျနော်တို့တသိုက်အား ထောင် အာဏာပိုင်များက အလွန်အန္တရာယ်ရှိသူများအဖြစ် မှတ်တမ်းတင်စရာအကြောင်း လုံလောက်ပါပြီ။ ဗမာတနိုင်ငံလုံးရှိ အကျဉ်းထောင် များထဲမှ မဆလစ်အာဏာရှင်တို့၏ “နိုင်ငံတော်” ကို အန္တရာယ်အပေးနိုင်ဆုံးသော “လူဆိုး၊ လူမိုက်” များကိုစု၍ တကျွန်းသို့ပို့ရန် စစ်အာဏာရှင်တို့က ရွေးချယ်စာရင်းပြုစုသောအခါ ပါသင့်ပါထိုက်သူအဖြစ် ကျနော်တို့အဆင့်အတန်းမီသွားကြပြီ။ တနေ့တွင် ထမင်း စားချိန်၌ ဦးကျော်အေးရောက်လာပြီး ကျောင်းသားများအား…..။ဲ
“မင်းတို့တတွေ ဘယ်လိုလဲကွ” ဟု လှမ်းမေးလိုက်၏။ အရင်ကဤသို့မေးလျှင်ကျောင်းသားများဆီက အချင်းချင်းမကျေနပ်ချက်များ ကို ရင်ဖွင့်တင်ပြချက်များ ထွက်လာတတ်သည်ဟုဆိုသည်။ ထိုနေ့တွင်မူ…။ “အန်ကယ်စားပါအုံး” ဟု နှုတ်ဆက်သံသာထွက်သဖြင့် “အော်မင်းတို့ လူကြီးတွေရောက်နေပြီကိုး” ဟု ခနဲ့တဲ့တဲ့ပြောသံကြားရသဖြင့် သူ့ကိုကျနော်လှမ်းကြည့်ရာသူလည်း ကျနော့်ကိုလှမ်း ကြည့်နေသည်နှင့် အကြည့်ချင်းဆုံသွားကြသည်။ ဤသို့နှင့်ညအိပ်ချိန်မှလွဲ၍ တချိန်လုံးစကားပြောကြ၊ စာပြ၊ ဘောင်းဘီချုပ်၊ ပုံစံရေး ဆွဲဖြတ်၊ ချုပ်စသည်ဖြင့် အချိန်ရှိသမျှလုပ်နေမိသော ကျနော်သည် အညောင်းမိလာသည်။ လေဝင်လေထွက်နည်းပါးလှသော တိုက် ခန်းမှ သည်လေပြေတလှည့်၊ လေပြင်းတလှည့်မနားတမ်းဒလဟော ဖြတ်သန်းတိုက်ခတ်နေသော အခန်းကျယ်သို့ ပြောင်းလာခြင်း ကြောင့်လည်း အအေးမိရာမှသည်တုတ်ကွေးဖျားပါလေတော့သည်။
ထောင်ထဲတွင်တော်ရုံနှင့် ဆေးလုံလုံလောက်လောက်ပေးလေ့မရှိ။ ထို့ကြောင့် နေထိုင်မကောင်းဖြစ်လျှင် အလွန်အခက်တွေ့တတ် သည်။ သို့သော်ကျနော့်မှာ ကံကောင်းထောက်မသည်ဟုဆိုရမည်။ ကျနော်နှင့် ဘေးချင်းယှဉ်လျှက်အိပ်သော မိတ်ဆွေကကျနော့် ကို ပြုစုစောင့်ရှောက်သည်။ သူသည်ဆေးတပ်ဆေးမှုးဖြစ်ခဲ့သော ကရင်အမျိုးသားတဦးဖြစ်သဖြင့် အတွေ့အကြုံလည်းကြွယ်ဝသည်။ ကျနော့်အားဘဝတူအဖြစ်သာမက ညီရင်းအစ်ကိုတမျှချစ်ကြည်စွာ ပြုစုစောင့်ရှောက်သောကြောင့်လည်း သူ့အပြုစုမှာနွေးထွေးလှ သည်။ သူနှင့်ကျနော်တို့ (၄) ဆောင်မှာကတည်းကပင်ရင်းနှီးကြသည်။ အစတွင်သူတို့ကရင်ရဲဘော်တစုအား အပေါ်ထပ်အခန်းကျဉ်း လေးထဲတွင် သီးသန့်ပိတ်လှောင်ထားသည်။ ထိုအခန်းမှာကျနော်တို့ရေချိုးထွက်ချိန်များတွင် ကျန်းမာရေးအတွက်ဘောလီဘော က စားကြသော ကစားကွင်းနှင့်တည့်တည့်ဖြစ်သည်။
ဘောလီဘောဆိုသော်လည်း ဘောလုံးပုံချုပ်ထားသောကာကီအစထဲတွင် အုန်းဆံသွပ်သွင်းထားပြီး ပုတ်ကစားကြခြင်းဖြစ်သည်။ “အဲ ဒီတုန်းကတည်းက ခင်ဗျားကစားတာကိုကြည့်ပြီး ကျနော်တို့သဘောကျနေကြတာ ဒီလောက်ငယ်ငယ်လေးနဲ့ တက္ကသိုလ်ဆရာဖြစ် ခဲ့တာကိုလည်း ချီးကျူးနေခဲ့ကြတယ်။” ကျနော်သည် ကစားကွင်းထဲတွင် အသွက်လက်ဆုံးဖြစ်လေ့ရှိသည်။ ခက်ခက်ခဲခဲဘောလုံး ရိုက်ချက်များကို ဂျွမ်းထိုးမှောက်ခုံဖြစ်သည့်အထိ လိုက်ဆယ်တတ်သူလည်းဖြစ်သည်။ “နောက်တော့မှ ခင်ဗျားဟာ လူပျိုဆိုတာသိရ တော့ ကျနော်တို့အဖို့ ပိုအံ့ဩကုန်ကြတယ်။ ခင်ဗျားအလုပ်နဲ့ သိပ်စွံမှာပဲလို့လည်း ပြောပြောနေကြတယ်။” စောမောင်တင်သည်ဆေး ကုပေးရုံ သက်သက်သာမဟုတ်၊ စိတ်ပညာဖြင့် ကုသနည်းကိုပါ ကျွမ်းကျင်ပုံရသည်။
