Sunday, September 28, 2014

မြဝတီမြို့အခြေအနေမှာ စက်တင်ဘာလ ၂၈

ဒီကနေ့ မနက် မြဝတီမြို့အခြေအနေမှာ ဈေးဆိုင်တွေပြန်ဖွင့်နေပြီး အသွားအလာ ပုံမှန်အခြေအနေ ပြန်ဖြစ်နေပြီ ဖြစ်တယ်။

မနေ့က ည ၇ နာရီလောက်မှာတော့ KNU\KNLA (PC) ဗိုလ်တိုက်ဂါးတပ်ဖွဲ့ရဲ့ သောင်ရင်းမြစ်ကမ်းဘေးက ဂိတ်ကို နယ်ခြားစောင့် BGF တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူ
တပ်စွဲခဲ့တဲ့ လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။

BGF တပ်ဖွဲ့က အကြောင်းပြတာကတော့ ဗိုလ်တိုက်ဂါး ဂိတ်ထဲကပစ္စည်းတွေ ပျောက်ရှမှာစိုးလို့ သွားစောင့်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်တိုက်ဂါး ဂိတ်ကို ဝင်ရောက်တပ်စွဲ နေရာဝင်ယူတဲ့ BGF တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုဟာ တဖွဲ့နဲ့ တဖွဲ့ကြား လက်နက်ကိုင် ထိတွေ့မှုတွေ ထပ်မံပြီး ဖြစ်စေနိုင်တာကြောင့် မြဝတီမြို့ပေါ်ရှိ အပစ်ရပ်အဖွဲ့အစည်းတချို့က မြဝတီ ရှေ့တန်းရုံး ၊ စရဖ ၊ သင်္ဃန်ညီနောင် ဗျူဟာရုံးတွေကို ဆက်သွယ်ညှိနှိုင်ခဲ့ပြီး၊ ဗိုလ်တိုက်ဂါး ဂိတ်ကိုနေရာဝင်ယူတဲ့ BGF အဖွဲ့ကို ၉ နာရီလောက်မှာ ဖယ်ရှားစေခဲ့တယ်လို့ မြဝတီမြို့မှာရှိတဲ့ အပစ်ရပ်အဖွဲ့အစည်းတခုရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပြပါတယ်။

ယခုအခါတွင် သောင်ရင်းကမ်းနဖူးမှာ ရှိတဲ့ ဗိုလ်တိုက်ဂါး ဂိတ်မှာ KNU\KNLA (PC) အဖွဲ့ရဲ့ လုံခြုံရေးရဲဘော် အနည်းငယ်သာ ရှိတော့ကြောင်း သိရှိရပါတယ်။

မနေ့က နေ့လည် ၁၁ နာရီလောက်က မြဝတီမြို့အမှတ် ၄ ရပ်ကွက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက်၊ မြဝတီမြို့တွင်းမှာရှိတဲ့ အကြွေစေ့နဲ့ကစားတဲ့ ဂိမ်းရုံတွေကို အာဏာပိုင်အဖွဲ့အစည်းတွေ ဝင်ရောက်ဖမ်းဆီး ခဲ့တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဂိမ်းရုံတွေအများစုဟာ အပစ်ရပ်အဖွဲ့အစည်းတွေနဲ့သက်ဆိုင်တဲ့ ဂိမ်းရုံတွေ ဖြစ်တယ်လို့ သိရှိရတယ်။

မကြာခင်ကာလမှာ နေပြည်တော်မှ ရှာဖွေရေးအဖွဲ့တွေ မြဝတီကို ရောက်လာပြီး အပစ်ရပ်အဖွဲ့အစည်းရုံးတွေ ဂိတ်တွေ အိမ်တွေကို ဝင်ရောက်စစ်ဆေးတော့မယ်ဆိုတာလဲ မြို့ခံပြည်သူတွေကြား သတင်းတွေထွက်ပေါ်နေပါတယ်။

No comments: