Sunday, September 14, 2014

မွှေးသည့်ပန်းများမှ ကျောယားပြေတိုက်ပွဲ

မွှေးသည့်ပန်းများမှ ကျောယားပြေတိုက်ပွဲ (၁)

key c                          Beat slow Go, Go
Intro;//c………./cm7………F………./G………//
*ဇာနည်မျိုးမို့ သွေးကရဲတယ် ဟေ့…
F                            G
မာန်မာနနဲ့ နေဆီပျံမဲ့ငှက်တောင်ပံစုံ မီးကြွမ်းသွားပါစေ
ပင်လယ်ပြင် ထိုးဆင်းကျပါစေ

F           G              C
နေဆီပျံမဲ့စိတ်မွေးတဲ့ငှက်
*လေထန်ခရီးကြမ်း စမ်းတဝါးမဖြတ်လိုဘူး
ယုံကြည်ချက်နဲ့ ရေဆန်လှော်မဲ့တက်
မှောင်ပါစေ မိုးသဲညတွေ
ရေပြင်မုန်တိုင်း လှိုင်းပြင်းပါစေ
ရောင်နီပေါ်တဲ့ထိ ခတ်မဲ့တက်..
*CHO;
F                 EM                E7              AMG
အသိုက်မဲ့ငှက်မို့ ဆုံးဖြတ်ချက်က စွဲမြဲရင့်သန်လို့
F                 EM                      DM                        G
လှိုင်းကြမ်းခရီးထဲ တရွေ့ရွေ့ထိုးထွက် ဘဝအသစ်အစတည်ဖို့
*နေခြည်ထိုးတိုင်း ပန်းတို့မညှိုးနိုင်ဘူး
အရုဏ်နှင်းစက် ဖျမ်းပက်အားသစ်ပျိုး
နွေပင်လယ် ဝိုင်းလည်းပွင့်ဝေ
လေပွေတွေရိုင်းလဲမွှေးစေ
မြေမှာကြွေတဲ့ထိ မွှေးမဲ့ပန်း

(ရဲဘော်ဝလုံး-ကျဆုံး)
(အန္တိမစိတ်နဲ့ ရဲဘော်ကြီးရဲ့ လွတ်မြောက်ရေးည-စီးရီးမှ)

ဒေဖိုးနို… တောင်ကုန်းတနေရာမှာ ကျဆုံးသွားတဲ့ ရဲဘော်ဝလုံး (အောင်ဇော်မင်း) ရဲ့ နောက်ဆုံးစာသာလေးက ကျနော့် နှလုံးသားမှာ သံမှိုစွဲထားသလိုပါပဲ။

မြေမှာကြွေတဲ့ထိ မွှေးမဲ့ပန်း… တဲ့။

………………..

ကျောင်းသားတပ်မတော် (ABSDF) ၂ဝ ပြည့်အထိမ်းအမှတ်ကထုတ်တဲ့ ပြက္ခဒိန်ကို ရဲဘော်တို့တွေ့ရမှာ။

အဲဒါ တကယ့်စစ်ကြောင်းပါပဲ… အဲဒီဓာတ်ပုံကို စစ်ကြောင်းအလယ်လောက်မှာပဲတဲ့ ပြင်သစ်သတင်းထောက်တယောက်က ရိုက်တာပါ ကျနော်လည်း သူ့ဘေးနားမှာရှိပါတယ်။ ကျောင်းသားတပ်မတော်ရဲ့ စစ်ကြောင်းချီပုံ သဘာဝကို ရိုက်ယူချင်လို့ပါတဲ့။

အဲဒီပုံကိုသေသေချာချာကြည့်ရင်…။ စစ်ရေးကြွမ်းကြင်သူများနဲ့…မဆလ။ နဝတ၊ နအဖ စစ်အာဏာရှင်တို့က
ရယ်မောဟားတိုက် ကြပါလိမ့်မယ်။ ဒါ စစ်ကြောင်းတဲ့လားလို့။

နောက်လှည့်တဲ့သူ၊ ဘေးထွက်ပြီး အပေါ့သွားနေတဲ့သူ၊ ဟိုလှည့် သည်လှည့်စကားပြော နေတဲ့ သူ၊ အချင်းချင်း စကားများနေတဲ့သူတွေတောင် ရှိနေပါသေးတယ်။

ခင်ဗျားတို့ စစ်ကားရုပ်ရှင်တွေထဲမှာ ကြည်နူးခဲ့ဖူးကြပါပြီ၊ ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာ စစ်၊ ဗီယက်နမ်စစ်တို့ရဲ့ စစ်ဆင်ရေးတွေနဲ့တော့ ကွာလွန်းလှပါကော….။ အဲဒီလို စစ် ကြောင်း ပုံစံတချို့နဲ့… ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုများနဲ့ တွဲတိုက်ခဲ့ရပါသည်၊ ခင်ဗျား…။

စစ်ကိုမုန်းလို့…စစ်တိုက်နေတာဖြစ်ပါတယ်… တဲ့။

တရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်း ပြောခဲ့သောစကား ဖြစ်ပါသည်။

ကျနော်တို့လည်း စစ်တပ်ကိုမုန်းလို့ စစ်တိုက်ရပါသည်ဟု ပြောကြပါသည်။ အမှန်တ ကယ်တော့ စစ်တပ်ကိုချစ်လို့ စစ်တိုက်ရပါသည်ဟု ပြောက ပိုမှန်ပေလိမ့်မည်… ကျနော် တို့ ချစ်သော ပြည်သူ့တပ်မတော်ကြီးက ပြည်သူတွေကို ရက်ရက်စက်စက်သတ်တာ မြင် ခဲ့ရသောအခါ မတရားနှိပ်စက်ချေမှုန်းခံရသည်ကို မြင်ရခံစားရသောအခါ…။

ပြည်သူချစ်သော တပ်မတော်ကြီးအတွင်း စစ်အာဏာရှင်ဝါဒကြီးစိုးပြီး ပြည်သူများ ရဟန်း ရှင်လူ၊ ကျောင်းသားများကို ရန်သူလိုသဘောထားပြီး တဘက်သတ်ချေမှုန်းမှုများ စနစ် တကျ ပြုလုပ်နေသောအခါ။ တိုင်းရင်းသားညီအကိုတို့၏ တော်လှန်ရေးနယ်မြေထဲသို့ ရောက်လာပြီး သူတို့နှင့်အတူ ပိုခံစားမိပိုနားလည်လာမိသောအခါ ABSDF ကျောင်းသား တပ်မတော် ပေါ်ပေါက်လာပြီး DAB ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစုကြီးလည်း ဖွဲ့ ပြီးသောအခါ….။
DAB စစ်ကြောင်း (၁၄)(၁၅) ဝါးဒူးရွာတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်များ။ ဒေါင်းအိုဝေ အတွဲ၂၊အမှတ်၆၊ ဖေ ၊ ၁၉၉၁

KNU တော်လှန်ရေးနယ်မြေ တပ်ရင်း ၂ဝ အူးသူထ စခန်းတွင် အထူးသင်တန်း တလ တက်ရသည်။ ခပ်ကြမ်းကြမ်းပင်။ သင်တန်းပြီးသောအခါ မိမိတို့ သံလွင်စခန်းတွင် သင် တန်းဆင်းသည်။ တချို့ကို ရှေ့တန်းသို့ပို့သည်။ လက်နက်တပ် ဆင်ပေးသည်။ ကျန်သည့် တချို့ကို စခန်းတွင်းလုံခြုံရေးအတွက် G3, G4 ၂၄ လက် ပေးသည်။ မိမိတို့ဘာသာ ပြု ပြင်ယူရသည်။ မိမိကိုယ်တိုင် စက်ပစ်ကွင်းသွား၍ စမ်းသည်။ ၁၂ လက်ရသည်။ မဆလ တပ်ထွက်… ဆာဂျင်ကြီးများနှင့် စစ်ဆေးကြခြင်း ဖြစ်ပါသည်။ စိတ်ကြိုက်၊ တတောင့်ခြင်း၊ အတွဲလိုက် ကြေနပ်စရာကောင်းမှ ယူကြခြင်းဖြစ်သည်။

လောလောဆယ်ဆယ် မယ်လ၊ မော်ဖိုးကေ စစ်ပူနေသော နေရာစခန်းများကိုသွား၍ စစ် ကူရသေးသည် မိမိအတွေ့အကြုံရ ပွင့်ပွင့်လင်းလင်းတွေးကြည့်ပြီး ပြန်ပြောရလျှင် ဗမာ အချင်းချင်း ပြန်ချရဲသည်ကို ယုံသွားတော့သည်။ ပထမဆုံး မိမိတို့ ကျောင်းသားတပ်မှ တယောက်ကျသည်။ ရန်သူတက်လာသည်ကို ခံကတုတ်ကျင်းထဲမှ လက်ဦးမှုယူပြီး ပစ် နိုင်ပေမဲ့ G3 က ကျည်မထွက်ဘဲ ဂျမ်းဖြစ်သွားတော့ မိမိတို့ရဲဘော် ကျဆုံးသွားရသည်။ နောက်ကကူပစ်ပေး၍ တက်လာသော ရန်သူစစ်သားလည်း ကျသွားသည်။ ဤအဖြစ်အ ပျက် တွေ့ကြုံပြီးတော့ AR နဲ့ AK များ ပြန်လဲပေးသည်။ တလလောက်ခံစစ်ရှင်အတွေ့ အကြုံရပြီးတော့ စခန်းခေတ္တနားပြီး DAB စစ်ကြောင်းများဖွဲ့ပြီး ရှေ့တန်းစည်းရုံးလှုပ်ရှား  စစ်ကြောင်းများ ဆင်းကြတော့သည်။

မိမိတို့ မကဒတ ကျောင်းသားတပ်မတော်က ကျောင်းသားများနှင့် ဗဟိုကော်မတီများ၏ နားပူနားဆာတောင်လွန်းသဖြင့် ပထမ ဆုံး KLA မှ ဥက္ကဋ္ဌကြီးဘရမ်ဆိုင်းအဖွဲ့က AK အလက် ၅၀ ပေးသည်။ ၎င်းအလက် ၅၀ နှင့်ပင် စစ်ကြောင်းများပူးတွဲဖွဲ့ပြီး သံလွင် မြစ် ညှာရှိ သောာ်လဲထ မြန်မာဘက်ကမ်း တွင် စစ်ကူသည်။ နောက်မြစ်ဆုံမှ ဘီလင်း၊ ကမ မောင်း၊ ဝင်းမောင်း၊ မုပ္ပလင် KNU တပ်မဟာ (၁) (၂) ဂွင်များထိ ဆင်းတော့သည်။

DAB စစ်ကြောင်းများဖွဲ့ပြီးတော့ KNLA က မာနယ်ပလောတွင် ဗိုလ်ချုပ်မြကိုယ်တိုင် AK ၅ဝ ထပ်မံလှူဒါန်းပြန်ပါသည်။ ကျောင်းသားတပ်မတော်ကို သံယောဇဉ်တွယ်ပြီး ယုံကြည် သွားသောကြောင့်ဖြစ်ပါသည်။

အစ ပထမ က မိမိတို့ကို တော်လှန်ရေးနယ်မြေမှ ဝါရင့်တော်လှန်ရေးသမားကြီးတို့က မ ယုံသင်္ကာရှိခြင်းကို မိမိတို့ သံသယ မဖြစ်ပါ။

မိမိတို့ ကျောင်းသားတပ်မတော်တွင် လူစုံ နယ်စုံ ဝါဒစုံ၊ ပညာတတ်စုံ ရှိနေသည်။ KNU တော်လှန်ရေးနယ်မြေထဲရောက်ပြီး မကဒတ ဖွဲ့ပြီးသောအခါ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ကြသည်။ စစ်တိုက်ဖို့ လက်နက်ကိုင်ဖို့ လာသောသူများကို ကြည့်ပါဦး ဆရာဝန် အင်ဂျင်နီယာ၊ ကျောင်းဆရာ ကျောင်းအုပ်၊ ဘုန်းတော်ကြီးများ ရှေ့နေ၊ စစ်သားများ၊ တပ် ကြပ်ကြီးများ၊ ရထားများပေါ်တွင်မိုက်ကြေးခွဲ စားနေသောသူများ၊ အဆိုတော်၊ ဂီတ အနု ပညာအချို့၊ ကျန်းမာရေးဝန်ထမ်း၊ လက်ရှိကျောင်းတက်နေကြသော အလယ်တန်း ကျောင်းသားများ၊ RASU၊ MC၊ RIT၊ ECO နှင့် GTI၊ ကုန်သည်တချို့နှင့် “ဂေး” အချို့ပင် ပါသေးသည်။ ချဲဒိုင်များပင် ပါလာသောကြောင့်၊ ဘိုးတော်လိုလို ဘာလိုလိုနှင့် အတိတ် စိမ်းပေးတတ်သည်သူများပင် ရှိနေသည်။ ကဗျာဆရာ၊ ဆရာရေးဆရာတို့ကလည်း ရှိနေ သေးသည်။ ကိုယ်ခံစားချက်၊ ကိုယ့်အတွေး၊ ကိုယ်ရည်မှန်းချက်တွေနှင့် လာခဲ့ကြ ခြင်းဖြစ် ပါသည်။

မေးလျှင်တော့ ပြန်ဖြေဖို့ မညှိထားရ၊ မတိုင်ပင်ထားရ၊ လက်နက်လိုချင်သည်။ ပြန်ချမည်။ လက်စားချေမည်။ မိမိတို့နည်းနှင့် မိမိပြန်တို့ ပြန်ပြီး မိမိတို့နယ်တွင် ပြန်လှုပ်ရှားကြမည် ဟူသော တောင်းဆိုသံများက အဖွဲ့အလိုက်၊ အသင်းအလိုက်၊ တပ်ဦးအလိုက် ပြောဆို ဆွေးနွေးလာကြသောအခါ….။

ထိုစဉ်က NDF နှင့် KNU တို့ မျက်လုံးပြူးကြကုန်တော့သည်။ NDF (အမျိုးသားဒီမိုကရေ စီတပ်ပေါင်းစု) ပင်လျှင် အတော်လေးရှင်းပေးရသည်။

ကျနော်တို့က တမျိုးသားတဝါဒတည်းကို ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဗျ ဒီမိုကရေစီ တပ်ပေါင်းစုကို ရည်ရွယ်တာ၊ လူတန်းစားလက္ခဏာ၊ လူမျိုးရေးနဲ့ တဦးချင်းကိစ္စတွေကို ကျော်လွှားခဲ့ပြီး ဖြစ်ပါတယ်။

ရိုးသားပွင့်လင်းပြီး အတွေ့အကြုံရှိကြသော DAB တပ်ပေါင်းစုတွင်းမှ တိုင်းရင်းသားခေါင်း ဆောင်ကြီးများ၊ စစ်ရေးခေါင်းဆောင်ကြီးများက ပြုံးပြီး နားထောင်နေတတ်ကြပါသည်။

သည်လိုတက်ကြွသည့် လူငယ်အင်အားကို သူတို့မကြုံဘူးခဲ့။ သူတို့အတွေ့အကြုံက ကျနော်တို့ ဖတ်ထား၊ ကြားထား၊ လက်တွေ့ခံစားထားရသည့် ဖြတ်သန်းလာခဲ့ကြသည့် ဘဝများထက် ပိုသာလွန်ပြီး ရင့်ကျက်နေကြပြီမဟုတ်ပါလား။

ကွမ်းလေးဝါးရင်း မြုံနေရင်းနဲ့ ဖူးစကောလယ်တော။ မန်းဘဇံ က လက်ချာပေးနေသော ကျောင်းသား ခေတ်ပညာတတ်လူငယ်များ၏ သဘောတရားများကို စိတ်ရှည်သည်းခံပြီး နားထောင်ပေးနေပါသည်။

DAB (၁၅) စစ်ကြောင်းမှူးအဖြစ်တာဝန်ယူရန်ဆင်းသွားသော ကျောင်းသားတပ်မ တော် စစ်ရုံးမှ-တာဝန်ခံ ကိုဌေးအောင်မှာ မယ်လထ တောင်ဆင်းတွင် အပြင်းအထန် ဖျားနေပြီး ခရီးမဆက်နိုင်။ အဖျားထန်လွန်းလို့ ပြန်သယ်ယူခဲ့ရသည်။ စစ်ရုံးမှာလည်း မြစ်ညှာတ ဘက် ဖါပွန်ဘက်တဘက် ခံစစ်ကြောင်းတဘက် ဖြစ်နေသောကြောင့် တရားရေးဌာနက တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ကျနော့်ကို ကိုအောင်ထူး (CEC)- ယခု BLC အတွင်းရေးမှူးက တာဝန်ပေးပြီး သွားစေချင်ပါသည်။

တနေ့ကမှ ဇီးရိုးရင်းချိန်ထားသော မိမိ၏ AK.47 တပတ်ရစ်ကို ရမိပါသည်

“ကျနော် လိုက် မယ်” တယောက်တော့ ထည့်ပေးပါ။ အိုကေ ခင်ဗျားနဲ့ သင်တန်းတုန်းက သင်တန်းမှူး တာဝန်ယူခဲ့တဲ့ အောင်ကျော်မင်း (မှိတ်တုတ်ကို) ထည့်ပေးမယ်ဗျာ။ စစ် ကြောင်းကတော့ တောင်ကျော်ပြီး ရှေ့ရောက်သွားပြီ။ ဆက်သွားနေကြတယ်။ စောင့်မှာ မဟုတ်ဘူး။

ဗိုလ်မြင့်သိန်း (KNDO) တပ်မဟာ (၁) စစ်ရေးတာဝန်ခံ သဝခ (မာနယ်ပလော KNLA ဌာနချုပ်ရုံး) ကို လာတယ်။ သတင်းပို့ပြီး ပြန်ကြမယ်။ ခင်ဗျား သူတို့နဲ့ တွဲတိုက်ရမယ်။ သူ က စစ်ကြောင်းဗျူဟာမှူးနဲ့ တွဲဘက်တာဝန်ယူထားတယ်။ ဗိုလ်မှူး ဝေါလ်ထာကတော့ ဗျူဟာမှူးကြီးအနေနဲ့ ရှိနေလိမ်မယ်။ ခင်ဗျားနဲ့ သူတို့စည်းရုံး၊ ချေမှုန်းလှည့်လည် စစ်ကြောင်းအတွက် တာဝန်ယူပေးပါတဲ့…။

ဆက်ရန်…

ရဲဘော်မောင်မောင်တိတ်
ကျောင်းသားတပ်မတော် (ABSDF)

..........................................................

မွှေးသည့်ပန်းများမှ ကျောယားပြေတိုက်ပွဲ ၂

ကျနော်မငြင်းပါ။ ရဲဘော်ဖြစ်ဖြစ်၊ မဟိုကော်မတီဖြစ် ဖြစ်၊ ပြန်ကြားရေးဌာနကပဲ ဖြစ်ဖြစ်၊ စည်းရုံးရေးဌာန ကပဲ ဖြစ်ဖြစ်၊ တရားရေးဌာနကပဲ ဖြစ်ဖြစ်၊ တိုက်ခိုက် ရေးတာဝန်ယူနိုင်သူများပင်။

ယခင် သံလွင်မြစ်ညှာ ကျောက်ကပ်တိုက်ပွဲကို ကျနော် တောင် အားမရခဲ့၊ ကျောယားနေခဲ့ သည်။ တိုက်ပွဲတ ပွဲကောင်းကောင်း တိုက်ချင်သည်။ ဒီ ဆန္ဒက…။

ရဲဘော်များနှင့် ရင်ဘောင်တန်း တိုက်ချင်သည်။ မဆလ စစ်ကြောင်းမှူးကဲ့သို့ နောက်မှာ မနေချင်။ အလယ်မှာလည်း မနေချင်…။ သိတော့ သိပါသည်။ စစ်ကြောင်းမှူးတ ယောက် ကျသွားသည်နှင့် ရဲဘော်တယောက်ကျသွားသည်က စိတ်ခံစားထိခိုက်ခြင်း တူ နိုင်သော်လည်း စီမံခန့်ခွဲရေးနှင့် ဆက်သွယ်ထိန်းသိမ်းမှုကတော့ ကွာခြားပေလိမ့်မည်။ ကိစ္စမရှိ၊ ကံတရားနှင့် အမှန်တရားကို ယုံသည်။ သတိမရှိလျှင်တော့ ခံရသွားနိုင်သည်။ မနက်ဖြန် ထွက်ဖို့ပြင်ထားသည်။

(သဝခ) ဂိတ် မရောက်ခင် အဘ ဗိုလ်စွန်ညို (ဗိုလ်မှူးကြီးအေးမြင့် အငြိမ်းစား) ကိုသွား ကန်တော့သည်။ တက္ကသိုလ်ကျောင်းသားဘဝ တုန်းက U.T.C (ယူတီစီ) ၂ နှစ် အတွေ့ အကြုံလေးပဲ ရှိသည်။ ဂျီသရီး G3,G4 ကို ကောင်းကောင်း ပစ်တတ်သည်။ ကာဘိုင်လဲ ပစ်တတ်သည်။ 40 m နှင့် RPJ ကို မပစ်ဖူးပေ။

ရှေ့တန်းရောက်မှ ရဲဘော်များထံက သင်ရဦးမည်။ တွေးရင်း…

“ဘေးရန်ကင်းပါစေကွာ လုံ လေးလုံနဲ့၊ သတ်ကွင်း အပြတ်ရှင်းတဲ့နေရာမှာ လက်မနှေး စေနဲ့။ သတိ” ရှိပေါ့ကွာ။ တူးအင့်မော်တာနဲ့ အီနာကာတွေတော့ သတိထား၊ ဒီကောင် တွေ ကြွမ်းတယ်ဟေ့။ ဟုတ်ကဲ့ အဘ ပြုံးပြီးကြည့်နေသော အဘကို အလေးပြုပြီး ထွက် ခဲ့သည်။

ဘယ်ဒီကပ် အစိမ်း၊ AK.47 တလက်။ ဘောက်ချပ်တခု။ ခါးတွင်KNU မှ ချုပ်ထားသော ဘေးကျည်ကပ် ၃ ခုနှင့် တရုတ်လုပ် ကျောပိုးအိပ်ထဲတွင် အဝေးကြည့် မှန်ပြောင်းတလုံး၊ မှတ်စု စာအုပ်တအုပ်၊ ဘော်လ်ပင် ၅ ချောင်း၊ ယူနီဖေါင်းပို တစုံ၊ စစ်ပုခက်တလုံး၊ ရေဗူး နှင့် မြန်မာငွေ ၁ဝဝဝဝ ကျပ်၊ ဟန်းကော တလုံး၊ ဓါးမြှောင် တချောင်း၊ ပလတ်စတစ် လက်သန်းလုံးခန့်ရှိ ကြိုးတခွေ။ မျက်မှန်တော့ မတတ်ထားတော့ပါ…။
၁၉၉၀ နိုဝင်ဘာ ၁၁ ရက် ဘီးလင်းမြို့ ဘယ်ဝါထာရွာ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၉။ ဒေါင်းအိုးဝေ အတွဲ၂ ဖေ ၁၉၉၁၊

ကြောပိုးအိပ်ထဲတွင် သေသေချာချာ သိမ်းထားလိုက်ပါတယ်။ ရှေ့တန်းမှာ ပစ်မှတ်ဖြစ် မှာ စိုးလို့ပါ…။ စိတ်ထဲမှာ တေးထားမိသည်။ သေနတ်တလက် အနည်းဆုံးရမှ ပြန်တပ် မယ်လို့  “မုန့်ဆီကျော် မရသေး နှုတ်ခမ်းနာနဲ့ တည့်ပါ့တည့်မလား” ဟု မိမိ အတွေးကို မိမိ ပြန်ဆန်းစစ်ရင်း ပြုံးမိသည်။

ဗိုလ်မြင့်သိန်းနှင့် သူ့  ရဲဘော်တဦးကို တွေ့ရသည်။ သည်နေ့လည်ပဲ “မယ်လဲထ” ပြန် ဆင်းမယ်တဲ့။ ပြင်စရာတွေ…ယူချင်စရာတွေ လုပ်ပြီးပြီလား တဲ့။

ကျနော်တို့ ၄ ဦးစက်လှေနှင့် မယ်လထ ရောက်ခဲ့ပါသည်။ မယ်လထ တာဝန်ခံထံသို့ မ သွားတော့ဘဲ ရွာထိပ်က ဘုန်းတော်ကြီးကျောင်းမှာ တည်းပါသည်။ ဆရာတော်က ကျောင်းမှာ နေရာချပေးပါသည်။ အတော်ပဲ မနက်ကျရင် ဆေးထိုးသွားကြတဲ့ မင်းတို့ပွဲ ပြင်စရာမလိုတော့ဘူး သူတို့ကို ထိုးပြီးတာနဲ့ ဆက်ထိုးကြတဲ့ အချိန်နဲ့ နက္ခတ်လဲကောင်း ပါတယ်…တဲ့။

ပြဿနာပဲ ကျနော်က မထိုးချင် ဘုရား တရား သံဃာ မိဘ…ဆရာသမားတို့ ဂုဏ်ပဲယုံ သည်။ ဒီကိုယ်ခံဆေး ပီယဆေးတွေ မထိုးချင်၊ ဗိုလ်မြင့်သိန်းကတော့ ခင်ဗျားတို့ ကံ ကောင်းတယ်တဲ့။

နံနက် ဘုန်းတော်ကြီးရဲ့ အာရုံဆွမ်းကျန်စားသောက်ပြီးတော့ အင်္ကျီချွတ်ခိုင်းသည်။ ခေါင်း၊ လျှာ၊ လက်မောင်း၊ ရင်ဘတ်နှင့် ကြောတို့ကို ကြေးစုတ်တန်ကြီးနဲ့ ထိုးတော့သည်။ ဆေးကအနီရောင်ဖျော့ဖျော့မို့တော်သေးသည်။ အရာသိပ်မထင်၊ ကြိတ်၍ခံကြ သည်။ ဆေးကို အားပါးတရထိုးပေးရင်း ဘုန်းကြီးကပြောသည်။ “မနာဘူးလား” တဲ့ တော်လှန်ရေးသမားတွေလည်း သွေးနဲ့ သားနဲ့ပဲဟာ ဆေးစွမ်းတာ မစွမ်းတာအသာ ထား…လောလောဆယ်တော့ ချွေးသီးတွေက တပေါက်ခြင်း လိမ့်ကျနေသည်။ မင်းတို့ ဆေးထိုးပေးရတာ ငါတောင် မနာပါဘူးကွာတဲ့။ ဘုန်းတော်ကြီးက ကျီစယ်လိုက်သေး သည်။ ပြီးသွားတော့ ကျက်သရေခန်းထဲက ဓါးအိမ် (လက်လုပ်) နဲ့ ဂျပန်ဓါးရှည်ကြီး ကျနော့်ကို လက်ဆောင်ပေးသည်။ င့ါ လက်ဆောင်ပဲ မင်းက ဒီဓားကို ပေါ့ပေါ့မထင်ပါနဲ့ မင်းနဲ့ ထိုက်လို့ရတာ တဲ့…။ ဓားအိမ်က ဓားသွားကိုချွတ်ကြည့်တော့ ဓားသွားက ငါးဘပ် သွားလို ဖြစ်နေပြီ…ကိုင်ကြည့်တော့ သံက…မာတုန်း။ အသွားကလည်း ခပ်မည်းမည်း ပင်။

ဦးချပြီးတော့ ဗိုလ်မြင့်သိန်းက…လာသွားကြမယ်တဲ့။ ဒီတောင်ကျော်ပြီး နောက်ချောင်းမှ ရန်သူနှင့် မိမိတို့ တိုက်ပွဲဝင်မယ့်နေရာကို ရောက်မှာတဲ့…။ အေးအေးဆေးဆေး စကား ပြောသွားကြတာပေါ့တဲ့…။ မိမိခါးတွင် ဂျပန်ဓားရှည်ကြီးကို နိုင်လွန်ကြိုးနဲ့ ခပ်တင်းတင်း ချည်လိုက်ပြီး ဆက်ထွက်လာခဲ့ကြသည်။ ခုမှပဲ ဂျပန်စစ်ဗိုလ်ဖြစ်သွားတော့တယ် တဲ့။ ဗိုလ်မြင့်သိန်းက ပြုံးစိစိနှင့် နောက်လိုက်ပါသေးသည်။

ငါ မင်းတို့ ကျောင်းသားတွေနဲ့ တွဲတိုက်ချင်တာကြာပြီတဲ့၊ မင်းတို့ကျေးဇူး ငါ့မှာရှိတယ်။ ရှစ်လေးလုံးကာလ…အင်းစိန်ထောင်ဖောက်တုန်း က ငါလွတ်လာတယ်။ ငါတခါတည်း တောလမ်းးက ပြေးလာခဲ့တယ်။ (၃) ရက် လောက်ထမင်းငတ်သွားတယ်…တဲ့။ သူ့ညာ ဘက်လက်ကို လှည်းပြတယ်၊ သေနတ်ထိထားတယ်၊ ဒီကောင်တွေနှိပ်စက်တာနဲ့ သိပ်မ သန်တော့ဘူးတဲ့ သူ့လက်တံတောင်ဆစ်ကနေပြီး နဲနဲကောက်နေတယ်၊ ကိစ္စမရှိပါဘူး။ ဒီ တပွဲတော့ ကောင်းကောင်းဆော်ရမယ်။

သူ့ခါးက မဆလ စစ်ခါးပတ်ကြီးမှာ (၄၅) ဒဿမ ဖိုးဖိုက် ပစ္စတို ချိတ်ထားတယ်။ အပို တ ဘောက်ပဲပါတယ်။ အပေါ်က ပျောက်ကျား အင်္ကျီဝတ်ထားပြီး အောက်ကတော့ ကရင် လုံခြည် တပတ်ရစ် လုံခြည်အောက်မှာ စစ်ဘောင်းဘီ ပွပွရှည်ရှည်ကြီး ဝတ်ထားတယ်။ ဘယ်ဒီကတ် အစိမ်းရောင် အရောင်ဖျော့ဖျော့နဲ့ လက်ထဲက တုတ်တချောင်းကို ဟိုရမ်း သည်ရမ်းနဲ့ လမ်းလျှောက်ရင်း ပြောသွားပါတယ်။ တောင်ကျော်ပြီး တနာရီလောက်မှာ မိုးချုပ်သွားပါတယ်။ ကျနော်တို့ ၂ ဦးက ပုခက်ဆွဲပြီး အိပ်ကြတယ်။ သူတို့ ၂ ဦးကတော့ မိုးကာစလေးတွေ ခင်းပြီး အိပ်ကြတယ်။ ဒါ ဒို့နယ်မြေ အေးအေး ဆေးဆေးပါပဲ မနက် ဖြန် ဟိုဘက်ရောက်ရင်တော့ သတိထားပေါ့ … တဲ့။
ရှေ့တန်းတနေရာက ဆွေးနွေးပွဲ။ ဒေါင်းအိုးဝေ အတွဲ ၂ အမှတ်၆ ၊ ဖေ ၁၉၉၁

နေရာအတိအကျ မမှတ်မိတော့ပါ။ ချောင်းကျော်ပြီး ရွာလေး တရွာရောက်တော့ ရွာစပ် က ဘုန်းကြီးကျောင်းလေးအနီးမှာ အရပ်ဝတ်နဲ့ KNLA က…ရဲဘော်တယောက် ထွက် လာတယ်။ သူ့ လက်ထဲမှာ AR ဘောက်ရှည်နဲ့ သူက “လာ အတီး ကျနော်တို့ ၅ ယောက် သည်ကောင်တွေကို ပျောက်ကျားသွားပစ်မယ်တဲ့…။ မင်းတို့လဲ လိုက်ခဲ့တဲ့၊ ကျနော်တို့ နှစ်ယောက်ကို စိုက်ကြည့်ပြီးတော့ ကြောက်သလားတဲ့”။ ဘာမှပြန်မပြောဖြစ်ခဲ့ပါ။ ရှေ့ စစ်ကြောင်းကိုသာ အာရုံရောက်နေပါသည်။ မနက်ဖြန်ဆိုရင် မိမိတို့ စစ်ကြောင်းဆ်ီ ရောက်ပြီလို့ တွေးမိနေပါတယ်။ ဟေ့ကောင် ပျောက်ကျားပစ်ဖို့ အချိန်မရဘူး၊ မင်းဘာ သာမင်းသွားပစ် တို့စစ်ကြောင်းနောက်လိုက်ရဦးမယ်။ နောက်က လိုက်အော်ပြော တော့မှ အော် စစ်ကြောင်းမှူးတဲ့လား AK 47 နဲ့ ဂျပန် ဓားစုတ်တလက်…ပိန်ခြောက် ခြောက် ပရော်လေးတွေဟု ပြောပြီး ထွက်သွားကြပါသည်။

နောက်တနေ့ ညနေ စစ်ကြောင်းကိုမီသည် တပ်ရင်း (၂ဝ၉) တပ်ရင်းမှူးကို သိမ်းဆန်း ကိစ္စတခုနဲ့ အပေါ်ပြန်တက်သွားလို့ မိမိနဲ့ ကိုမောင်မောင်ဦး ဒု/ရင်းမှူး (၂ဝ၉) – (၂၁ဝ) က တပ်ရင်းမှူးမြင့်မောင်မောင်တို့ ဦးဆောင်ထားသည်။ DAB (၁၄) (၁၅) စစ်ကြောင်း ကို မီသည် မိမိက DAB (၁၅) စစ်ကြောင်းကို တာဝန်ယူရမည် ဖြစ်ပါသည်။ နံနက်ထဲက သတင်းပို့ထားလို့ ဝမ်းသာစွာနဲ့ ကြိုဆိုကြသည်။ ဘယ်နှစ်ပွဲလောက် တိုက်ပြီးပြီလဲဆို တော့ စစ်ကြောင်းမှူးမရောက်သေးတာရယ် ဗိုလ်မြင့်သိန်းရဲ့ အမိန့်လည်းစောင့်ရင်း နဲနဲ ရှောင်နေကြတာတဲ့…၊ မနက်ဖြန် တပွဲတွေ့ရမယ်တဲ့…။ ဒါ ပထမဆုံးပွဲတဲ့…။

စောစောတက်ပြီး နေရာယူကြသည်။ ဗိုလ်မြင့်သိန်းက ဒေသခံ-ကျွမ်းကျင်သူမို့ နေရာချ ပေးသည်။ DAB (၁၅) ကို အထူးထိန်းဖို့နဲ့ ကျန်တဲ့ KNLA မဟာမိတ်တပ်နဲ့ DAB (၁၄) စစ်ကြောင်းကိုလည်း ပူးတွဲတာဝန်ယူကြမယ်တဲ့…။ ပြင်ဆင်နေရာချပြီးတော့ ဘာမှမလို ပစ်ဆို ပစ်ရုံ။ စိတ်မလောနဲ့။ တွေမှပစ်။ ကိုယ့်ရှေ့ကပြစ်ပိုင်နယ်။ ပစ်မှတ် သာပစ်ပါ တဲ့… သေချာမှတတောင့်ချင်းပြစ်တဲ့ သူကစိတ်ရှည်ရှည်နဲ့ မှာနေပါသည်။ သူ့ အတွေ့အ ကြုံကများပြီး ဒီ ပထမဆုံးပွဲမှာ ငြိမ်ခိုင်းထားတယ်။

ဒီကောင်တွေလာနေပြီ အသံတွေငြိမ်ဖို့ နှုတ်အမူအရာနဲ့ ပြောပြီး သတင်းပို့ကြတယ်။ တောင်အောက်ကဆင်ခြေလျောအတိုင်းလာတဲ့ ရန်သူတပ်ခွဲ (၂) ခွဲလောက် ခန့်မှန်း လိုက်တယ်။ လူနာတွေ ပါလာပုံရတယ်တဲ့။ အထမ်းနဲ့ (၃) ခု ပါလာတယ်။ ရှေ့ကရွာ သား (၂) ယောက် လမ်းပြခေါ်လာတယ်။ နောက်က ပွိုင့်တပ်စိတ် တစိတ်…။ ကျနော် နေရာယူထားတဲ့ နေရာကိုကပ်လာပြီး မိနစ် (၂ဝ) အတွင်း သတ်ကွင်းထဲ ရောက်တော့ မယ်တဲ့…။ ကျနော်က ပြုံးပြီး ခေါင်းငြိမ့်ပြသည်။ ဒီလောက် တိကျလွန်းတော့ ကျနော် မ ယုံ…။ အချက်ပေးသံ ကြားရသည်။ ကျည်ကွယ်တမျိုး မျက်ကွယ်တမျိုးနှင့် စောင့်နေကြ သည်။ ရှေ့ထိတ်က သေနတ်စပေါက်ရင် (L) ရှိပ်အတိုင်း ပြောင်းရွေ့ ကူပစ်ပြီးဆုတ် သွားကြမည်။ နောက်တနေရာ ပြန်စောင့်ပြီး ပြန်တိုက်မည်။ ဒါက သူ့ရဲ့အောင်မြင်နေကြ အကောင်းဆုံး ခြုံခိုတိုက်နည်းပင်။

ခြေသံများကြားနေရပါပြီ …

ဆက်ရန်….

ရဲဘော်မောင်မောင်တိတ်
ကျောင်းသားတပ်မတော် (ABSDF)

................................................

မွှေးသည့်ပန်းများမှ ကျောယားပြေတိုက်ပွဲ (၃)

ခြေသံများကြားနေရပါပြီ…

မြင်ကွင်းမရှင်း၊ ပစ်ကွင်းက လည်း မတိကျသမို့ စိတ်ရှည်ရှည်နှင့် စောင့်နေ့ကြ သည်။ ရန်သူက ကျနော်တို့ကို သတိမမူကြ၊ ရှေ့ပွိုင့် ၄၊ ၅ ယောက်လောက် ကျော်သွားပြီးတော့မှ နောက်က ရန်သူက ရှေ့ကသူ့လူကိုကြည့်ပြီး စိတ်ချလက်ချ လိုက်လာဟန် တူသည်။ ရှင်းပြီး ကျနော်နှင့် ကိုက်အစိတ် လောက်မှာ ရန်သူရောက်လာသည်။

မြင်သွားဟန် တူသည်။ သူက ဘေးနားကကျွန်းပင်ငယ်လေးဘေးကို နေရာ ယူသည်။ ဒီတခါတော့ ကျနော့်အလှည့်ပင်။ အသက်အောင့်ပြီး တစ်,နှစ် ဟု စိတ်ထဲက ရွတ်ပြီး ၂ တောင့် အော်တိုပစ်လိုက်သည်။ ကျနော့် နောက်ပိုင်းကလည်း သေနတ်တွေညံ သွားသည်။ ရန်သူ့ သေနတ်သံတချက်မှ ပြန်မကြားရ..။ ကျွန်းပင် မရောက်ခင် မှောက် နေသည်။ ကာဘိုင်က သူနဲ့ လက်တကမ်းတွင်ရှိနေသည်။

ကျနော် တက်ကောက်မည်ဟု ကြံနေဆဲမှာပဲ ဥက္ကဋ္ဌ ကျနော်လဲပေးပစ်ပါဦး ဟိုဘက်မှာ ၃ ယောက်ပြေးသွားတယ်။ ဆိုပြီး ရဲဘော်မနှဲလေး (မိုးကျော်ဦး) က ကျနော်ရှိရာ လျှိုပေါ်သို့ ပြေးတက်ရင်း နေရာကို အတင်းလုလာသည်။

“ဟေ့ကောင် သတိထား ငါ အပေါ်တက်လိုက်ဦးမယ်”

ဆိုပြီး ကျနော်အပေါ်ရှိ မှိတ်တုတ် (အောင်ကျော်မင်း) က ဆီးပြီးပြောပြန်သည်။

“စစ်ကြောင်းမှူး ကျနော့်လည်းကျည်တပေါက်ပေးခဲ့ပါဦး…” ဟု

ကျည်လှမ်းတောင်း၍ ကျည်တဘောက် ပေးခဲ့ပြီး ကျွန်းပင်နားတွင် ကျည်ကွယ်ယူကာ ကျည်တဘောက် ထပ်ဖြည့်ပေးရပြန်သည်။ မနှဲလေးအသံက မိန်းမသံလေးနဲ့ တူနေပြီး မအေးပေးတွေ နွားတွေ လာ လာသည်ကို လာတက်ခဲ့ပါဦး…ဟင်း.ဟင်းလို့ အော်သံပေးတော့။

“မိန်းကလေးပါတယ် ဟေ့…ကျောင်းသူလေးတွေပါတယ်ဟေ့…

တက် …

တက်…

တဲ့…”

အတင်းတက်လာတဲ့ ၃ ယောက်ကတော့ မနှဲလေးရဲ့ ဆိုက်ဝါးထဲမိသွားပြီး တယောက် မှောက် နှစ်ယောက်လဲနေသည်။ နောက်ထပ် မတက်ရဲကြတော့…။

ဗိုလ်မြင့်သိန်းက တောင်ပေါ်ကဆင်းလာပြီး။ ရန်သူ စစ်ကူလိုက်လာတယ်။ မြန်မြန် ဆုတ် ရမယ်တဲ့။ တောင်နှမောင်းဆင်ခြေလျောက ရဲဘော်တွေက ပစ်ဆုတ်ဆုတ်ပြီး တောင်ပေါ် တက်သွားကြသည်။

မိမိနဲ့ ဗိုလ်ဟီးရိုး (KNLA) က လူစစ်ပြီး နောက်ဆုံးမှ လိုက်ခဲ့ကြသည်။ ကျောင်းသားတွေ ကျန်သေးလား…မကျန်တော့ဘူး ကျနော်နဲ့ ခင်ဗျားကနောက်ဆုံးပဲ။ လှည့်ပြောစဉ် ၄ဝ မ မ အသီးတလုံးကျလာလို့။ နှစ်ဦးသား မတိုင်ပင်ရဘဲ ပက်လက်လှန်ချလိုက်ကြသည်။ မိ မိခြေဖျားတွင် လေဟပ်သွားသလို ခံစားလိုက်ရသည်…

‘ဝုန်း’ ကနဲ ပေါက်ကွဲပြီး ဖုံမှုန့်များ လွင့်စင်လာသည်။ ၂ ပတ် လောက်လှိမ့် ဖုန်ခါပြီး ကျည် လမ်းကြောင်း ရှောင်တိမ်းရင်း တောင်ပေါ်ပြေးတက်ခဲ့သည်။ ၄ လုံးလောက် ဆက်တိုက် ပေါက်ကွဲသံများ ကျန်ရစ်ခဲ့ပါသည်။ ကာဘိုင်မကောက်ဖြစ်ခဲ့၍ စိတ်မချမ်းသာစရာ ဖြစ်ခဲ့ ရပါသည်။

နတ်ကြီးခွင် ဘက်ရောက်ခဲ့ပါသည်။ အပိုင် စောင့်ပြီးပစ်မှ လက်နက်ကောက်နိုင်မည်ဟု စဉ်းစားရင်း ဗိုလ်မြင့်သိန်းနှင့် အဖွဲ့တို့နောက်ကို မိမိတို့ စစ်ကြောင်းလိုက်ခဲ့ပါသည်။ ညနေ ၅ နာရီလောက်တွင် သတင်းရသည်။ ရန်သူ့စစ်ကြောင်းတကြောင်းသည် မိမိတို့ကို ပိုက် စိတ်တိုက် ရှာနေကြောင်းနှင့် ကရင်ရွာသား ၃ ကို လမ်းပြအဖြစ်နဲ့ ဖမ်းဆီးခေါ်လာ ကြောင်း သတင်းပင်။ မိမိတို့ သေသေချာသွားစောင့်သည်  အကောင်းဆုံးသတ်ကွင်းပြင် ဆင်ပြီး ရှင်းထားသည်။

ရန်သူက တောင်ကြောကလည်း လာတတ်သည်။ တောင်ပေါ်လည်း လာတတ်သည်။ ကမ်းရိုးအတိုင်း မလာတတ်ဟု ဗိုလ်မြင့်သိန်းက ရှင်းပြပြီး နေရာယူကြသည်။ ပစ်ခတ်ရင်း မှောင်သွားရင် ဆုံမှတ်နှင့် ဆုတ်လမ်း “ညစာ” လည်း ပေးထားသည်။

စနစ်တကျ… တက်… ဆုတ်ရမည်။ နေရာနှင့် အရပ်မျက်နှာလည်း ညွှန်းထားသည်။ မိမိ တို့ ကျောင်းသားတပ်ကို ခံစားချက်မပြင်းဖို့ စိတ်မလောဖို့ သည်ကောင်တွေ သုံးတတ် သည့် ဆိုက်ဝါး (စစ်ဓာတ်စစ်ဆင်ရေး ပရိယာယ်) များလည်း ပြောထား သတိပေးထား သည်။ လာလမ်းအတိုင်းမလာလျှင် တက်လာဖို့ ၂ လမ်းပဲရှိသည်။ တက်လာသည်နှင့် တ ဖွဲ့မဟုတ် တဖွဲ့နှင့် ထိတ်တိုက်တိုးမည် တဖွဲ့က ပျောက်ကျားပစ်ခတ်ပြီး ဆုတ်မည်။ ရန်သူ လိုက်လာလျှင် နောက်တဖွဲ့ မိမိတို့နှင့် တိုးမည်…မိုးလင်းလျှင် လက် နက်တက်ကောက် ရုံရှိမည်… ဟုပင်။

မှောင်ရီတရိုးလေးတွင် ရှေ့ကလမ်းပြ မောင်ကျော် ၃ ယောက် ပုဆိုးစလွယ်သိုင်း၊ တုတ် တချောင်းစီနှင့် တက်လာသည်။ ရန်သူ့ ပွိုင့် မပါလာ ဟိုကြည့်သည်ကြည့်နဲ့ ကြည့်နေ ရင်း မောင်ကျော် ၃ ယောက်လုံး ရှေ့ကိုအတင်းပြေးပြီး ဝပ်ချလိုက်ပြီး

“ပရော် ပရော် … ”

ဟု အော်ပြီး ထပြေးကြပြန်သည်။ သူတို့နောက်က G3, G4 ကာဘိုင် သံများ ကြားရ သည်။ တဘက်တနေရာယူထားသော အဖွဲ့ထဲမှလည်း AR, AK နှင့် BZK ကြီး တလုံး ထု သံကြားလိုက်ရပါသည်။ ကိုအောင်သန်း (မဆလ တပ်ကြပ်ကြီး မိမိတို့ ဘက်ပြောင်း တော်လှန်ရေးသမား) ကျောင်းသားတပ် တပ်ရင်း၂ဝ၈ ၏ နာမည်ကြီး KNU လုပ် လက် နက်ကြီးသံပင် ဖြစ်ပါသည်။

ကိုအောင်သန်း၏ လက်သံပြောင်လှသော အသံက အနည်းဆုံး ၃ ယောက် ၄ ယောက် ကျသွားနိုင်သည်။ တွေးရင်းပြုံးမိသည်။ ဒီကောင်တွေ … ဒီနေရာက … ဒီညပြန် မထွက် နိုင်။ မိမိတို့က အပိတ်အဆို့နှင့် ခြေမှုန်းသတ်ကွင်းကို အပိုင်ဆင်ထားကြသည်မို့ ကျည် အားရနေကြသည်။ သေနတ်သံများ တိတ်သွားသည်။ တခါတခါ တဘက်တောင်ကုန်း က အော်ပြီးပစ်လိုက်သည်။ AK, AR သံများကို ကြားရသည်။

“ကျောင်းသားတပ်မတော် ကွ” တဲ့…။ တက်ခဲ့ကြတဲ့။

ကျနော် စိတ်ပူပြီး ကျနော်တို့ ကျောင်းရဲဘော်များက အသံပေးပြီး တိုက်နေတော့ သူတို့ လူဦးရေ ခန့်မှန်းမိမည်။ မိမိတို့ဘက်ကတော့ တုတ်တုတ်မျှမလှုပ် ဒီဘက်လာရင် အသာ လေးဖြုတ်ရုံပင်။ ညတိုက်ပွဲ သင်ခန်းစာတွေက လက်တွေ့ ကြုံရတော့မည်။ အဘ ဗိုလ်မှူး ကြီးစွန်ညိုနှင့် ကရင့်ဝါရင့် ကွန်မင်ဒိုဆရာများ၏ အတွေ့အကြုံကို လက်တွေ့ အသုံးချရ တော့မည်ဟု စိတ်တင်းထားကြသည်။ ဒင်းတို့သင်ခန်းစာ ကောင်းကောင်းကြီး ပေးရ တော့မည်။ ရန်သူက ငြိမ်နေသည်။ နံနက်လင်းသွားပါပြီ။ တောင်ခိုးနှင့် နှင်းတွေကလည်း ယခုမှ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါသည်။ မိမိဘေးနားက တပ်ရင်းမှူးမြင့်မောင်မောင် (တပ်ရင်း ၂၁ဝ) က…

“စစ်ကြောင်းမှူး ကျနော့် မဂ္ဂနာမ် ပစ္စတိုကို ခေတ္တယူထားပါ။ ကျည် (၄) တောင့်ပဲရှိတယ် ခင်ဗျား AK ခဏလေး ခဏပေး။ သတင်းသွားယူဦးမယ်”

ဟုပြောပြီး ထွက်သွားပါသည်။ ကျနော်လည်း စစ်ကြောင်းက ရဲဘော်လေးများကို စစ် ဆေးအားပေးပြီး မိမိစဉ်းစားမိသည်။ G3, G4, 40 မမနဲ့ တူးအင့် မော်တာသံ၊ အီနာဂါအ လုံးသံတွေ မကြားမိပါလားလို့…။

အောက်ကသတင်းကတော့ သည်ကောင်တွေ တညလုံးငြိမ်နေပြီး နံနက်စောစောက နှင်း နဲ့တောင်ခိုးတွေ မစဲခင်ဆုတ်သွားကြတယ်တဲ့…။ အင်အားက ၁၅ဝ လောက်ပဲ ရှိမယ်တဲ့။ မိမိတို့ဘက်ကအသံတွေက တက်ကြွလွန်းပြီး ညံနေတော့၊ လူအင်အား ခန့်မှန်းမိပြီးဆုတ် သွားပုံရသတဲ့…။ လမ်းပြတဲ့ မောင်ကျော် ၃ ယောက်ကလည်း သည်လိုပဲခန့်မှန်းသတဲ့။

ကျနော်တို့ ဗျူးဟာမှူးက လှမ်းဆဲသတဲ့။ တယောက်မှ မရလိုက်လို့တဲ့ တလက်မှ မရလို့ တဲ့…ကျနော်တို့ စစ်ကြောင်းမှူးတွေလည်း လှမ်းဆူသတဲ့…။ နောက်တပွဲကြ သေနတ်ရမှ အပိုကျည်ဖြည့်ပေးမတဲ့…ရှိတာနဲ့ ဆက်ရှာတိုက်တဲ့…။

ဗိုလ်မြင့်သိန်းက -ီး ဘဲ တဲ့…။ စစ်ပွဲဆိုတာ တခါတခါလည်း တပ်ခြင်းမှားပြီး ဖြစ်တတ် တာပေါ့တဲ့။ နောက်တပွဲ ရှာရပြန်ပါတယ်။

ပယ်ဝါထ ဘုန်းတော်ကြီးကျောင်းဝင်း ခေတ္တနားပြီးတော့ သောက်ရေအိုးတွေရေဖြည့် ကျောင်းဝိုင်း သန့်ရှင်းရေးလုပ်ပြီး ရွာပြင်ထွက်ပြီး ခေတ္တနား ရန်သူ့စစ်ကြောင်းဦးတည် တဲ့ဘက်ဆီ စောင့်ကြပြန်သည်။ မိမိတို့ နံနက်ခင်းက ဒီရွာဘုန်းတော်ကြီးကျောင်းထဲလာ ပြီး သန့်ရှင်းရေးလုပ်သွား ဗျူဟာမှူးထံ သတင်းပို့သည်။ ရန်သူထံ သတင်းရရန်လည်း ဖြစ်ပါသည်။

