Sunday, September 28, 2014

ဒီကနေ့ထိ ကျိုက်မရောနယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

28 Sept 2014

ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ၊ မွန်းလွဲ ၃ နာရီလောက်ကစပြီး ကျိုက်မရောမြို့နယ်အတွင်းမှာ DKBA တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲဖြစ်နေလို့ ဗိုလ်မှူးစောဆန်းအောင် က အတည်ပြုပြောကြားပါတယ်။ နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါ။

စက်တင်ဘာ ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရွှေဝါပြောင်ရွာအနီးမှာ မနက် ၅ နာရီမှ ၁၀ နာရီအထိ ဒီကေဘီအေတပ်ဖွဲ့နှင့် မြန်မာအစိုးရစစ်ကြောင်း ၅ ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာအစိုးရစစ်တပ်ဘက်က
၁၃ ဦး ဒဏ်ရာရ၊ ၄ ဦး ကျဆုံးပြီး အစိုးရလက်နက်မျိုးစုံ ၁၅ လက်ကို ဒီကေဘီအေအဖွဲ့က သိမ်းဆည်းရခဲ့တယ်လို့ သိရတယ်။

အခု ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးအစည်းအဝေး တက်ရောက်နေတဲ့ ဒီကေဘီအေ အဖွဲ့က ဗိုလ်မှူး စောလုံ့လုံ ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ...

“ကျိုက်မရောဘက်မှာ ၂၆ ရက်နေ့က စပြီး ဒီနေ့အထိ ဖြစ်နေတဲ့ အနေအထားတွေကို ကျနော်တို့ ရန်ကုန်ရောက်နေချိန် မြန်မာအစိုးရ ဝန်ကြီးဦးအောင်မင်း အပါအဝင် စစ်ဘက်မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပြောဖြစ်ပါတယ်။ ၂၆ ရက်နေ့တုန်းက ကျနော်တို့ ဘက်ကဖမ်းထားတဲ့ လူတွေကို ညှိနှိုင်းပြီး ပြန်လွှတ်ပေးနိုင်ခဲ့တယ်။ ဒီလိုပဲ နှစ်ဘက်သိမ်းထားတဲ့ လက်နက်တွေကိစ္စလည်း တဖြည်းဖြည့်းညှိနှိုင်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခု ကျိုက်မရောဘက်မှ မြန်မာအစိုးရတပ်တွေက ဒီကေဘီအေ တပ်တွေကို ဝိုင်းဝန်းပိတ်ဆို့တာတွေ နယ်မြေရှင်းလင်းတာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကိုလည်း ဒီမှာစကားပြောဖြစ်တဲ့ တာဝန်ရှိတဲ့ သူတွေက သဘောတူတယ်။ ဒါပေမယ့် အောက်ခြေမှာ လက်ရှိဖြစ်နေတာတွေက ကျနော်တို့ ဒီကေဘီအေ တပ်တွေနဲ့ ထိပ်တိုက်တွေ့အောင် ကုန်လမ်း ရေးလမ်း ပိတ်ဆို့တာတွေ နယ်မြေရှင်းလင်းတာတွေ ဆက်တိုက်လုပ်နေတယ်။ အဲလိုတွေဆက်လုပ်နေလို့ ဖြစ်လာတဲ့ အခြေအနေကိုတော့ ကျနော်တို့လဲ ဘာမှမတတ်နိုင်တော့ဘူး။ အခြေအနေက ပိုရှုပ်ထွေးဖို့ပဲ ရှိတော့တယ်” လို့ ပြောပြပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီခန့်က ညနေပိုင်းအထိ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကသိုင်ကနိုင်ရွာနဲ့ ခြံကုန်းရွာအနီးမှာ တနေ့တည်း ၃ ကြိမ် ပစ်ခတ်မူဖြစ်ပြီး အဲဒီတိုက်ပွဲမှာ အစိုးရစစ်တပ်ဘက်က ၂ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာ၊ ရဲဘော်သုံးဆယ်ကျော် ဖမ်းထားပြီး လက်နက် ဆယ်လက်ကျော်ကို ဒီကေဘီကေ တပ်ဖွဲ့က သိမ်းဆည်းလိုက်တယ်။ ညနေပိုင်းမှာတော့ ဆက်ဆံရေးရုံးက ညှိနှိုင်းချက်အရ စစ်တပ် နဲ့ ရဲတပ်သားတွေကို ပြန်လွတ်ပေးခဲ့ပြီး လက်နက် ၁၀ လက်ကျော်ကို သိမ်းထားလိုက်တယ်။

နှစ်ဘက်တပ်ဖွဲ့တွေ တင်မာမှုစတင်ခဲ့ရတဲ့ အချက်ကတော့ ဒီကေဘီအေ ရဲဘော်တွေကို ယူနီဖောင်း ချွတ်ခိုင်းတာအပါအ၀င် ဒီကေဘီအေ ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားနေစဉ် မွန်ပြည်နယ်ထဲက လက်နက်တွေ သိမ်းခံရတဲ့အတွက် မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ ရဲဘော်တွေကြားမှာ တင်းမာမူတွေ စဖြစ်ခဲ့ရတာလို့ သိရတယ်။

No comments: