17 September 2014 | အောင်တင်ထွန်း | နေ့သစ်
“မင်းရန်အောင်” စစ်ဆင်ရေးရဲ့ ပထမဆင့် ပြီးဆုံးပြီလို့ သတ်မှတ်ပြီး ဇန်န၀ါရီ (၇) ရက်နေ့မှစလို့ ဒုတိယအဆင့် စစ်ဆင်ရေးကို စတင်ဖို့ ပြင်ဆင်လာခဲ့တယ်။
မိမိတို့ရဲ့စစ်ဦးစီးအဖွဲ့ဟာ ရောက်ရှိနေတဲ့ အခြေအနေအဖက်ဖက်ကို သုံးသပ်ပြီး ရန်သူရဲ့ ဒုတိယခြေလှမ်းကို ရိုက်ချိုးဖို့ ပြင်ဆင်ခဲ့တယ်။
မိမိတို့ရဲ့ မော်ဖါဒေသနဲ့ ပန်မာကောက်ဒေသတွေကို သိမ်းပိုက်ရရှိသွားတဲ့အတွက် တက်ကြွနေတဲ့ ရန်သူရဲ့ တန်ပြန်တော်လှန်ရေးမာန်စွယ်ကို ရိုက်ချိုးပြစ်ဖို့ စစ်ဆင်ရေးကာလအစပိုင်းမှာ မလွှဲမရှောင်သာရောက်ရှိနေတဲ့ အတိုင်းအတာတခုအထိ လက်ဦးမှုမဲ့နေတဲ့ အနေအထားကို ပြောင်းလဲပစ်ဖို့ မိမိတို့ရဲ့တပ်ဖွဲ့များနဲ့ ပြည်သူတွေရဲ့တိုက်စိတ်ခိုက်စိတ်ကို မြှင့်တင်ဖို့အတွက် ရှေ့တန်းဦးစီးအဖွဲ့မှ စစ်မျက်နှာ
တခုလုံးရှိ ရန် ငါ (၂) ဖက် အခြေအနေတခုလုံးကို ခွဲခြမ်းစိတ်ဖြာပြီး ချေမှုန်းရေး တိုက်ပွဲကြီးတပွဲအတွက်
တိုက်ကွင်းတိုက်ကွက်ကို ရှာဖွေခဲ့ကြပါတယ်။
ရရှိထားတဲ့အခြေအနေတွေအနက် ၀တောင်ခရိုင်၊ လွယ်ပန်လုံ၊ မန်ခူး၊ မန်ခါဒေသမှာ တိုက်ကွက် ဖေါ်နိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ၎င်းဒေသသို့ သွားရောက်ကာ ရန်-ငါ (၂) ဖက်အခြေအနေကို အကဲခတ်ထောက်လှမ်းပြီး အကျိုးရှိတဲ့ တိုက်ပွဲအခါအခွင့်ကို ရွေးချယ်ရန် စိတ်ပိုင်းဖြတ်လိုက်ကြတယ်။
ဇန်န၀ါရီ (၁၉) ရက်နေ့မှာ မိမိတို့ရှေ့တန်းဦးစီးအဖွဲ့မှ ခေါင်းဆောင်အချို့ (ဦးဇော်မှိုင်း ဦးဖုန်ကြာဖူး၊ ဦးအုန်းကြည်) ဦးဆောင်မှုအောက်မှာ မိမိတို့ရဲ့ (၅၀၁) တပ်ဖွဲ့ (၃၀၃၅) တပ်ဖွဲ့ (၅၀၃) တပ်ဖွဲ့နဲ့ စစ်ဒေသအမြောက်တပ်ဖွဲ့မှ ခွဲအထက်ကေဒါတွေ မိမိအပါအ၀င် စစ်ဦးစီးဌာနမှ ကေဒါများဟာ ရန် ငါအခြေအနေများကို အခိုင်အမာ အကဲခတ်ထောက်လှမ်းရေးအတွက် ဦးစွာချီတက်ခဲ့ကြပါတယ်။
မန်ရှန်ဒေသ (ရန်သူအခေါ်မန်မိုင်းဆိုင်) ကို ရောက်ရှိပြီးနောက် မန်ရှန်စစ်မျက်နှာကို တာဝန်ယူခဲ့တဲ့ ဒုစစ်ဦးစီးမှူး ရဲဘော်အင်ဖန် (ကွယ်လွန်) ခရိုင်တပ်ရင်းမှူး ရဲဘော်ဇော်လ (ယခု-အရပ်သား) ခရိုင်တပ် နိုင်ငံရေးမှူး ရဲဘော်လဗျ (ကွယ်လွန်) တို့ရဲ့ ရန် ငါ အခြေအနေ မိတ်ဆက်ချက်ကို မိမိတို့တဖွဲ့လုံး လေ့လာနားထောင်ခဲ့ကြပါတယ်။ လွယ်ပန်လုံစခန်းပေါ်မှနေ၍ လက်တွေ့မြေအနေအထား မိတ်ဆက်ချက်များကိုလဲ လေ့လာမှတ်ယူခဲ့ကြပါတယ်။