ရန်သူ စစ်ကြောင်းအင်အား ၂ဝဝ ကျော် လက်နက်ကြီး အပြည့်အစုံနှင့် တော်ပေါ်က ဆင်းလာနေပြီဟု သတင်းရသည်။ နေ့လည် နွားတအုပ်ဆင်းလာသည်။ ဖုန်တထောင်း ထောင်းနှင့် နောက်က မောင်းနှင်လာသံလည်း ကြားရသည်။ ရန်သူ ရွာနွားနဲ့ မှောင်ခိုနွား တွေပေါင်းပြီး မိမိတို့ရှိရာ ရွာထဲသို့ ဝင်လာမည်ဖြစ်သည်။ နွားအုပ်နောက်က သူတို့လိုက် လာမည်။ နွားအုပ်ကို မိုင်းရှင်း ကရိယာအဖြစ်သုံးမည်။ နွားအုပ်နောက်က ပုန်းပြီးလိုက် လာကြသည်။ နွားအုပ်ကြားထဲတွင်လည်း ရန်သူကိုတွေ့ရသည်။ နွားခြေတောက်များ ကြားတွင် ရန်သူ့ဖိနပ်၊ ဘောင်းဘီရှည်များတွေ့ရသည်။ မိမိတို့ ပစ်ကွင်းမရှင်း ရွာသားများ ၏ နွားများကိုလည်း မပစ်ချင်။ ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။ ရွာစပ် အထွက်တွင် ဗိုလ် ဟီးရိုး (KNU ကွန်မင်ဒိုတပ်စု) တို့ အဖွဲ့ကျန်ခဲ့သည်။

ရွာအစွန်လောက်တွင် နေရာယူထားသော ရဲဘော်အေးကြိုင် (တပ်စုမှူး) က …နွားအုပ်နဲ့ ရန်သူတွေ ပါလာတယ်။ ဗိုလ်ဟီးရိုးတို့ ကျန်သေးတယ်ဆိုပြီး စိတ်စောကာ…အမိန့်မရပဲ ရွာထဲပြေးဝင်သွားပြီး ဗိုလ်ဟီးရိုး ဗိုလ်ဟီးရိုး ခင်ဗျားတို့ဘယ်မှာလဲ ထွက်တော့ ရန်သူ တွေနီးလာပြီ နွားဘေးက ပါလာတယ်။

“ဗိုလ်ဟီးရိုး…ဗိုလ်ဟီးရိုး”

“ကျနော် ဒီမှာ”

“အေး…အေး…ဒီမှာ…ဒီမှာ ဒီကိုလာခဲ့…”

ကာဘိုင်သံ ၂ ချက်ဆင့် ကြားလိုက်ရသည်။ ရဲဘော် အေးကြိုင်အသံလည်း ပျောက်သွား ပါသည်။ တောင်ကုန်းအတက် မျက်ကွယ်မှာရှိနေသော ကျနော်က ရဲဘော် အေးကြိုင်အ တွက် စိတ်ပူသွားပါသည်။

“ဟေ ရပြီကွ ရပြီ လွယ်အိပ်တလုံး” တဲ့…။

“ဟေ့ကောင်တွေ မင်းတို့ရဲဘော်ကို လိုချင်ရင် ရွာထဲလာခဲ့ကြ ဒီမှာလာယူလေကွ” တဲ့…။ “ဒို့အိမ် ပြန်ရပြီကွ” တဲ့

“လွယ်အိပ်တလုံးနဲ့ AK တလက်” တဲ့…။

ဗိုလ်မြင့်သိန်းကို ကျနော်က ပြန်လုယူကြမည်ပြောတော့ ခင်ဗျားလူက အမိန့်မှမနာခံပဲနဲ့ တဲ့ အတင်းသွားတာတဲ့ ။

“ရွာနာမယ်…ရွာပျက်မယ် ဘုန်းကြီးကျောင်း မီးလောင်သွားမယ် စာသင်ကျောင်း မီး လောင်သွားမယ် ကလေးတွေနဲ့ အဖိုးကြီး အဖွားကြီးတွေကို ဒ်ီကောင်တွေ သတ်ပစ်ပြီး ထွက်ပြေးသွားမယ် တဲ့…”။

ကျနော် ဒေါသထွက်သွားသည်။ သူပြောသည်က အမှန်လက်တွေ့၊ မိမိတို့ဘက်မှ ဆုံးရှုံး သွားသော တပ်စိတ်မှူးတယောက် AK တလက်၊ စကားပြောစက်တလုံးနှင့် တိုက်ပွဲအ ကြောင်းကို အစီရင်ခံရပေဦးတော့မည်။ ဗျူဟာမှူးဆဲရုံသာမက မိမိတို့ စစ်ရုံးကပင် ထု ချေလွှာ တောင်းတော့မည်။ မိမိလည်း အဓိဋ္ဌာန်အတိုင်း မျက်မှန်ပြန်တပ်ရတော့မည် မ ဟုတ်။ ကျောပိုးအိတ်ထဲပါလာသော မျက်မှန်ပင် ခွဲပစ်ရတော့မည်ဟု စိတ်ထဲမှာ ဒေါသ နှင့် ဆူညံနေတော့သည်။ တွေ့ကြသေးတာပေါ့လေ…ဗိုလ်မြင့်သိန်းပြောသလို နောက်တ ပွဲပေါ့…။

စစ်ကြောင်းတွေက ရှုပ်နေသည်။ တခါတရံ မိမိတို့ စစ်ကြောင်းနှင့် ရန်သူစစ်ကြောင်း အ မြီးခြင်းခတ်သွားသည်လည်း တွေ့ရသည်။ အပိုင်ပွဲတွေကို စောင့်ကြသည်။ ဒီတပွဲ မပိုင် လျှင်တော့ ဒီတခါ မာနယ်ပလောကို ခေါ်တက်ခံရတောမည်။ ဗိုလ်မြင့်သိန်းလည်း ဗိုလ် မှူး ဝေါလ်ထာ၏ အဆဲလည်းထပ်ခံရပေဦးတော့မည်။ သူ့ မိခင်တပ်ဖွဲ့ KNDO ကို ပြန်ပို့ခံ ရတော့မည်…ဟု မိမိလဲ တွေးမိသလို သူလည်းတွေးမိနေပေဦးမည်။

ဒီတပွဲတော့ အပိုင်ပဲ…တဲ့။ နံနက်စာချက်ပြီးတာနဲ့ ဖက်တွေပေါ် ထမင်းတွေသွန်ချခိုင်းပြီး နောက် ဟန်းကောနဲ့ ထမင်း ထပ်ချက်ခိုင်းပြန်သည်။ ပြီးတော့ ပိုနေသည်ထမင်းကို ထုတ် ထားခိုင်းပြန်သည်။ ဒီလို မကြာခဏလုပ်တာမို့

“ဗိုလ်ချက်ထုတ်” လို့

လျှို့ဝှက်နာမည်ပေး ထားသည်။ ညနေစာအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ ယခုတော့ ထမင်းမချက်ပေမယ့်လည်း မီးဖိုတွေ များများလုပ်ထားခိုင်းသည်။ မီးတွေလည်း မသေ့တ သေသတ်ခိုင်းထားသည်။ နောက် မြန်မြန်နေရာရွေ့ပြီး ထွက်လာကြသည်။ မိမိက ရန်သူ က မိမိတို့နေရာ အမှတ်အသားတွေ သဲလွန်စတွေ တွေ့ရင်ဘယ်လိုလုပ်မလဲ…သတိပေး၊ ပစ်မှတ်ပေးသလိုဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတော့ သူကရယ်သည်။

“ဒါမှ ဒို့ နောက်လိုက် လာမှာတဲ့…။ ဒို့က သူတို့နောက်လိုက်နေရတာ ပျင်းလာပြီတဲ့…”

ချက်ခြင်းပဲ သဘာဝအတိုင်း လျှောက်မြောင်းလိုဖြစ်နေတဲ့ လျှိုလေးတခုမှာ နေရာယူ လိုက်ကြပါသည်။ မိမိတို့ ပစ်ခတ်မှုစိတ်မစောရန် မှာကြားပြီးက RPJ 5 ကိုင်တဲ့ မိမိတို့ ရဲဘော်နှင့် KNLA က ရဲဘော်တွေဆီသွားပါသည်။

“RPJ တွေ သောက်ရမ်းမထုနဲ့ ၄ဝ က လည်း အရမ်းမပစ်နဲ့ ပစ်မှတ်သေချာမှ ပစ်…။ ဒို့ လက်နက်ကြီးမပါဘူးထင်ရင် သိတ်ကောင်းတယ်။ ရန်သူအထင်သေးဦး ပိုကောင်းတယ်”

ပြောရင်း ဆိုရင်း ဗိုလ်မြင့်သိန်းက တောကြက်လို သွက်လက်နေပြီး စစ်ကြောင်း ၂ ခုလုံး ကို ထိမ်းနေပါသည်။ သူက စစ်ကြောင်းနောက်ဘက်ကို သွားလိုက်သည်။

ကံတရားက ကျနော့်ဆီပဲ လိုက်နေလားမသိ ကျနော်နဲ့ ရဲဘော် ၅ ဦးက ထိတ်တိုက်နေ ရာယူထားပြီး ဖြစ်သည်။ အားလုံး ငြိမ်နေကြသည်။

မိမိ၏ ရှေ့တည့်တည့်သတ်ကွင်းတွင် ပွိုင့်လူငယ်လေး ၂ ယောက် တက်လာသည်။ ဟို ကြည့် ဒီကြည့်နှင့် မိမိတို့ကိုမြင်ပုံမရ ကျော်သွားသည်။ နောက်တယောက် အညာသား လူမိုက်ရုပ် ဂျစ်ကန်ကန်ပုံ လက်ထဲက ကာဘိုင်နှင့် မိမိတို့နေရာကို မသင်္ကာသလို တ ချက်ကြည့်ပြီး ပစ်ရှင်းဖို့ ချိန်လိုက်စဉ်မှာပဲ…။

မိမိ AK က မီးတချက်ပွင့်သွားသည်။ မိမိ AK သံကို မကြားရတော့ပဲ RPJ 5 အသံက ဟိန်းသွားသည်။ ရှေ့က တပ်ကြပ်ကြီးခါးတပိုင်း ပြတ်သွားသည်ကို တွေ့ရသည်။

“ဝုန်း” ..