အပြင်းအထန်ဖျားနေသောကြောင့် တကိုယ်လုံးကိုက်ခဲကာ အနေရအထိုင်ရခက်နေသော ကျနော့်အား အာရုံပြောင်းသွားအောင် သူ ကြိုးစားသည်။ သူနှင့်ကျနော်ပို၍ရင်းနှီးခင်မင်သွားကြသည်။ ကျနော်နေကောင်းသည်နှင့် သူ့အားအင်္ဂလိပ်စာသင်ပေးသည်။ ကျနော် တို့နှစ်ယောက်သည် ၁၉၆၉ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ည ကျနော်တို့အား ကိုးကိုးကျွန်းသို့ ခေါ်ဆောင်သွားသည်အထိ အတူရှိနေကြ သည်။ သူသည်ကိုးကိုးကျွန်းသို့ပါမလာ၊ (ထောင်မှလွတ်လာသောအခါ မဆလနှိပ်စက်သောဒဏ်များကြောင့် နာမကျန်းဖြစ်ကာ အ ရွယ်ငယ်ငယ်နှင့်ပင် ကွယ်လွန်သွားခဲ့ကြောင်း သူ့ညီမအရင်းဖြစ်သူက မာနယ်ပလောမှာ တွေ့ဆုံသိကျွမ်းသောအခါ ကျနော့်အား ပြော ပြ၍ ရင်ထုမနာဘွယ်ရာ ကြားသိခဲ့ရပါသည်။)
မဆလတို့သည် သူတို့အရင်က အုပ်ချုပ်ခဲ့သော အစိုးရများအသုံးပြုခဲ့သောဥပဒေများ၊ အစဉ်အလာကောင်းများအားလုံးကို ဖျက်သိမ်းခဲ့ ကြပြီးဖြစ်သည်။ ဥပမာ-ဗြိတိသျှတို့ပြဋ္ဌာန်းခဲ့ကာ ဖဆပလကဆက်လက်၍အတည်ပြုကျင့်သုံးခဲ့သော နိုင်ငံရေးအကျဉ်းသားများနှင့် အ စိုးရအမှုထမ်းများ၊ ကုန်သည်များစသူတို့အတွက် အကျဉ်းထောင်အတွင်း A အဆင့်အတန်း၊ B အဆင့်အတန်း အခွင့်အရေးများကို ၁၉၆၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ထောင်တွင်းအကျဉ်းသားတိုင်း အနိမ့်ဆုံးရပိုင်ခွင့် ပြဋ္ဌာန်းချက်များကို လည်း လျစ်လျူရှုခဲ့ပြီးဖြစ်သည်။ သို့သော်ဖိနှိပ်သော ကန့်သတ်ချုပ်ချယ်သော စည်းကမ်းများကိုမူ အင်္ဂလိပ်နည်း၊ ဂျပန်နည်း၊ ဖဆပလ နည်းအားလုံးကို ဆက်လက်ကျင့်သုံးနေကြရုံသာမက ထပ်၍ပင်တီထွင်တိုးပွားစေခဲ့ကြသည်။
ဆိုးသည့်အချက်တခုမှာ အိမ်သာစနစ်ဖြစ်သည်။ အကျဉ်းသားများ စွန့်ပစ်သောအညစ်အကြေးများကို အကျဉ်းသားများကိုယ်တိုင် သိမ်းဆည်းရခြင်းစနစ်မှာ ဗြိတိသျှလက်ထက်မှ စခဲ့သောစနစ်ဖြစ်သည်။ ၁၉ ရာစုနှစ်များနှင့် ၂ဝ ရာစုစောစောပိုင်းကကျင့်သုံးခဲ့သော စနစ်ဖြစ်သည်။ ကမ္ဘာမှာပြောင်းလဲကုန်ပြီဖြစ်သော်လည်း မဆလတို့ကဤစနစ်ကို ဆက်လက်ကျင့်သုံးကြသည်။ အင်းစိန်ထောင်ကြီး မှာဆိုလျှင် ထိုအလုပ်မျိုးကို ထောင်ကျနှစ်ကြီးအကျဉ်းသာများကို တာဝန်ပေးလေ့ရှိသည်။ ဤတာဝန်ယူရသူများအား သူများထက် အကျဉ်းကျလျော့ရက် ပိုပေးလေ့ရှိသည်။
တွဲဘက်ထောင်မှာမူ ထောင်ကျအကျဉ်းသားမရှိဟုအကြောင်းပြကာ အညစ်အကြေးစွန့်ခြင်းအလုပ်ကို နိုင်ငံရေးအကျဉ်းသားများ ကိုယ်တိုင် အဓမ္မလုပ်ခိုင်းသည်။ လူ ၄ဝ ကျော်တနေ့လုံးတညလုံး အပေါ့သွားထားကြသည်မှာ စဥ့်အိုးနှစ်လုံးပြည့်သလောက်ဖြစ်သည်။ အခန်းထောင့်တနေရာတွင် မလုံတလုံအကာအရံ၏ နောက်ကွယ်တွင်ထားသော အလေးသွားရန်ဂန်ဖလားမှာလည်း ပြည့်လျှံနေလေ့ ရှိသည်။ နံနက်စောစော ၇ နာရီခန့်တွင် ဝါဒါတယောက်ကသော့လာဖွင့်ပေးပြီး သန့်ရှင်းရေးတာဝန်ကျသူများက အဆောင်ဝင်း အစွန် အဖျားတနေရာသို့ မယူသွားကာမြေကျင်းထဲသို့ လောင်းချရှင်းလင်းရသည်။
ထို့နောက်သီးသန့်ရေခပ်ကာ ဆေးကြောရသည်။ ဤအလုပ်ကို နေ့စဉ်နေ့တိုင်းလုပ်နေရခြင်းမှာ နှိပ်စက်နီးတမျိုးပင်ဖြစ်၏။ ထို့ပြင် လိပ် သောက်တတ်သူများ ရင်ဆိုင်ရသောပြဿနာမှာလည်း အတော်ပင်အခံရခက်သည်။ မဆလထောင်အာဏာပိုင်တို့သည် ဆေးလိပ် သောက်တတ်သူများ ကသိကအောက်ဖြစ်အောင်၊ စိတ်အနှောက်အယှက်ဖြစ်အောင် မကြာခဏဖန်တီးတတ်သည်။ ဆေးလိပ်သောက် တတ်သူများအား ဆေးပေါ့လိပ် (သို့မဟုတ်) ဆေးပြင်းလိပ်ခွဲတမ်းပေးလေ့ရှိသည်၊ တခါတရံဆေးလိပ်ဝယ်၍ မရဟုဆိုကာ ဖြတ်ထား လေ့ရှိသည်။
“လုံးဝမပေးပဲထားလဲ တလ နှစ်လ ဒုက္ခရောက်ပြီးတော့နေသားကျသွားတာပေါ့၊ ခုလိုပေးလိုက်မပေးလိုက်လုပ်တာက ကျနော်တို့ အတွက်သိပ်ခက်တယ်။” ဆေးလိပ်သောက်တတ်သူတယောက်က ပြောပြဖူးပါသည်။ ဆေးလိပ်ရှိပါလျက်နှင့် ဆေးလိပ်မသောက်ရ ခြင်းမှာ ပို၍ပင်ဆိုးသည်။ ထောင်တွင်းလုံခြုံရေးကိုအကြောင်းပြပြီး မီးခြစ်ကိုင်ဆောင်ခွင့်မပေးဘဲထားသည်။ မနက်စာနှင့်ညစာစား ပြီး ချိန်တွင် ဝါဒါတယောက်ယောက်ကမီးခြစ်ယူလာပြီး ဆေးလိပ်မီးလာညှိပေးသွားလေ့ရှိသည်။ ဆေးလိပ်သောက်သူအချင်းချင်းညှိကာ မီးပြတ်မသွားအောင် သတိထားထိန်းကြခြင်းဖြင့် ဆေးလိပ်သောက်ချိန်ပိုရအောင် ဖန်တီးကြရသည်။
တခါတရံမှာတော့ ဝါဒါများမီးလာမပေးကြ၊ ဆေးလိပ်သောက်တတ်သူများမှာ ပါးစပ်တွင် ဆေးလိပ်တိုတိုတခဲခဲနှင့် မီးလာအပေး ကို စောင့်ရသည်မှာအမော။ တွဲဘက်ထောင်တွင် ဤပြဿနာမျိုး မကြာခဏပေါ်သည်။ ထို့ကြောင့် လူငယ်များသည် ကျောက်ခေတ်လူ သားများ၏ ဖန်တီးခြင်းအတတ်ပညာကို လက်တွေ့ အသုံးချကြရတော့သည်။ သို့သော် လက်တွေ့လုပ်ရာတွင် ကျောက်ခေတ်လူသား များ ကိုမမီကြ။ သူတို့သည် တံမြက်စည်းရိုးကိုဖြတ်လျက် ဝါးခြမ်းပြားနှစ်ပြားဖြစ်အောင် ဖန်တီးကြသည်။ ထိုဝါးခြမ်းပြားနှစ်ပြားကို တခု ပေါ်တခုပွတ်တိုက်ခြင်းဖြင့် မီးပွားရအောင်ကြံစည်ကြသည်။ တခါတလေ ဆယ်မိနစ်ခန့်ကြာပြီးမှ မီးပွားထွက်လာသည်။ ဤအ လုပ် လုပ်ရာတွင်ကရင်လူငယ် အရှည်ကြီးမြင့်နှင့် ကိုလှဌေးတို့မှာ အတက်ကြွဆုံးဖြစ်ကြသည်။ဲ
တင့်ဇော်
ဆက်လက်ဖော်ပြပါမည် …
ဒေါင်းအိုးဝေ၊ အတွဲ (၁)၊ အမှတ် (၁)၊ နိုဝင်ဘာလ၊ ၁၉၉၆
..............................................................................
ကျွန်းအတိတ်အရိပ်ပမာ (အပိုင်း ၈)
ကျနော်တို့အားလုံး ဒဏ်ရာပြင်းထန်သဖြင့် အိပ်ရာမှထလိုက်သည့်အခါတိုင်း ဒုက္ခရောက်ကြရသည်။ ထထိုင်ရန် ပေါင်ကိုကွေးလိုက် တိုင်း တင်ပါးမှခြောက်ကာစဒဏ်ရာများ ကွဲပြဲထွက်ကုန်ကာ သွေးများယိုစိမ့်ထွက်လာတတ်သည်။ သာမန်ထထိုင်ရာတွင်ပင် အခက် အခဲရှိသည်ဖြစ်ရာ အလေးအပေါ့သွားသောအခါပိုဆိုးသည်။ ဆောင့်ကြောင့်ထိုင်ချလိုက်သည်နှင့် တင်ပါးအရေပြားများပိုတင်းသွားပြီး ရှိသမျှဒဏ်ရာများကို ဆွဲဖြဲလိုက်သလိုဖြစ်သွားသည်။ ဤဒဏ်ရာပြဿနာကြောင့်ရော၊ ဂန်ဖလားမလုံလောက်သည့် ပြဿနာကြောင့် ပါ ဆီးများများမသွားစေရန် ရေကိုချိန်ဆ၍သောက်ကြရသည်။
ကျနော်တို့အတွက် သောက်သုံးရန်ဘုံဘိုင်ရေ လက်ဆွဲပုံးတပုံးကို အခန်းရှေ့အင်္ဂတေဘောင်ပေါ်တွင် လာတင်ပေးထားသဖြင့် ရေမှာ သိပ်ရှားရှားပါးပါးမဟုတ်။ ကျနော့်မှာ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သည်။ အချို့ကြိမ်ရိုက်ချက်များမှာ တနေရာထဲတွင်နှစ်ကြိမ်၊ သုံးကြိမ် ထပ်နေသဖြင့် အသားတွင်းသို့နက်ရှိုင်းစွာ ထွင်းဖောက်ဝင်ရောက်သွားကြရာ ဒဏ်ရာမှာနက်လှသည်။ ကျောအောက်ပိုင်းနှင့်တင်ပါးမှ သည် ခြေသလုံးအထိဒဏ်ရာများမှာ အပ်ချစရာနေရာမကျန်အောင် ပြည့်နှက်နေသည်။ နှိပ်စက်ခံရစ၌ တအားဆောင့်ကန်၍ ရုန်းခဲ့ရ သဖြင့် ကျနော့်ခန္ဒာကိုယ်မှာ တစောင်းအနေအထားသို့ ရောက်သွားခဲ့ပုံရသည်။ အချို့ကြိမ်ချက်များမှာ တင်ပါးနှင့်ပေါင်များ၏ဘေးမှာ ရောက်နေသည်။
ဘယ်ဘက်ပေါင်မှာ အညိုရောင်ဖြစ်နေပြီး မူလကထက်နှစ်ဆမျှအထိရောင်ကိုင်းနေသည်။ လက်ကောက်ဝတ်နှစ်ဖက်မှားလည်း ရုန်း ကန်ခဲ့စဉ်ကချည်ထားသော ကြိုးများပွန်းရှထားသဖြင့် နှစ်ဘက်စလုံးနီရဲနေသည်။ ထို့ပြင်ဘယ်သကောင့်သားက စေတနာ့ဝန်ထမ်းဝင် လုပ်သွားမှန်းမသိသော ရင်ဘတ်တခုလုံးပွနေသည့် ဆေးလိပ်မီးလောင်ကျွမ်းထားသည့် ဒဏ်ရာများကလည်း ရှိနေသေးသည်။ အ ကယ်၍ ကျနော်တို့သည်နိုင်ငံတကာစစ်ပွဲတခုတွင် ပါဝင်တိုက်ခိုက်ခဲ့စဉ် ဤကဲ့သို့ဒဏ်ရာရလာခြင်းဖြစ်ပါက ရန်သူ့ဘက်မှပင်မိသွားစေ ကာမူ ဆေးတပ်၊ ဆေးမှူး၊ ဆရာဝန်တို့၏အစွမ်းကုန် ဂရုစိုက်ကုသမှုကိုခံရမည်ဖြစ်၏။
ယခုမူကျနော့်မိတ်ဆွေများသည် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်ခဲ့ခြင်း မဟုတ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင့်ကန့်ကွက်သောစ ကားပြောခြင်း၊ စာရွက်စာတမ်းဝေငှခြင်းစသည်တို့ဖြင့် ဖမ်းဆီးခံထားကြရခြင်းဖြစ်သည်။ ကျနော့်မှာမူ သံသယရှိရုံမျှဖြင့် ဖမ်းထားခံရ ခြင်းဖြစ်သည်။ အကြမ်းမဖက်သောလှုပ်ရှားထက် မည်သူမျှ လွန်ကျွံခြင်းမရှိခဲ့ကြ။ ထို့ကြောင့်အကျဉ်းသားအခွင့်အရေးတော့ ရှိသင့် သည်။ သိုပါလျက်နှင့်စစ်အာဏာပိုင်တို့သည် ကျနော်တို့အား တဘက်သတ်ဖမ်းဆီးကြသည်။ အကြမ်းဖက်နှိပ်စက်ကြသည်။ ပြီးတော့ ဘာမျှကုသမပေးပဲ ပစ်ထားကြသည်။ သည်ကြားထဲအသားလွတ် လာရောက်ကြိမ်းမောင်းသည့် အကြိမ်မှာလည်းမနည်းလှ။ အဆိုး ဆုံးမှာ ဒုတပ်ကြပ်တင်လှဖြစ်သည်။
သူသည်မူလတန်းပညာကိုပင် ဆုံးခန်းတိုင်အောင် သင်ကြားနာယူခဲ့ဖူးသူမဟုတ်။ “မင်းတို့က သိပ်မိုက်ကြတာကိုး။ ငါ့လိုမှမကြိုးစားပဲ။ ဒီမှာကြည့်” သူသည်သူ့လက်မောင်းပေါ်မှ ရှားရှားပါးပါးအရစ်ကလေးတရစ်ကို လက်ဖြင့်ပုတ်ပြပြီး… “တွေ့လား၊ ငါကြိုးစားလို့ ခုလိုရ လာတာပေါ့” မူလတန်းပညာတပိုင်းတစသာရှိသော ဒုတပ်ကြပ်တင်လှက အနည်းဆုံးတက္ကသိုလ်နောက်ဆုံးနှစ်မှသည်ဘွဲ့တခု၊ နှစ်ခုရ ထားသူများအား ယခုလိုလာရောက်ကြိမ်းမောင်းဝါကြွားခြင်းမှာ နာလိုခံခက်ရှိလှသည်။ သို့သော် ကျနော်တို့စိတ်ဓာတ်မကျ။ မြန်မြန် နေကောင်းဖို့အရေးကြီးသဖြင့် အပြန်အလှန်ကူညီရိုင်းပင်းကြသည်။
အခြားရောဂါတခုခု မ၀င်လာအောင်ဂရုစိုက်ဖို့လည်း အချင်းချင်းသတိပေးကြသည်။ မည်မျှပင် ဂရုစိုက်ကြစေကာမူ ကိုယ်ချွေးနှင့်ပင် ကိုယ်အအေးမိသူရှိလာသည်။ အချို့ဒဏ်ရာများမှကိုက်ခဲမှုမှာလည်း မခံမရပ်နိုင်အောင်ရှိလာသည်။ ထို့ကြောင့်ကျနော်တို့အခန်းရှေ့ သို့ ၀ါဒါများအကြောင်းကိစ္စတခုဖြင့် ရောက်လာသောအခါဆေးပေးပါရန်ပြောရတော့သည်။ သို့သော်ဘာဆေးမှလာမပေး။ တနေ့တွင် ကိုသက်သည် ဆီးသွားရန်မတ်တတ်ထရပ်လိုက်သဖြင့် သူ့ကိုကျနော် မှောက်လျက်မှလှမ်းကြည့်နေမိသည်။ သူသည်ထိုနေရာမှာပင် ခေတ္တတွေရပ်နေသဖြင့် သူ့မျက်နှာကိုကျနော်လှမ်းကြည့်လိုက်၏။
ကျနော်ကြည့်နေစဉ်မှာပင် သူ့မျက်လုံးများမျက်ဖြူလန်သွားကာ သူ့တကိုယ်လုံးကြမ်းပြင်ပေါ်သို့ ပုံလျက်သားကျလာတော့သည်။ သူ့ အားဝိုင်းဝန်းဖေးမကူသူကကူ၍ ထောင်ဝါဒါကိုခေါ်သူကခေါ်ကြသည်။ ၀ါဒါရောက်လာသောအခါ ကိုသက်သတိရနေပါပြီ။ ဤအဖြစ် အပျက်ကြောင့်ပင် နောက်တနေ့နံနက်စောစော ဆေးမှူးတဖွဲ့ရောက်လာသည်။ ယင်းအဖွဲ့ကိုအိန္ဒိယနွယ်ဖွား အရာခံဗိုလ်တဦးက ဦး ဆောင်လာသည်။ ထောင်ဆေးမှူးကိုကြည်လည်း အတူပါလာသည်။ ဆေးမှူးသည် ဒဏ်ရာများကိုကြည့်ပြီး တုန်လှုပ်သွားကြပုံရ သည်။ အထူးသဖြင့်အရာခံဗိုလ်မှာ မျက်စိမျက်နှာမကောင်း။ ဆေးအဖွဲ့ဝင်များကအခြားသူများအား အသီးသီးစမ်းသပ်နေကြစဉ်မှာ အရာခံဗိုလ်သည် ကျနော့်နားသို့ကပ်ပြီး “မင်းဘာအလုပ်လုပ်လဲ” ဟု အင်္ဂလိပ်လိုတိုးတိုးမေးလိုက်သည်။
ကျနော်ရန်ကုန်က တက္ကသိုလ်မှဆရာဖြစ်ကြောင်း နိုင်ငံရေးဘာမှမလုပ်ရဘဲနှင့် အဖမ်းခံနေရခြင်းဖြစ်ကြောင်း တိုးတိုးပြန်ပြောလိုက် သည်။ အရာခံဗိုလ်ဆေးမှူးသည် အမူအရာမပျက်ပဲ အခြားသူများအား စမ်းသပ်နေသည်များကို လှမ်းကြည့်ကာနှုတ်ဖြင့်ညွှန်ကြား ချက်တချို့ကိုပေးနေသည်။ ထိုစဉ်မှာပင်သူ့လက်တဖက်သည် ကျနော့်ဆီသို့လှမ်းလာကာ “ဒါယူထား (Keep it)” ဟုတိုးတိုးပြောရင်း ပစ္စည်းတစုံတခုကို ကျနော့်အားလှမ်းပေးသည်။ ကျနော်လည်း သွက်စွာပင်လှမ်းယူလိုက်ပြီး ခါးပုံစထဲ အသာထည့်ထားလိုက်သည်။ ဆေးမှူးများပြန်သွားသောအခါ ကျနော်တို့ကိုပေးသွားသော ဆေးများကိုပြန်စစ်ကြည့်ကြ၏။ အချို့ထရစ်ပဲလ်ဆာလ်ဖာ၊ အချို့ဘတ်စ် ပရိုစသည်ဖြင့်ပေးသွားသည်။ ကျနော့်အားပေးသွားသော ဆေးလုံးများအား စစ်ဆေးကြည့်သောအခါ ဘားပလက်ဗီတာမင်ဆေးပြား များ ဖြစ်နေသည်ကိုတွေ့ရ၏။
အလုံး ၃၀ခန့်ရှိမည်။ ထိုဗီတာမင်များကို တနေ့တယောက်တလုံးကျ ဝေမျှစားကြသဖြင့် ၄ရက်ခန့် ဆက်တိုက်စားနိုင်ကြသည်။ ထို ဆေးပြားများသည် ကျနော်တို့နလံထရေးအတွက် ပို၍အရေးပါသည်မှာ ဆေးပေးသွားသူဆေးမှူး၏ စိတ်ဓာတ်ရေးရာစာနာ တတ်မှု ဖြစ်သည်။ သက်ဆိုင်ရာမှ သေလောက်သည့်ရောဂါကို ကုသရန်မှလွဲ၍ အခြားဘာဆေးမှမပေးရ။ အထူးသဖြင့် လျှို့ဝှက်စွာပေးသွား ခြင်းမှာ သူ၏လူသားခြင်းစာနာစိတ်နှင့် ဖြူစင်သောစေတနာကိုဖော်ပြသွားသည်။ ဤစာနာစိတ်နှင့် စေတနာ၏စွမ်းအားမှာ ကျနော်တို့ အဖို့ သူပေးသွားသောအားဆေးထက်ပင် အစွမ်းထက်ပါသေးသည်။ ကျနော်တို့ ဒဏ်ရာများတနေ့တခြား သက်သာလာသည်။ ညို မည်းရောင်ကိုင်းနေသော ကျနော့်ဘယ်ဘက်ပေါင်မှာလည်း အရောင်လျော့လာကာ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သည်။ ရက်သတ္တနှစ် ပတ်ခန့်အကြာတွင် အားလုံးထိုင်နိုင်ထနိုင်ဖြစ်လာသည်။့ 
တဆယ့်ရှစ်
ကြက်သရေကင်းမဲ့လှသော ဂန်ဖလားအကြောင်းဆက်ပါဦးမည်။ ကျနော်တို့အား ပိတ်လှောင်ထားသော တိုက်ခန်းများ၏ကြမ်းပြင်မှာ မြေပြင်အထက်နှစ်ပေခန့်မြင့်သဖြင့် ကျနော်တို့ကြမ်းကြားထဲမှ သွားသောဆီးရည်များမှာ ကြမ်းပြင်အောက်မြေကြီးထဲသို့ စိမ့်ဝင်သွား မည်။ ကြမ်းပြင်သည်မညီညာလှသော်လည်း ကျနော်တို့ဖောက်ထားသော ကြမ်းကြားအပေါက်ငယ်မှလွဲ၍ အခြားနေရာများတွင်ကြမ်း ကြားဟူ၍မရှိ။ ထို့ကြောင့်ကြမ်းပြင်အောက် မြေပြင်ပေါ်မှသေးနံ့သည် ကျနော်တို့အား အနှောက်အယှက်ပေးနိုင်မည် မဟုတ်ဟုကျ နော်တို့ယူဆခဲ့ကြသည်။ သို့သော်အထင်နှင့်လက်တွေ့မှာ တခြားစီဖြစ်နေသည်။
တပတ်မပြည့်မီမှာပင် ကြမ်းပြင်အနှံအပြားနေရာများမှာ ဆီးရည်များစိမ့်တက်လာသည်။ အကြောင်းရင်းမှာသစ်သားကြမ်းပြင်အောက် တွင် အင်္ဂတေတထပ်ခင်းထားပြီးဖြစ်ကာ ထိုအင်္ဂတေလွှာပေါ်တွင် သစ်သားကြမ်းခင်းကို ကပ်လျက်ခင်းထားခြင်းကြောင့် ဤသို့ဖြစ်ရ ကြောင်းကျနော်တို့နားလည်ကြသည်။ ထို့ကြောင့်ကြမ်းကြားထဲသို့ဆီးသွား၍မရတော့။ ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ။ ကျနော် တို့ အကြံအိုက်ကုန်ကြပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်နေ့မနက်စောစော လူစစ်ရန်လာသောဝါဒါများထဲတွင် မလာစဘူးဘချော လိုက်ပါလာသည်။
“ခင်များတို့ ဂန်ဖလားလောက်ရဲ့လား” ဘချောသည် ဂန်ဖလားသေးသေးလေးကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း မေးလာသည်။ “မ လောက်ဘူးဗျာ၊ အဲဒါခင်များတို့ကိုပြောမလို့ဘဲ” အပေါက်ဝနားတွင်ရှိနေသော ကိုကံကြီးကပင်ဖြေလိုက်၏။ ထောင်ကျတယောက်အား ဘချောက အကြီးတခုနှင့်လဲပေးရန်ပြောလိုက်သည်။ “ဒီမှာဗျ… အကြီးတခု၊ အသေးတခုထပ်ပေးရင် ပိုအဆင်ပြေမယ် ” ကျနော်တို့ သည်ရသည့်အခွင့်အရေးကို အသုံးချ၍ပြောလိုက်၏။ ဤတွင်ဘချောသည်အံ့အားပို၍သင့်သွားပုံဖြင့်… “ခင်များတို့အရင်နေ့တွေတုန်း က ဘယ်လိုသွားနေကြတာတုန်း” ဟု မေးခွန်းထပ်ဆင့်ထုတ်လာပြန်သည်။
ကိုကံကြီးသည်မှင်သေသေဖြင့် “ဒီလိုဘဲ ကြံဖန်ဖြေရှင်းရတာပေါ့ဗျာ” ဟုဖြေလိုက်သဖြင့် နောက်ထပ်ဂန်ဖလားတလုံးပေးသွားပါတော့ သည်။ သို့သော်မလောက်။ ရက်အနည်းငယ်အတွင်းမှာပင် ထောင်ကျအကျဉ်းသားအားထပ်ပြော၍ နောက်ထပ်ကြွေရည်သုတ်ဇလား တခု ထပ်ပေးပြန်သည်။ ဤတွင်မှကျနော်တို့သည် ရေသောက်ခြင်းကို ထိန်းချုပ်မနေတော့ဘဲသောက်နိုင်ကြသည်။ လေ၀င်လေထွက် တပေါက်တည်းရှိသော ဤအခန်းကျဉ်းထဲတွင် ပူအိုက်သောနွေရာသီအတွင်း လူ ၇ယောက်ပြွတ်သိတ်နေကြရသော ချွေးနံ့၊ သွေးနံ့တို့ ကိုထပ်ဆင့်၍ ပိုမိုပြင်းထန်စွာစူးရှဆိုးဝါးစေသည်မှာ ဂန်ဖလားအင်တုံမှထွက်လာသော ချေးနံ့နှင့်သေးနံ့ပင်ဖြစ်သည်။
ကျနော်တို့သည် နောက်ဖေးသွားချိန်ကို မနက် ၅နာရီခွဲလောက်မှ ဂန်ဖလားသိမ်းချိန်ဖြစ်သော ခြောက်နာရီခွဲထိ အတွင်း၌ကိစ္စပြီးနိုင် ရန်ကြိုးစားကြသဖြင့် အများအားဖြင့်အောင်မြင်သော်လည်း တနေ့တလေ တယောက်ယောက်များဝမ်းမမှန်ဖြစ်ပြီး နေ့လည်သို့မဟုတ် မွန်းလွဲဘက်တို့တွင် မလွှဲမရှောင်သာ နောက်ဖေးသွားရသောအခါတွင်မူ တနေ့လုံးနံစော်သဖြင့်ခံရခက်လှသည်။ ဤအညစ်အကြေးပြ ဿနာနှင့် ပတ်သက်၍အခက်အခဲတခုမှာ နောက်ဖေးကုန်းသန့်ရှင်းရေး ပြဿနာဖြစ်သည်။ ရေကလည်းရှားသည်။ ဂန်ဖလားလည်း ဆန့်မည်မဟုတ်၊ ထို့ကြောင့် လုံချည်အဟောင်းတထည်ကိုဆုပ်ဖြဲကာ လက်နှစ်လုံးပတ်လည်ခန့်ရှိသော အစငယ်များအဖြစ်ပြုလုပ်ပြီး အသုံးပြုကြရသည်။်
နောင်ဆေးလိပ်သောက်ခွင့် ရလာသောအခါတွင်မူ သောက်ပြီးဆေးပေါ့လိပ်၏ အစီကိုဖြေထုတ်၍ရလာသော စက္ကူစကလေးမှာအလွန် အဆင်ပြေသော နောက်ဖေးကုန်းစက္ကူဖြစ်လာသည်။ ထိုမျှမကသေး။ ထိုစက္ကူစများမှာ သတင်းစာအပိုင်းအစများဖြစ်သဖြင့် အပြင်သ တင်းအစအနများကို ကျနော်တို့ဖတ်ရသည်။ ထိုထက်ပို၍ လေးနက်သောအခါလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော်ပြည်ထဲရေးဌာ နသို့ နယ်ရဲစခန်းများမှပေးပို့သော လျှို့ဝှက်အစီရင်ခံစာများ၏ အပိုင်းအစအချို့ပါလာသဖြင့် လျှို့ဝှက်သတင်းများကိုပင် သိရခြင်းဖြစ် သည်။ လျှို့ဝှက်သတင်းများသိရ၍ ၀မ်းသာရသည်သာမက ဤလျှို့ဝှက်အစီရင်ခံစာများကိုပင် ဖျက်စီးခြင်းမပြုဘဲ ဆေးလိပ်ခုံများသို့ ရောင်းချရသည်ကို ကြည့်ခြင်းအားဖြင့်မြန်မာပြည်သူတရပ်လုံး မည်မျှစီးပွားရေး ကျပ်တည်းနေကြသည်ကိုလည်း ကျနော်တို့ခန့်မှန်းသိ ရှိနိုင်ကြသည်။ ပြည်သူလူထု အခြေအနေမှန်ကို ကျနော်တို့သိရှိနိုင်ကြသည်။
တဆယ့်ကိုး
ဤအတွင်း ကျနော်တို့နှင့်ကပ်လျက်ရှိသော အခန်းနံပါတ် (၂) နှင့် ကျနော်တို့နံရံကိုအသာခေါက်ပြီး အဆက်အသွယ်ပြုနိုင်ကြသည်။ နှိပ်စက်ခံရသည့်ညက ကျနော်တို့အခန်းသို့လာပို့ပြီးမှ ပြန်ခေါ်ထုတ်သွားသောကိုအောင်ငွေမှာ အခန်းနံပါတ် (၂) ထဲတွင်ရှိနေသည်။ ကိုအောင်ငွေအပြင်ဦးလှအောင်၊ ကိုရွှေ၊ ကိုဉာဏ်၊ ကိုစိုးသိန်းနှင့် ကိုအောင်ငြိမ်းတို့လည်း သူတို့နှင့်အတူရှိနေသည်။ အားလုံးခြောက် ယောက်ဖြစ်သည်။ အခန်းနံပါတ် (၃) တွင်မူ မည်သူမျှမရှိသဖြင့် အခြားအခန်းများသို့ဆက်သွယ်၍မရ။
ကျနော်တို့နှစ်ခန်းမှားမူ အကြောင်းအရာတော်တော်များများကို ဖလှယ်ခြင်း၊ ဆွေးနွေးကြခြင်း ပြုနိုင်ကြသည်။ ရက်ကြာလာသောအခါ ကြွေရည်သုတ်ပန်းကန်ကို လက်သည်းဖြင့်ခေါက်ကာ အသံပြု၍ဆက်သွယ်ရန် ကြိုးစားသောကိုအောင်ငွေ၏ ဇွဲလုံ့လကြောင့်အလှမ်း ဝေးသောအခြားအခန်းများနှင့်ပါ အဆက်အသွယ်အနည်းအကျဉ်းရကြသည်။ မေလ၊ ပထမပတ်ကုန်ဆုံးသော အခါ (၅)တိုက်တခုလုံး ရှိသူအားလုံး၏အခြေအနေကို ကျနော်တို့သိရှိနိုင်ကြပြီဖြစ်၏။ ကျနော်တို့အားလုံးမှာလည်း ထိုင်နိုင်ထနိုင်ရှိလာကြပြီ။
နှစ်ဆယ်
တခုသောနံနက်ခင်း ၉နာရီခန့်တွင် ကျနော်တို့အခန်းရှေ့သို့ လူတစုရောက်လာသည်။ ဆေးမှူးကိုကြည်ပါနေခြင်းကို ကြည့်ခြင်းအား ဖြင့်ဆေးအဖွဲ့ဖြစ်ကြောင်း ကျနော်တို့သိလိုက်သည်။ ရှေ့ဆုံးလူမှာအသားညိုညို၊ ခပ်တောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့်ဖြစ်သည်။ ထိုသူ ၏လက်ထဲတွင်ကိုင်ထားသော နားကြပ်ကိုကြည့်ခြင်းအားဖြင့် သူသည်ဆရာဝန်ဖြစ်ကြောင်း သိသာနိုင်သည်။ ထိုဆရာဝန်သည် “နေ ကောင်းကြလား” ဟုမေးရင်း ကျနော်တို့အခန်းပေါက်ဝတွင် လာရပ်သည်။ သို့သော်ကျနော်တို့ ဘာမှမဖြေရမီမှာပင် သူသည်တလှမ်း ချင်းနောက်ဆုတ်သွားရာ ကျနော်တို့အခန်းရှေ့တည့်တည့် ၀ါဒါများ၏ရုံးခန်းနံရံဆီသို့ ရောက်သည့်အထိဖြစ်သည်။
ကျနော်တို့နားလည်ပါသည်။ သူ့အပြုအမူကို ကျနော်တို့နားလည်ပါသည်။ ရေမချိုးရတာ ကြာပြီဖြစ်သော ကျနော်တို့ကိုယ်မှ သွေးနှင့် ချွေးရောနေသော ဒြပ်နှော၏ အနံ့မှာတိရိစ္ဆာန်ရုံမှ ခြင်္သေ့၊ ကျားများထားသော ရုံများထက်ပို၍သာနိုင်စရာ အကြောင်းမရှိနိုင်။ ကျနော် တို့သည် ဆရာဝန်အမေးကို နှုတ်မှမဖြေတော့ဘဲ ကိုယ်စီမတ်တပ်ထကာတလှည့်စီ တံခါးအပေါက်ဝဆီသို့သွားပြီး ဆရာဝန်ကိုကျော ပေးကာ လုံချည်ကိုတင်ပါးပေါ်သည့်အထိ အသီးသီးလှန်ပြလိုက်ကြသည်။ ပါးစပ်မှဘာတခွန်းမှမပြောဘဲနှင့် တင်ပါးမှသည်ခြေသလုံး အထိ စုတ်ပြတ်နေသော ရောဂါအခြေအနေအတိအကျကို ဆရာဝန်အားတင်ပြလိုက်ခြင်းဖြစ်သည်။ ဆရာဝန်သည်မျက်စိမျက်နှာပျက် ကာ ခေါင်းတငြိမ့်ငြိမ့်နှင့် ပြန်လည်ထွက်ခွာသွားသည်။
ဆရာဝန်၏ ထောက်ခံချက်ကြောင့်ပဲလားမသိ၊ နောက်ရက်အနည်းငယ်အကြာဖြစ်သော မေလ ၂၅ရက်နေ့ (၁၉၆၈ခုနှစ်)တွင်ကျနော် တို့ရေချိုးခွင့်ရကြသည်။ ထို့နေ့တွင်မနက်စောစော ၀ါဒါနှစ်ယောက်ရောက်လာပြီး ကြိုတင်အကြောင်းကြားလာသည်။ “ခင်များတို့ ဒီ နေ့ရေချိုးခွင့်ရမယ်၊ အသင့်ပြင်ထားကြ” ဟု ပြောသွားရင်းထောင်တွင်း ယက္ကန်းမှယက်လုပ်သော အင်္ကျီကြမ်းတထည်နှင့်၊ လုံချည် ကြမ်းတထည်စီ လာပေးသွားသည်။ ကျနော်တို့သည် အင်္ကျီစုတ်များကိုချွတ်ပြီး အသင့်စောင့်နေကြသည်။ လုံချည်အဟောင်းကို ၀တ် ချိုးရင်းလျှော်သွားမည်ဟု စိတ်ကူးကြခြင်းဖြစ်သည်။ ခဏအကြာတွင် ၀ါဒါများရောက်လာပြီး ကျနော်တို့အား တယောက်တလှည့်စီ စောင်အုပ်၍ ခေါ်သွားသည်။
ကျနော့်အလှည့်အရောက်တွင် ကျနော်သည် မတ်ခွက်တခွက်ကိုကိုင်ပြီး စောင်အုပ်ထဲတွင်လိုက်ပါသွားသည်။ ရေချိုးခန်းပေါက်ဝ အ ရောက်တွင်ဝါဒါက စောင်ကိုခွာယူလိုက်ပြီး “သွားချိုး” ဟု ပြောသဖြင့်လှမ်းကြည့်လိုက်ရာ ရေချိုးခန်းထဲတွင် ရေပြည့်နေသောအလတ် စားအုတ်ရေကန်တကန်ကို တွေ့ရသည်နှင့်ပြေးဝင်သွားကာ ရေချိုးကန်မှရေကိုတခွက်ပြီးတခွက် ဆက်တိုက်ခပ်ချိုးပစ်လိုက်သည်။ ဤ မျှအလောတကြီးချိုးနေလျက်နှင့်ပင် ၄ခွက်သာချိုးရသေးသည်။ “တော်” ဟု ၀ါဒါကအမိန့်ပေးသဖြင့် ကျနော်သည်နောက်တခွက် လောင်းချလိုက်ကာ ရေတခွက်ခပ်ပြီး ပြန်ထွက်လာခဲ့သည်။
ရေချိုးချိန်စုစုပေါင်းမှာ ၅စက္ကန့်မျှသာရှိမည်။ ရေချိုးခန်းအပေါက်ဝသို့ရောက်သည့်နှင့် ၀ါဒါသည်စောင်နှင့်အုပ်လိုက်ပြီး စောင်ကိုဆောင့် ဆွဲပစ်လိုက်သဖြင့် ကျနော့်မှာဇောက်ထိုးလဲမတတ်ဖြစ်သွားသည်။ “တော်ဆိုတော် နောက်တခါဆိုရင်သေသွားမယ်” သူသည်ကြိမ်း မောင်းရင်း ကျနော့်ကိုဆွဲခေါ်လာသည်။ မဆလတို့ခေတ္တ အကျဉ်းထောင်ထဲတွင် ရေလေးတခွက်ပိုချိုးမိခြင်းသည်ပင် ဤမျှအပြစ်ကြီး နေပါလားဟု စိတ်ထဲမှမကျေနပ်ခံပြင်းရင်းကပင် အခန်းသို့ပြန်ရောက်လာခဲ့သည်။ လက်ထဲပါလာသော မတ်ခွက်ထဲမှရေအနည်းငယ် ကိုလောင်းချကာခြေဆေးလိုက်ပြီး အခန်းထဲသို့ဝင်လာခဲ့သည်။
အသစ်ထုတ်ပေးထားသော လုံချည်ကိုလဲဝတ်လိုက်ပြီး သွေး၊ ချွေးနှင့် ဖုံမှုန့်များ ရောနှောပေရေကာ ခြောက်နေသောချေးများကိုနူးရုံမျှ ရေစိုလာခဲ့သော ဓာတ်လေးပါးအစုအဝေး လုံချည်ဟောင်းကိုတံခါးသံ တိုင်ကြားမှလက်ထုတ်၍ရေညှစ်လိုက်ရသည်။ ပြီးထိုညစ်ထေး နေသောလုံချည်ဖြင့်ပင် ကိုယ်ပေါ်မှရေများကိုသုတ်ရသည်။ လုံချည်လှမ်းစရာနေရာမရှိသဖြင့် ကျနော်တို့သည်အားလုံး၏ လုံချည်များ ကိုသံတံခါးမှပင် ဖြစ်သလိုလွှားထားကြရသည်။ နွေရာသီအပူရှိန်ကမကုန်သေးသည်သာမက ကျနော်တို့ကိုယ်မှကိုယ်ငွေ့များကလည်း တဟုတ်ဟုတ်ပိုထွက်လာသဖြင့်ကိုယ်ပေါ်တွင် ရေနူးနေသောချေးများ ခဏလေးအတွင်းမှာပင် ခြောက်သွား၏။
“ဒီနှုန်းနဲ့ဆိုရင်တော့နောက်ထပ် ၄၊ ၅ရက်လောက် ချိုးပြီးသွားရင် နည်းနည်းသန့်လာတော့မှာပါ” ကိုထွန်းကမှတ်ချက်ချသည်။ “ဒီနေ့ အစနေ့မို့ အချိန်နဲနဲလေးပေးပြီး နောက်နေ့တွေမှာဆိုရင် အချိန်ပိုပေးချင်ပေးမှာပါ” ကိုကံကြီးက မျှော်လင့်ချက်ပေးသည်။ သို့သော် နောက်တနေ့ရေချိုးလာမထုတ်တော့။ ၂ရက်၊ ၃ရက်၊ ၄ရက်သာကျော်သွားသည်။ ရေချိုးဖို့လာမခေါ်။ ၇ရက်ပြည့်သောအခါတွင်မှရေ ချိုးလာထုတ်သည်။ ဒီတကြိမ်တွင်ရေ ၇ခွက်၊ ၈ခွက်အထိချိုးကြရသည်။ သို့သော်ဆပ်ပြာတိုက်ချွတ်ချိုးရခြင်း မဟုတ်သဖြင့်မသန့်ရှင်း နိုင်သေး။ ဤကဲ့သို့ ၄ကြိမ် ၅ကြိမ်ခန့်ချိုးပြီးချိန်ဖြစ်သော ဇွန်လကုန်ပိုင်းကျမှ ကျနော်တို့၏ခန္ဒာကိုယ်များ အနည်းငယ်သန့်စင်လာ သည်။ လူနှင့်သူနှင့်တူလာသည်။
အနှစ်နှစ်အလလမလျှော်မဖွတ်ဘဲထားခဲ့ပြီး ကျနော်တို့ကိုယ်မှချွေး၊ သွေးများပေရေကုန်၍ ပိုညစ်ပတ်နေပြီဖြစ်သော မူလကဘာရောင် မှန်းမသိတော့သော စောင်များကိုမူလျှော်ဖွတ်ချိန်မရ။ စောင်များမှာလည်း ကိုယ်အနံ့နှင့်ကိုယ်မို့ ယဉ်ပါးနေပါပြီ။ ညဘက်များတွင် ခြင် တပ်ဖွဲ့များက မဆလအလိုကျ ကျနော်တို့ကိုဝိုင်းကိုက်ကြသဖြင့် အိပ်၍မရသည့်ညများက အများအပြား။ ဤအခါများတွင်ဤစောင်များ ကိုပင် ခေါင်းမြီးခြုံလိုက်ကြရသည်။ လူ ရယောက်နေရသောအခန်းကျဉ်းလေးထဲမို့ လှောင်အိုက်လွန်းမှုကြောင့် စောင်ကိုခေတ္တမျှသာခြုံ နိုင်သည်။ နောက်တော့ခြင်ကိုက်ခံကာ ပေတေ၍ပင်အိပ်ရ၏။ တယောက်နှင့်တယောက်ပူးကပ်နေသဖြင့် ဘေးလူအားမထိမိစေရန်သ တိထားကြရသည်ဖြစ်ကာ မလှုပ်မယှက်အိပ်ဖို့ကြိုးစားကြရသည်။
ကျနော်တို့အားလုံးခေါင်းအုံးပေးမထား။ ထို့ကြောင့်ရရာတခုခုကို ခေါင်းအုံးအဖြစ်သုံးကြရသည်။ ကျနော်မှာစီးနေကျ ရာဘာဖိနပ်အ ဟောင်းတဖက် ပါလာသေးသဖြင့် ယင်းဖိနပ်လေးကိုပင်ခေါင်းအုံး၍ အိပ်ရသည်ဖြစ်ရာ ထိုဖိနပ်ဟောင်းလေးတဘက်မှာ မဆလငရဲခန်း ထဲတွင် ကျနော့်အားသာယာမှုပေးနိုင်သည့် တခုတည်းသော ရုပ်ဝတ္ထုပစ္စည်းပင်ဖြစ်တော့သည်။ ဤအခြေအနေနှင့်ပင် တလပြီးတလ ကုန်လွန်လာခဲ့သည်။
ထို့နောက်… ဇူလိုင်
ဩဂုတ်
စက်တင်ဘာ
လုံခြုံသောအခန်းကျဉ်းထဲမှာမို့ …
တင့်ဇော်
No comments:
Post a Comment