ရန်သူရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ တန့်ယန်းအခြေပြု စစ်ဗျူဟာ (၂) ကို ဒုတိုင်းမှူးကိုယ်တိုင်ဦးစီးပြီး ၁၉၇၉ နိုဝင်ဘာလကုန်ပိုင်းမှာ တန့်ယန်းမြို့အရှေ့တောင်ဖက် သံလွင်မြစ်အရှေ့ကမ်းရှိ မိမိတို့ရဲ့ဝတောင်ခရိုင် မန်ရှန်မြို့အတွင်းသို့ သံလွင်မြစ်ကို ဖြတ်ကျော်ထိုးဝင်ရောက်ခဲ့တယ်။ ရန်သူ ခလရ (၃၃) (၂၃) (၆၇) ၃ ရင်း အင်အားပါဝင်ပြီး မိမိတို့ရဲ့ မန်ခါ ဒိုင်နယ်ရုံးကို သိမ်းပိုက်ပြီး ဒိုင်နယ်နေရာတ၀ိုက် စခန်း ၅ ခု ၆ ခု တည်ဆောက်ကာ အခိုင်အမာတပ်စွဲခဲ့တယ်။ ခလရ (၆၇) က သံလွင်မြစ်ကမ်း အနောက်ဖက်ကိုတာဝန်ယူခဲ့ပြီး၊ ခလရ (၃၃) က အဓိက၀င်ရောက်တိုက်ခိုက်ကာ နေရာယူ တပ်စွဲခဲ့တယ်။ ခလရ (၂၃) က ခလရ (၃၃) ရဲ့ဆက်သွယ်ရေးလမ်းကြောင်း (L.O.C) နဲ့ သံလွင်အရှေ့ဖက်ကမ်းခြေကို ချုပ်ကိုင်ထားခဲ့တယ်။
မိမိတို့ ပန်ဆန်းဌာနချုပ်မှာ ရရှိခဲ့တဲ့ ရန်သူအင်အားနဲ့ တပ်တည်နေရာများဟာ လက်ရှိမိမိတို့ တွေ့ရှိမှုများနဲ့ အတန်ငယ်ကွာခြားနေပါတယ်။
မိမိတို့ရဲ့ ရည်မှန်းချက်ဒေသ မန်ခူး-မန်ခါဒေသမှာ ရန်သူဟာ နဂိုမိမိတို့ ရရှိထားတဲ့သတင်းများအရ တပ်ခွဲ (၂) ခွဲကျော် (၃) ခွဲနီးပါးဖြစ်ပေမဲ့ လက်တွေ့မှာတပ်ရင်းတရင်း (၅ ခွဲ) အင်အားဖြစ်နေတယ်။ ခလရ (၃၃) ရဲ့စစ်ကြောင်း (၁) (၂) ရုံးများနဲ့ တပ်ခွဲ (၅) ခွဲဖြစ်တဲ့အတွက် အင်အား (၄၀၀) ကျော်ရှိနေတယ်။ သူတို့ရဲ့ အထောက်အကူအဖြစ် သံလွင်အရှေ့ဖက်ခြမ်း မန်ကန်ဒေသ-မန်ကန် သံခမောက်-ကံ့ကော် နဲ့ သံလွင်
အနောက်ခြမ်းမှာ ခလရ (၆၇) နဲ့တပ်မ (၆၆) မှ ခလရ (၈၀) တပ်ရင်းများ တာကော်ဖက် လွယ်အင်တ၀ိုက်မှာ အရန်အဖြစ် စုစည်းရှိနေတယ်။
ဒီလို ရန်သူအခြေအနေများကြောင့် မိမိတို့ရဲ့ ရှေ့တန်းဦးစီးအဖွဲ့နဲ့ တပ်ဖွဲ့ခေါင်းဆောင်များဟာ ရန်သူအခြေအနေကို စေ့စပ်သေချာစွာ ခွဲခြားစိတ်ဖြာလေ့လာခဲ့တယ်။
မိမိတို့ရဲ့ခွဲခြားစိတ်ဖြာချက်များအရ.........
(၁) မန်ခူး-မန်ခါဒေသရဲ့စခန်းထိုင်အင်အားဟာ (၄၀၀) ကျော် (၅၀၀) နီးပါးရှိတယ်။ သံလွင်မြစ်နဲ့အနီးဆုံး တပ်စွဲထားတဲ့ခလရ (၃၃) တပ်ခွဲ (၁) ကိုဖယ်ထားပြီး မန်ခါ-မန်ခူးဂွင်ထဲမှာ ရန်သူအင်အားဟာ စစ်ကြောင်းရုံး (၂) ခုနဲ့တပ်ခွဲ (၄) ခွဲ စုစုအင်အား (၃၀၀) ကျော် (၄၀၀) နီးပါးရှိတယ်။ မိမိတို့သတ်မှတ်ထားတဲ့ တိုက်ပွဲဂွင်ထဲမှာ ရန်-ငါအချိုးအစားဟာ ၁:၄ ဖြစ်နေတယ်။ မိမိတို့တပ်ဖွဲ့ရဲ့တပ်အင်အား စုစည်းထားနိုင်မှုကြောင့်
မိမိတို့ရဲ့ အင်အားသာလွန်မှု ရှိနေတယ်။
(၂) ရန်သူခံစစ်စခန်း (၁၀) ခုဟာ (၈) ကီလိုမီတာကျယ်ဝန်းတဲ့ဂွင်ထဲမှာရှိပြီး မြေအနေအထားအရလဲ နည်းဗျူဟာကျတဲ့ စိုးမိုးကုန်းမှာမဟုတ်ဘူး။ ခွဲ (၁) စခန်းဟာလဲကျန်အင်အားစုများနဲ့ (၁) ကီလိုနီးပါးဝေးတဲ့ မြစ်ဘေးမှာရှိနေပြီး တသီးတခြားစီလို ဖြစ်နေတယ်။
မိမိတို့ဖက်မှာတော့ လွယ်ပန်လုံမှအစပြုလို့ သာလွန်တဲ့ မြေအနေအထားမှာ များစွာရှိနေတယ်။ ရန်သူဟာ ကာလတိုရောက်ရှိနေမှုကြောင့် ခံစစ်စနစ်ဟာမပြည့်စုံ မခိုင်ခန့်ဘူး။ မိမိတို့ဖက်မှာတော့ရန်သူကို လျှို့ဝှက်ဖုံးကွယ်မှုရှိစွာ လှုပ်ရှားချီတက်ပြီး ၀ိုင်းပတ်ထားနိုင်တယ်။ မြေအနေအထားဟာ မိမိတို့အတွက် အလွန်အကျိုးရှိနေတယ်။
(၃) မန်ခူး -မန်ခါစခန်းစောင့်ရန်သူတွေဟာစစ်ကြောင်း (၁) နဲ့ (၂) ရုံးများပါရှိနေတဲ့အတွက် လက်နက်ကြီးအရည်အတွက် မနဲလှဘူး အထောက်အကူစခန်းတွေဖြစ်တဲ့ မန်ကန်-ကံ့ကော်စခန်းများက တပ်ရင်းသုံး လက်နက်ကြီးများသာမက လွယ်အင်ကျောက်တောင်ပေါ်က အဝေးပစ် (၂၅) မမ ပေါင်ဒါ အမြောက်ကြီးများလဲ ရှိနေတယ်။ ဒါပေမဲ့ အမြောက်များရဲ့တည်နေရာဟာ ပြန့်ကျဲနေတဲ့အတွက် လက်တွေ့အသုံးချမှုမှာ ကြီးစွာ အကန့်အသတ်ရှိနေနိုင်တယ်။
မိမိတို့ကသာ အမြန်အဆုံးသတ်စစ်ဆင်နိုင်ယင် ရန်သူရဲ့လက်နက်ကြီး မီးအားများဟာ မိမိတို့ကို ခြိမ်းခြောက်ဖိနှိပ်မထားနိုင်ပါဘူး။ အဝေးက ရန်သူအကူလက်နက်ကြီးများဟာ ၎င်းတို့ရဲ့ စွမ်းရည်ကို အပြည့်အ၀ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုက်ပွဲအတွင်း မိမိတို့ရဲ့ လက်နက်ကြီးမီးအားများဟာ စုစည်းမှုရော အင်အားမှာပါ အလွန်သာလွန်မှု ရှိနေတယ်။
(၄) မိမိတို့ရဲ့ ခရိုင်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူစစ်များဟာ မန်ခူး-မန်ခါ ဒေသမြေအနေအထားကို အလွန်ကျွမ်း ကျင်သိရှိထားတဲ့အတွက် ရန်သူတွေကို အဖက်ဖက်မှ ၀ိုင်းရံပိတ်ဆို့ဖို့နဲ့ မိမိတို့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို လုံခြုံချောမွေ့စွာ လမ်းပြပို့ဆောင်နိုင်ကြမယ်။ တဖက်မှာလဲ ရန်သူလာရောက်တပ်စွဲထားမှုဟာ မကြာလှသေးတဲ့အတွက် မြေအနေအထားကို ကျွမ်းကျင်စွာ မဆုပ်ကိုင်နိုင်ကြသေး။
အထက်မှာဖေါ်ပြခဲ့တဲ့ တပ်အင်အား မြေအနေအထားစတဲ့ အချက်အလက်များအရ မိမိတို့ရဲ့ရှေ့တန်းဦးစီးအဖွဲ့ဟာ ယခင်ကမတိုက်ခိုက်ခဲ့ဖူးတဲ့ တပ်ခွဲခံစစ်စခန်း ၃-၄ ခုကို တပြိုင်နက်တိုက်ခိုက်တဲ့ တပ်ရင်းအဆင့် စခန်းသိမ်းတိုက်ပွဲကြီးကို တိုက်ခိုက်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တယ်။
အောင်တင်ထွန်း
No comments:
Post a Comment