“ဒိုင်း” …

“ဒိုင်း”

AK, AR, 40 mm အသံလည်း ညံသွားသည်။ ရန်သူဘက်ကသေနတ် သံမကြားရ…။

ဗိုလ်မြင့်သိန်းက ထုံးစံအတိုင်း လုံချည်စလွယ်သိုင်းနှင့် တက်လာပြီး

“စစ်ကြောင်းမှူး ခင် ဗျားကောင်တွေ အမိန့်မနာခံဘူးတဲ့ သောက်ရန်းတွေ ပစ်ကုန်ပြီတဲ့”

“လာ တက်ရှင်းမယ်” တဲ့။

ကျနော့်ဘေးနားက ရဲဘော်ရဲ့ AK ကိုင်ပြီး ပြေးတက်သွားသည်။ ကျနော်လည်းလိုက် သွားသည်။ ပစ်တက်တက် မင်္သကာတဲ့နေရာကို ရှင်းပြီး ရန်သူများဆုတ်သွားသည့် ဘက် လိုက်ကြသည်။ ကျနော့် ရဲဘော်များကလည်း အော်ပြီး လိုက်ကြသည်။ ကိုက် ၅ဝ လောက် စိတ်ကြိုက်ပစ်ရှင်းပြီးမှ ပြန်ဆုတ်လာခဲ့ကြသည်။

“ဟေ့ကောင်တွေ သေနတ်အရမ်းမကောက်နဲ့ မသင်္ကာပစ်ရှင်းရှင်းပြီးမှကောက်”

ကျနော်က ကျနော့်ရှေ့တွင် ကျနော်ရော RPJ ကိုင်ထားသော ရဲဘော်တို့ ပြိုင်တူပစ် လိုက်ကာ ခါးတပိုင်းပြတ်သွားသော  တပ်ကြပ်ကြီး၏ ကာဘိုင်ကို ရှာရာ မီးလောင်ထား သော ကာဘိုင်ဒင်နှင့် ပြောင်းကောက်သွားသော ကာဘိုင်ကိုတွေ့သဖြင့် မယူတော့ပဲ ပြန်ဆုတ်ခဲ့ကြပါသည်။ ရဲဘော်တချို့က မဆလ စစ်တပ်ရဲ့လည်းစီးများ ဦးထုပ်တံဆိပ် များ၊ ကျောပိုးအိပ်နှင့် ကျကျန်ရစ်ခဲ့သော ၄၀ မမ ဗုံးသီးများ၊ အီနာဂါ ဗုံးသီးများ၊ ပျက်စီး သွားသော လက်နက်ငယ်များကို မယူတော့ဘဲ…ပြန်သုံးလို့ရသည့် G3, (၃) လက် (G4)-၁ လက် အီကွေးမင့် (၅) စုံလောက် ယူခဲ့ကြပါသည်။ ရန်သူ အလံငယ်တခုလည်း အမှတ် တရ ယူခဲ့ကြပါသည်။

“ကဲ မြန်မြန်ဆုတ်မယ် နားမယ်…”တဲ့။

ဒီတခါ တရေးကောင်းကောင်း အိပ်ရပြီတဲ့…။ အားလုံးကပျော်နေကြပါသည်။ မိမိဘက်မှ ထိခိုက်၊ ကျဆုံး၊ ဒါဏ်ရာ၊ တယောက်မှ မရှိ၊ ကျည်တော့ နဲနဲပိုသုံးဖြစ်သည်။ ကိစ္စမရှိ၊ ကျည်ဖြည့်ပေးရန် တောင်းစရာမလိုတော့ ဗျူဟာမှူးနှင့် မာနယ်ပလောသို့ သတင်းပို့ပြီး ပြီ…။

တောင်ထိပ်မှာပဲ နားကြသည်။ “ကင်း” ရဲဘော်ပင် AK ပိုက်ရင်း အိပ်ပျော်နေကြသည်။ ကျနော်တို့လည်း ကိုယ်စီသေနတ်ပိုက်ရင်းအိပ် ပျော်သွားသည်။ သတိထားရင်း အိပ် ပျော်သွားကြသည်။ ဘာမှမတတ်နိုင် အရမ်းပင်ပန်းနေကြသည်။

ခြေသံကြားတော့မှ ပိုက်ထားသေးသေနတ်ကို ပြန်ကိုင်မိသည်။

“အော် စစ်ကြောင်းမှူး လည်း ကြောက်တတ်သားပဲ တဲ့…”

ဗိုလ်မြင့်သိန်းက ပြောသည်။

မှတ်တမ်းတင် ဓါတ်ပုံရိုက်မယ်တဲ့…။ မိမိတို့ အဖွဲ့ကို စနစ်တကျဖြစ်အောင် စီစဉ်မည်ဆို တော့ မလိုပါဘူးတဲ့။ မြင်တဲ့အတိုင်းပါပဲ…ဒေါင်းအိုးဝေ အမှာမှာ ပါတဲ့အတိုင်း မိမိတို့ရ ထားတဲ့ လက်နက်များနဲ့ စစ်ကြောင်းအဖွဲ့ ဓာတ်ပုံပါဘဲ။ ရိုက်ကူးတဲ့ ရဲဘော်ကို ၅ ပုံ လောက် ရိုက်ခိုင်းသည်။ လူစုံ၊ တက်စုံပါအောင်။ ဒေါင်းအိုးဝေကတော့ တပုံထဲပဲ ထည့် ဖြစ်သည်။

အလယ်ကတော့ ဘယ်ရီကတ်ဦးထုပ်ဆောင်းပြီး ကရင်လုံခြည်နဲ့ ထိုင်နေတာက ဗိုလ်မြင့် သိန်းပုံပါ။ ဘေးကတော့ မိမိတို့…ပုံများဖြစ်ပါတယ်။

လာ…နောက် ဒီထက်ပိုပြီး စိတ်ချရတဲ့နေရာကို သွားကြမယ်။ စစ်ကြောင်းက တခြား တောင်ကုန်းကို ချီတက်သွားကြပါသည်။ သစ်ပင်ကြီးတော်တော်ထူသည်။ အလယ်တွင် ကလေးကစားကွင်းအရွယ် ကွက်လပ်လေးဖြစ်နေသည်။ မြက်ခင်းစိမ်းလေးနှင့် ဖြစ်နေ သည်။ နွားချေးခြောက် တချို့ကိုတွေ့ရသည်။ ကွင်းလေးကို ပတ်ပြီးနေရာချသည်။ ကျည် ကွယ် မျက်ကွယ် လုံခြုံတယ်တဲ့…။ မိမိအရင်က နွားမှောင်ခိုတွေကို လိုက်ပို့ပြီးနား တဲ့ နေရာတဲ့…။

ရောက်တာနဲ့ ထမင်းချက်ခိုင်းပြန်သည်။ ရေကိုတော့ ဒီစွတ်ကြောင်းလေး အတိုင်းသွားပြီး ခပ်ခဲ့ကြတဲ့…အသွားအပြန် ၄၅ မိနစ်ပဲ၊ အချိန်ရမတဲ့ ဟန်းကောအပိုတွေယူသွား ရေခပ် လာခဲ့ကြတဲ့၊ ပွိုင့် ၂ ယောက်လောက်ထည့်ပေးပြီး ဆင်းသွားတဲ့ ရဲဘော်များရဲ့ လက်နက် နဲ့ အီးကွေးမင့်၊ ဆန်ကြိုးများကို ကျန်တဲ့ ကျနော်တို့က တာဝန်ယူထားကြသည်။

နံနက်စားပြီးတော့ တရေးနှပ်ကြသည်။ ညနေဘက်ထမင်းပိုချက်ခိုင်းသည် ဧည့်သည် တွေလာမယ်တဲ့…၊

ဆက်ရန်…

ရဲဘော် မောင်မောင်တိတ်
ကျောင်းသားတပ်မတော် (ABSDF)

No comments: