Thursday, September 11, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့ အောင်ပွဲ (အပိုင်း ၁)


11 September 2014 | အောင်တင်ထွန်း | နေ့သစ်

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မကြုံစဖူး ကြီးမားလှတဲ့ ထိုးစစ်ကြီးတခုကို ရန်သူ မဆလ စစ်တပ်က ပါတီရဲ့အခြေခံဒေသကြီး အပေါ်လုပ်ဆောင်လာခဲ့ပါတယ်။ ဒီထိုးစစ်ကြီးကို “မင်းရန်အောင်စစ်ဆင်ရေးကြီး” လို့ အမည်နာမတပ်ပြီး ၁၉၇၉ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့ကစပြီး ၁၉၈၀ ခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့အထိကို မင်းရန်အောင်အဆင့် (၁) အဖြစ်သတ်မှတ် လုပ်ဆောင်ခဲ့တယ်။
ပါတီရဲ့ တရုတ် မြန်မာနယ်စပ်တလျှောက် ရှည်လျားကျယ်ပြန့်လှတဲ့ အခြေခံဒေသကြီးကို ရန်သူ တပ်မ (၇၇) (၈၈) (၉၉) (၆၆) စတဲ့တပ်မ (၄) ခုမှ တပ်ရင်းပေါင်း (၃၄) ရင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျှင်တပ်ရင်း (၂၂) ရင်းနှင့် အခြားလက်ရုံးတပ်ဖွဲ့များ အမြောက်တပ်ဖွဲ့ လေတပ်တပ်ဖွဲ့များနှင့် တမျက်နှာလုံး ထိုးစစ်ဆင်ခဲ့တယ်။

မဆလစစ်အစိုးရရဲ့ အဓိကရည်ရွယ်ချက်က

ဗမာပြည်မကို ထိုးဖေါက်ဝင်ရောက်ပြီး ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အခြေခံဒေသတွေ တည်ဆောက်နေတဲ့ မိမိတို့ရဲ့ တပ်မဟာ (၆၈၃) ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကြီးကို ဖြတ်တောက်ပိတ်ဆို့ဖို့နဲ့ ၎င်းတပ်မဟာရဲ့နောက်တန်း မော်ဖါဒေသကို တိုက်ခိုက်သိမ်းပိုက်ရန် ဖြစ်တယ်။

ရန်သူ တပ်မ (၇၇) ဟာ အဓိက ထိုးစစ်ရည်ရွယ်ချက်တာဝန်ကို ထမ်းဆောင်ဖို့ မိမိတို့ မော်ဖါဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ရန်သူတပ်မ (၈၈) က တပ်မ (၇၇) ရဲ့ ဘေးနံလုံခြုံရေးအတွက် တာဝန်ယူရပြီး မိမိတို့ရဲ့ မုံးပေါက်ဒေသကြီးအပြင် စည်းခံစစ်စခန်းတွေဖြစ်တဲ့ ပန်မကောက်၊ ရောင်ခေါက်၊ လွယ်ဆီး၊ လွယ်ဟိုကာဒေသတွေကို သိမ်းယူရေးအတွကဲ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။

အလားတူ ရမခ တိုင်းတပ်များ တပ်မ (၉၉) မှ တပ်ရင်းတပ်ဖွဲ့များဟာ မိမိတို့ရဲ့ အနောက်မြောက်ဒေသတွေဖြစ်တဲ့ “၀နယ်” တောင်ပိုင်း “၀နယ်” မြောက်ပိုင်းနဲ့ မြောက်ပိုင်းဗဟိုဌာနခွဲဒေသတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ၎င်းတပ်ဖွဲ့များရဲ့ အဓိကရည်ရွယ်ချက်တွေဟာ မိမိတို့ရဲ့ ညီနောင်တပ်ဖွဲ့များကို အဓိက မော်ဖါစစ်မျက်နှာသို့ စစ်ကူမပို့ပေးနိုင်ရန် ထိမ်းချုပ်ဖို့နဲ့ တဖက်မှာလဲ ယောင်ပြထိုးစစ်ကြီးများ
သဏ္ဌာန်အဖြစ်ပါဝင်ကြပြီး အခြေအနေပေးပါက မိမိတို့ရဲ့ လွတ်မြောက်ဒေသအချို့ကို ဖဲ့ယူရန် ဖြစ်ပါတယ်

တပ်မ (၇၇) ရဲ့မော်ဖါထိုးစစ်စတာနဲ့ တပြိုင်နက် ရမခတိုင်း လှုပ်ရှားစစ်ဗျူဟာ (၂) ရဲ့ကွပ်ကဲမှုအောက် ခလရ (၃၃) ခလရ (၆၇) နှင့် တပ်မ (၆၆) မှ တပ်ရင်းအချို့ဟာ မိမိတို့ရဲ့`၀တောင်ခရိုင်´မန်ခူး၊ မန်ခါ ဒေသ လွယ်ပန်လုံ၊ မန်ကန်ဒေသများကို အချိန်ကိုက် တပြိုင်နက် တိုက်ခိုက်ဝင်ရောက်ခဲ့တယ်။

စစ်ဆင်ရေးကြီးစတင်ပြီး ရက်ပိုင်းအတွင်းမှာ မိမိတို့ စစ်ဦးစီးအဖွဲ့ကို အမြန်တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ရန်သူရဲ့ထိုးစစ်ကို ရိုက်ချိုးဖို့ ပြင်ဆင်ခဲ့တယ်။ ဒေသအသီးသီးရဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ (ခရိုင်တပ် မြို့နယ်တပ်ဖွဲ့များ) နှင့် လက်နက်ကိုင်ပြည်သူ့စစ်များကို စုစည်းပြီးဒေသအသီးသီးမှာ ခုခံကာကွယ်ရေးစစ်ပွဲတွေကို ဆင်နွှဲခဲ့တယ်။

အခြားတဖက်မှာ မိမိတို့ရဲ့အဓိကတပ်ဖွဲ့ကြီးတွေဖြစ်တဲ့ တပ်မဟာ (၇၁၇) (မူရင်းတပ်မဟာ-၈) တပ်မဟာ (၇၄၉) (မူရင်းတပ်မဟာ-၁၂) နဲ့ တပ်မဟာ (၅) (မူရင်းတပ်မဟာ၆၈၅) တို့မှ တပ်ဖွဲ့များကိုဆုပ်ကိုင်ပြီး ကျယ်ပြန့်ရှည်လျားလှတဲ့ စစ်ဆင်ရေးဒေသတလျှောက် လှုပ်ရှားစစ်ဆင်တိုက်ခိုက်ပြီး ရန်သူရဲ့ထိုးစစ်ဆင်မှုကို ရင်ဆိုင်ခဲ့တယ်။

ရန်သူရဲ့ယောင်ပြနဲ့ ထိမ်းချုပ်ရေးစစ်ကြောင်းတွေကိုလဲ ခရိုင်တပ် မြို့နယ်တပ် လက်နက်ကိုင်ပြည်သူစစ်တပ်ဖွဲ့များနဲ့ တက်ကြွတဲ့ နေရာယူခံစစ်ရှင်များနဲ့ ပြန်လည်ထိမ်းချုပ်ပြီး အခြေခံဒေသခုခံကာ ကွယ်ရေးစစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ အစဦးကာလတွေမှာ မိမိတို့ရဲ့တပ်ဖွဲ့များဟာ ခံစစ်ရှင်တိုက်ခိုက်ပြီး လှုပ်ရှားရန်သူကို ချေမှုန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မိမိတို့ရဲ့ ခံစစ်စခန်းတချို့ လက်လွတ်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပြီး ကောင်းမွန်တဲ့လှုပ်ရှားစစ်နဲ့ ချေမှုန်းရေးစစ်တွေ မရယူနိုင်ခဲ့ပါဘူး။

မိမိတို့ရဲ့ မွတ်နိုး၊ ၁၈၃၇ပွိုင့် (၆၀၂၈ပွိုင့်) နဲ့ ပန်ခါ၊ ရောင်ခေါက်၊ ပန်မာကောက် စတဲ့ ခံစစ်စခန်းများကို ခံစစ်ရှင်ဖြင့် တပ်မ (၇၇) ၊ (၈၈) တို့မှ ရန်သူ (၇၀၀) ကျော် သေကျေ ဒါဏ်ရာရစေပြီးနောက် ၁၉၈၀ ခုနှစ် ဇန်န၀ါရီ (၄) ရက်မှာ ပန်မာကောက်စခန်းမှ မိမိတပ်ဖွဲ့များ ဆုတ်ခွာခဲ့ကြပါတယ်။

ရန်သူဟာ ပန်မာကောက် ခံစစ်စခန်းကြီးကို သိမ်းပိုက်ရယူပြီးနောက် “မင်းရန်အောင်” စစ်ဆင်ရေးရဲ့ပထမဆင့် ပြီးဆုံးပြီလို့ သတ်မှတ်ပြီး ဇန်န၀ါရီ (၇) ရက်နေ့မှစလို့ ဒုတိယအဆင့် စစ်ဆင်ရေးကို စတင်ဖို့ ပြင်ဆင်လာခဲ့တယ်။

မိမိတို့ရဲ့စစ်ဦးစီးအဖွဲ့ဟာ ရောက်ရှိနေတဲ့ အခြေအနေအဖက်ဖက်ကို သုံးသပ်ပြီး ရန်သူရဲ့ ဒုတိယခြေလှမ်းကို ရိုက်ချိုးဖို့ ပြင်ဆင်ခဲ့တယ်။

(ဆက်ရန်)

အောင်တင်ထွန်း
၂၀၁၄-၇-၂၀ ရက်နေ့

No comments: