သူ့ကို ကြီးသူနှင့် ရွယ်တူများက “ကိုတိတ်” ဟု ခေါ်ကြသည်။ သူ့ထက်ငယ်သူ ကျနော်တို့ အားလုံးကတော့ အဘ တိတ် ဟု ခေါ်သည်။ ချာတိတ်တွေကလည်း ချစ်စနိုးနှင့် “အဘတိတ်” ထိုသို့ခေါ်ဝေါ်ခြင်းတွင် ချစ်ခင်လေးစားမှုနှင့် ရိုသေသ မှုများ ပါဝင်နေသလို၊ ဒါကို သူကလည်း သိပါသည်။
သေချာသည်မှာ သူ့ အသက်အရွယ်သည် ယနေ့ကာလ၌ အဘအရွယ်သို့ ရောက်ရှိနေပြီ၊ ၅၀ ကျော် ၆၀ တန်း၊ ဆံ ပင်ဖြူ၊ နှုတ်ခမ်းမွှေးဖြူ မုတ်ဆိတ်မွှေးများဖြူ၍ တင်စားဆိုရမလား ကဗျာဆန်ဆန်ပြောရမလားမသိ ကမ္ဘာကျော် ဗီယက်နမ် ခေါင်းဆောင်ကြီး “ဟိုချီမင်း” လိုလို သို့မဟုတ် တရုတ်ပြည်မှ တော်လှန်ရေး စာရေဆရာကြီး လူရွှန်း လိုလို။
လူချင်း တွေ့ခိုက်, ယင်းသို့ ပြောလျှင်သူသည် မကြိုက်သလိုလိုနှင့် (စိတ်ထဲမှာကျိတ်၍) “တဟဲဟဲ” သဘောကျနေ တတ်သည်။
ဒါကို ကျနော်တို့ကသိသည်၊ သူ့ပုံစံကလည်း ထိုအတိုင်းဖြစ်နေသည်။ ထားတော့…
သူ့အမည်ရင်းသည် မောင်မောင်တိတ် ပဲခူးသား။ အဘတိတ်သည် ဗမာပြည် ဗိုလ်နေ၀င်းခေတ်၊ မဆလ တပါတီအာ ဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်နှင့် စစ်အစိုးရပြုတ်ကျရေး၊ ကျောင်းသားရေးများတွင် အသက်အ ရွယ်နှင့်မမျှ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူ လူငယ်ကျောင်းသားတဦး ဖြစ်သည်။ သေချာသည်မှာ နိုင်ငံရေးအရ စိစစ်သုံး သတ်ရလျှင် ဗိုလ်နေ၀င်း၏ မတရားတဲ့ ၇၄ အခြေခံဥပဒေကို၊ ပထမဆုံးတရားဝင် ဗြောင်ဆန့်ကျင်ကန့်ကွက်သည်ဟု မှတ်ချက်ပြုရမည်။ ဦးသန့် အရေးအခင်းတွင် တိုက်ပွဲဝင် ခွပ်ဒေါင်းကျောင်းသား ခေါင်းဆောင်တဦး (၀ါ) ကျနော်တို့ အဖေများလက်ထက်မှ ဆက်၍ လက်ဆင့်ကမ်းခဲ့သည့် ဗကသများအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံတော်ကို သူတို့ခေတ် သူတို့အခါ၌ အမြင့်မားဆုံး လွှင့်ထူ အစမ်းသပ်ခံလုပ်ဆောင်ခဲ့သည့် သမိုင်းများရှိခဲ့သည်။
ဦးသန့်အရေးအခင်းနှင့် အဘတိတ်၏ ရာဇ၀င်များသည် အတော်များများသိပြီးဖြစ်၍၊ ကျနော်အကျယ်ချဲ့မရေးတော့ မရေးလိုတော့၊ ကျနော် အဓိကရေးလိုသည်မှာ ဗမာပြည် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး စောမောင် စစ်အစိုးရမှ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းပြီးနောက် တောခိုသွားခဲ့ရသည်။ (တနည်း) တော်လှန်ပုန်ကန် ခဲ့ရသည်။
ကျောင်းသားတပ်မတော်ခေါ် ABSDF ကျောင်းသားသူပုန် လှုပ်ရှားမှုထဲမှ အဖြစ်အပျက်တချို့ပဲ ဖြစ်သည်။ ကျနော်တို့ ဗမာပြည်တွင် သူပုန်သကန်ဟူသည် တည်ဆဲတိုင်းပြည် အုပ်ချုပ်မင်းလုပ်သူကို ဆန့်ကျင်ပုန်ကန်သူများအဖြစ် ရှေး ပဒေသရာဇ် မင်းဘုရင်များခေတ်၌ ထောင်ထားခြားနားသူများအဖြစ် မကောင်းသတင်း ဖွင့်ခဲ့ကြသည်။ အသေချာဆုံးမှာ မည့်သည့်ခေတ်ဖြစ်စေ မင်းကျင့်တရားဆယ်ပါးခေါ် အစိုးရများ၏ တာဝန်ဝတ္တရားများကို မှန်မှန်ကန်ကန် ကျင့်သုံးဆောင် ရွက်နေလျှင် ပုန်ကန်သူမရှိ ဆန့်ကျင်ထောင်ထားခြားနားမည့်သူ မရှိ အေးချမ်းသာယာနေမည် ဖြစ်သည်။
သို့သော် ထိုအချက်ကဏ္ဍများဟာ ပျက်ကွက်ချို့ယွင်းနေပါလျှင် သူပုန် သကန်ဟူသည်, မတရားမဟုတ် တရားမှုဖြစ် သည်။ မမှန်ကန် မတရား အဓမ္မ ဓါးမိုး အုပ်ချုပ်ဖိနှိပ်မှုများကို ဆန့်ကျင်အံတု ပုန်ကန်သူများပဲ ဖြစ်မည်။ တည့်တည့် ပြော ရလျှင် ယနေ့ ဗမာပြည်စစ်အစိုးရများခေတ်တွင် သူပုန်ဟူသည် အမှန်တရား တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဓမ္မတရား တို့၏ သင်္ကေတ၊ နိမိတ်ပုံများပဲ ဖြစ်နေပါပြီ ယနေ့ခေတ်သည် စစ်အေးခေတ်အပြီး ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် မာကီ စစ်စတန်၊ တကမ္ဘာလုံးခြုံ ၀ါဒ အယူအဆပေါင်းစုံ ဆက်နွယ်ပေါင်းကူး ဆက်စပ်ပတ်သက်နေခဲ့သော အချိန်ကာလကြီး ဖြစ်နေသည်။ သူပုန်မှားသည် အပြတ်ပြောမရ၊ တရားဝင် အစိုးရတရပ်မှားလျှင် မှားနေမည်။ မည်သို့ပင် ဖြစ်စေ ကျနော်တို့ချစ်သော “အဘတိတ်” သည် (သို့မဟုတ်) ဦးမောင်မောင်တိတ်သည် သူပုန်ဘ၀သို့ရောက်ခဲ့သည်။
သူဟာ ကျနော့ကို အဖြစ်အပျက်တစုံအား အမှတ်တရ ပြောပြခဲ့သည်။ သူ ကျောင်းသားသူပုန်အဖြစ် ရှစ်ဆယ်ရှစ်တွင် ကရင်ပြည်နယ်သို့ တောခိုဝင်ရောက်ခဲ့ချိန် တပ်ရင်းအမည် စခန်းနံပါတ်များကိုတော့ ကျနော်မမှတ်မိတော့၊ တောထဲ တောင်ထဲ သူပုန် စခန်းထဲတွင် သူပုန်လူငယ်လေးတဦး သွေးဝမ်သွားနေချိန် အညစ်ကျေးများ သုတ်သင် သန့်စင်ရန်၊ စက္ကူ သွားရှာသည်။ တောထဲ တောင်ထဲ ရှားပါးလှသော စက္ကူရှာဖွေရရှိပြီး ထိုလူနာရဲဘော်လေးဆီသို့ ပြန်ရောက် ချိန် ၌၊ ဖြစ်သွားခဲ့ပုံများ ထိုရဲဘော်လေးအနီး ကျန်ရစ်ခဲ့သူ ရဲဘော်လေးတဦးဟာ သူ၏လက်ဖြင့် လူနာရဲဘော်ငယ်၏ သွေးမစင်များကို (စက္ကူမပါ) ဗလာသက်သက် သုတ်သင်သန့်စင်ပြီး ဖြစ်နေသည်။
ရဲဘော်ကိုတိတ် (သို့) အစဉ်အလာရှိခဲ့ပြီး၊ မိမိကိုယ်မိမိ၌ ပီဘိတော်လှန်ရေးသမားကြီး (ရဲဘော်ချေဂွေဗားရားတမျှ) အဖြစ် ခံယူထားခဲ့သော တော်လှန်စိတ်ဓါတ်သည် ကလေးလေးဘ၀ ရောက်ရှိသွားခဲ့ပါပြီ၊ စက္ကူမလို၊ ဘာမှမလို၊ လက်ဖြင့် သုတ်သင်သန့်စင်၍ရသည်။ ပြီးမှ လက်ဆေး၊ ထိုအလုပ်ကို၊ ထို ရဲဘော် ရဲဘက်စိတ်ဓာတ် ပြောရလျှင် ထိုသို့သော တော်လှန်ရေးစိတ်ဓာတ်၊ အယူအဆမျိုးကို သူကပြတ်ပြတ်သားသား မလုပ်နိုင်ခဲ့၊ ထို အမည်မသိသော လူငယ် ကျောင်းသား ရဲဘော်ငယ်လေးတဦးက ပြတ်ပြတ်သားသားပင် ရွံရရှာရမှန်းမသိ လက်တွေ့လုပ်ဆောင်ပြသ သွားခဲ့သည်။ တနည်းအားဖြင့် သင်ခန်းစာပေးသွားခဲ့ပါသတဲ့။ သူကသာ စက္ကူရှာ ဘာရှာ သွားလုပ်နေခဲ့ခြင်း ဖြစ်သည်။
ထိုကျမှ သူ့ကိုယ်သူ ပြန်လည်ဝေဖန်သုံးသပ် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အတွင်း သူ့ကိုယ်သူ တွေဝေသူ စိတ်ကူးယဉ်သူ သူပုန်တဦး အဖြစ်ပြန်ဝေဖန် သုံးသပ်မိခဲ့ရသည်ဟု ပြောဆိုခဲ့သည်။ သူ့ကိုယ်တွေ့အဖြစ်တွင် ကျနော် ကိုယ်တိုင်လည်း တွေးကြည့်မိ ပြီး ကျနော် တခုသွားသတိရမိပါသည်။ တော်လှန်ရေးဟူသည် ဇာထိုးပန်းထိုးမဟုတ် ဟူသော အရှေ့တိုင်းဒဿနပညာရှင် အတွေးခေါ်ရှင်တဦး၏ အဆိုအမိန့်ပဲ ဖြစ်ပါသည်။ အဘတိတ် မိမိကိုယ်ကိုယ် ဝေ ဖန်ရေး စစ်မှန်လျှင် တော်လှန်ရေး လက်တွေ့ လုပ်ငန်းအတွက် တစုံတရာ (သို့မဟုတ်) ရေရှည်အကြိုးတရားတရပ် မုချရရှိနေမည် ဖြစ်ပါသည်။
တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်၊ ဆက်၍ သင်ကြားနေပါဦးမည်။
ကိုဆက်
No comments:
Post a Comment