24 September 2014 | အောင်တင်ထွန်း | နေ့သစ်
၂၉ ရက်နေ့ညနေပိုင်း မန်ပတ်ရွာဘေးက ကွက်လပ်ကြီးမှာ တိုက်ပွဲဝင်တပ်ဖွဲ့များကို ရှေ့တန်းဦးစီးအဖွဲ့မှ နိုင်ငံရေးမှူး ရဲဘော်အုန်းကြည်က နိုင်ငံရေးလှုံ့ဆော်မှုနဲ့ ပိုင်းဖြတ်ချက်စတဲ့ တပ်ထွက်မိန့်ခွန်း ပေးပါတယ်။ နိုင်ငံရေးမှူးရဲ့ အားပါလှတဲ့ တပ်ထွက်မိန့်ခွန်းပေးနေတဲ့ အလွန်တက်ကြွဖွယ်မြင်ကွင်းဟာ မိမိတသက်မှာ မေ့လောက်စရာမရှိအောင် စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။
၂၉ ရက်ညနေ ၁၈.၀၀ နာရီရောက်ချိန်မှာ မိမိတို့ရဲ့ တပ်ဖွဲ့များမန်ပတ်မှ အနောက်ဖက်တောတန်းများဆီသို့ ချီတက်ဝင်ရောက်သွားကြပါတယ်။
အလားတူ ဖြတ်တောက်ရေး ပိတ်ဆို့ရေး အရံတပ်စုဖွဲ့မှုတာဝန်ကို ထမ်းဆောင်မဲ့ မိမိတို့ရဲ့ (၄၀၄၈) တပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့နဲ့ လက်နက်ကိုင်ပြည်သူစစ်များကို ၀တောင်ခရိုင် အတွင်းရေးမှူး ရဲဘော်တာရှီဂန်က တပ်ထွက်မိန့်ခွန်းပေး နိုင်ငံရေးလှုံ့ဆော်မှုပြုလုပ်ပြီး တာဝန်ကျရာ
စုရပ်အသီးသီးသို့ ထွက်သွားကြတယ်။ မိမိတို့ရှေ့တန်းဦးစီးအဖွဲ့မှာလဲ တိုက်ပွဲကို အနီးကပ်ကွပ်ကဲရန်အတွက် ဖါကျပ်ရွာသို့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။
တိုက်ပွဲ ဖြစ်စဉ်
မိမိတို့ရှေ့တန်းဦးစီးအဖွဲ့ဟာဇန်န၀ါရီ (၃၀) ရက်နံနက် ၀၄.၃၀ မှာ မိမိတို့အဖွဲ့ရဲ့ စုရပ် ဖါကျပ်ရွာဘေးရှိ ကျောက်တောင်ကုန်းသို့ ရောက်ရှိပြီး ရှေ့တန်းဦးစီးအဖွဲ့ရဲ့ ကွပ်ကဲမှုကို စတင်လုပ်ဆောင်ခဲ့တယ်။
နံနက် ၀၅.၃၀ မှာ တပ်ဖွဲ့အသီးသီးဟာ (အမြောက်မီးအားအဖွဲ့ ၂ မှလွဲ၍) သက်ဆိုင်ရာ သတ်မှတ်စုရပ်အသီးသီးသို့ ရောက်ရှိခဲ့တယ်။ အမြောက်တပ်မီးအားအဖွဲ့ (၂) ရဲ့ သက်ဆိုင်ရာစုရပ်သို့ နောက်ကျရောက်ရှိမှုကြောင့်၎င်း၊ မီးအားအဖွဲ့ (၂) ရဲ့ ပစ်ခတ်ရန်ပြင်ဆင်မှု နှောင့်နှေးမှုများကြောင့်၎င်း၊ တိုက်ပွဲကို သတ်မှတ်ချိန်ထက် ၀၀.၃၅ မိနစ်နောက်ကျပြီးမှ စတင်နိုင်ခဲ့တယ်။
နံနက် ၀၆.၃၅ မှာ အမြောက်တပ်ပစ်ကူအဖွဲ့ (၁) ရဲ့ (၁၂၀) မမစိန်ပြောင်းကြီး (၂) လက်ရဲ့ စတင်ပစ်ခတ်မှုနဲ့ တိုက်ပွဲကြီးကို စတင်လိုက်ပါတော့တယ်။ သံလွင် အရှေ့ခြမ်း တန့်ယန်းမြို့ရဲ့အရှေ့မြောက်ဖက် မန်ခူး မန်ခါဒေသတခုလုံး မိမိတို့ရဲ့ အမြောက်ပစ်သံများနဲ့ ဟိန်းဟိန်းညံနေပါတော့တယ်။
တိုက်ပွဲစတင်တာနဲ့တပြိုင်နက်ထဲမှာ (၃၀၃၅) တပ်ဖွဲ့နဲ့ (၅၀၁) တပ်ဖွဲ့တို့ဟာ ရန်သူအမှတ် (၄) (၁၀) (၉) (၅) တောင်ကုန်းများကို မိမိတပ်ဖွဲ့ရဲ့ ပင်ကိုယ်မီးအားအောက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်။ နံနက် ၀၈.၂၅ မှာ အထက်ပါ ရန်သူစခန်းကုန်းအားလုံးကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူအဓိကကုန်း (၆) နဲ့ (၇) များကို ဆက်လက်တိုက်ခိုက်ဖို့ ချဉ်းကပ်နိုင်ခဲ့ပြီးဖြစ်တယ်။
ရန်သူစစ်ကြောင်းရုံး ၂ ရုံး ရှိတဲ့အမှတ် (၆) နဲ့ (၇) ကုန်းပေါ်ရှိရန်သူများဟာ အမြောက်တပ် တပ်ဖွဲ့ (၁) ရဲ့ (၁၂၀) မမစိန်ပြောင်းကြီး (၂) လက်ရဲ့ပစ်ခတ်မှုအပါ လက်နက်ကြီးများရဲ့ ထိရောက်မှုရှိတဲ့ မီးအားပြင်းထန်မှုကြောင့် ဖရိုဖရဲဖြစ်ကာ စစ်မျက်နှာတခုလုံး ဆက်သွယ်ညွှန်ကြားနိုင်မှု ပြတ်တောက်သွားခဲ့တယ်။ ရန်သူတပ်ရင်းဟာ တိုင်းတပ်ရင်း တရင်းဖြစ်ပြီး (၁၂၀) မမစိန်ပြောင်းကြီးများရဲ့ ပစ်ခတ်ခံရမှု အတွေ့အကြုံမရှိတာက တကြောင်း၊ မိမိတို့ပစ်ခတ်မှုရဲ့ တိကျအားကောင်းမှုကြောင့် တကြောင်း၊ စခန်းအလိုက် ခံစစ်ခုခံတိုက်ခိုက်တာနဲ့ မိမိတို့ရဲ့ ၀ိုင်းဝန်းပိတ်ဆို့မှုကို ဖေါက်ထွက်ဖို့ကြိုးစားတာကလွဲယင် တခုလုံး အပြန်ပြန်အလှန်လှန် အကူအညီပေးနိုင်ခြင်း၊ လက်နက်ပစ်ကူပေးခြင်း၊ စတဲ့ စီမံညွှန်ကြားမှုတခုလုံးကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။
မိမိတို့ရဲ့ (၅၀၃) တပ်ညွှန်ကြားရေးတပ်ဖွဲ့ဟာ ရန်သူအမှတ် (၁) ကုန်းကို စတင်တိုက်ခိုက်ချိန်မှာ အမှားကြီးတခုကို ကျူးလွန်ခဲ့ကြတယ်။ အမှတ် (၁) ကုန်းဟာ မိမိတို့နဲ့ အနီးဆုံးကုန်းစခန်းဖြစ်တဲ့အတွက် ရန်သူတပ်ခွဲမှူး ညိုဝင်းမြင့်ဟာ ကာကင်းတပ်စိတ်တွေကို တောင်ကုန်းအောက်ခြေအထိ ထုတ်ထားပြီး တချို့ကို ဗြောင်ဖေါ်ထားပြီး တချို့ကို လျှိုဝှက်ကင်းပုံး ၀ပ်ထားစေတယ်။ တိုက်ပွဲစတင်တာနဲ့ ခြေလျင်တပ်ချင်း စတင်ထိတွေ့တာနဲ့ တပြိုင်နက်ရန်သူဟာ (၁၀) မိနစ်ခန့် ထိတွေ့မှုယူပြီး အဆင့်ဆင့်ဆုတ်ခွာကာ ပင်မစခန်းကုန်းပေါ်ရှိ အင်အားများနဲ့ပူးပေါင်းပြီး ခံစစ်ဆင်ခဲ့တယ်။
(၅၀၃) တပ်ညွှန်ကြားရေးအဖွဲ့ဟာ ရန်သူရဲ့ကာကင်းတွေ အမြန်ဆုတ်ခွာမှုကို မှားယွင်းစွာ တွက်ချက်မိပြီး အမြောက်တပ်မီးအားအဖွဲ့ (၂) ရဲ့မီးအားကို မီးကျည်ပစ်ပြီး ရပ်ခိုင်းပါတော့တယ်။ အမှတ် (၂) မီးအားအဖွဲ့ဟာ မီးကျည်ကိုမြင်တာနဲ့တပြိုင်နက် မူလစီမံကိန်းအတိုင်း အမြောက်ပစ်ရပ်ပြီး အမှတ် (၁) ကုန်းပေါ်သို့ ရွှေ့ပြောင်းရန် လုပ်ဆောင်ပါတော့တယ်။ (၅၀၃) တပ်ဖွဲ့ဟာ အမြောက်တပ်မီးအားမပါဘဲ ဆက်လက်တက်ခဲ့ရာ အဓိကစခန်းမှာ ညိုဝင်းမြင့် တပ်ခွဲရဲ့ ပြင်းထန်တဲ့ စနစ်ကျတဲ့ ခုခံမှုကိုရင်ဆိုင်ခဲ့ရပြီး ရှေ့ကိုဆက်ပြီး မတက်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေအောက်မှာ (၅၀၃) တပ်ဖွဲ့မှမီးအားပစ်ကူပေးဖို့ ပြန်လည်တောင်းဆိုလာခြဲ့ပန်တယ်။ အဲဒီအချိန်မှာ အမြောက်တပ်မီးအားအဖွဲ့ (၂) ဟာ စီမံကိန်းအတိုင်း ရွှေ့ပြောင်းနေတဲ့လမ်းခုလတ်မှာ ဖြစ်နေတယ်။ အမှတ် (၂) တပ်ဖွဲ့ဟာ ပစ်ခတ်မှုတောင်းဆိုချက်ရရခြင်း ရောက်ရှိနေရာမှ ပစ်ကူပေးဖို့ပြင်ဆင်ပြီး ဆက်လက်ပစ်ခတ်ပေးခဲ့ရတယ်။
(၅၀၃) တပ်ဖွဲ့ဟာမိနစ် (၄၀) ခန့် မီးအားပစ်ကူမပါဘဲ တိုက်ခိုက်နေခဲ့ရတယ်။ အမှတ် (၂) တပ်ဖွဲ့မီးအား ပြန်လည်ပစ်ခတ်နိုင်ပြီးနောက် အမှတ် (၁) တောင်ကုန်းကို နံနက် ၀၈.၅၅ နာရီ (သတ်မှတ်ထားတဲ့ အချိန်ထက် တနာရီနီးပါးနောက်ကျပြီးမှ) ကျမှ အကျအဆုံးများနဲ့ သိမ်းပိုက်ရရှိနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်း ဒဏ်ရာအနာတရများတဲ့အတွက် သတ်မှတ်စီမံကိန်းအတိုင်း (၃၀၃၅) တပ်ဖွဲ့ရဲ့ အရံအဖြစ်တပ်ခွဲ (၂) ခွဲမပေးနိုင်တော့ဘဲ အင်အားဖြည့် (၁) ခွဲသာ ပေးပို့နိုင်ခဲ့တယ်။
နံနက်၀၈.၂၅ နာရီမှာ (၅၀၁) တပ်ဖွဲ့နဲ့ (၃၀၃၅) တပ်ဖွဲ့တို့ဟာ မိမိတို့ဦးတည်ချက်ဖြစ်တဲ့ အမှတ် (၆) နဲ့ (၇) ကုန်းများကို အမြောက်တပ်မီးအားအဖွဲ့ (၁) မီးအားအောက်မှာသာ ဆက်လက်တိုက်ခိုက်နေခဲ့ရတယ်။ မူလစီမံကိန်းအရဖြစ်တဲ့ မီးအား (၂) အဖွဲ့ရဲ့ မီးအားပစ်ကူမှုကို မရရှိခဲ့ဘူး။ (၅၀၁) တပ်ဖွဲ့ရဲ့ခွဲ (၆) ညွှန်ကြားရေးမှူး ညီတုံး ဦးစီးတဲ့ တပ်ဖွဲ့ဝင်များဟာ အရှေ့တောင်ဖက်မှဝင်ရောက်ပြီး အကြိမ်ကြိမ်ရဲဝန့်စွာ ကျားတက်ထိုးပြီး စစ်ကြောင်းရုံးစခန်းထဲကို ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်။
အလားတူ (၃၀၃၅) တပ်ဖွဲ့ရဲ့ခွဲ (၄) တပ်ခွဲမှူး စံခွန်းရဲ့ ဦးစီးမှုအောက်မှာ စစ်ကြောင်း (၁) ရုံးရဲ့ခံစစ်စခန်းကို အရှေ့တောင်ဖက်နဲ့အရှေ့ဖက်မှတဟုန်ထိုး ကျားတက်ထိုးခဲ့ပြီး သိမ်းပိုက်ရရှိနိုင်ခဲ့တယ်။
နံနက် ၀၈.၂၅ မှ၀၉.၀၀ အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက် ၀၉.၀၀ မှာ စစ်မြေပြင်ရှိစခန်း
အားလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ၀၉.၂၀ လောက်မှာ တပ်ရင်းတပ်ဖွဲ့အသီးသီးက ရှေ့တန်းဦးစီးအဖွဲ့သို့ သတင်းပို့ချက်များအရ စစ်မြေပြင်မှာ ရန်သူစုစုပေါင်း (၅၇) သေပြီးသုံ့ပန်း (၄၁) ဖမ်းမိကြောင်း သိရပါတယ်။ ဒါဟာ တိုက်ပွဲဂွင်ရှိ ရန်သူအင်အားရဲ့ (၃၀) ရာနှုံးမရှိသေးပါ။ ဒီအခြေအနေမှာ ရှေ့တန်းဦးစီးအဖွဲ့က ဆုတ်ခွာထွက်ပြေးတဲ့ ရန်သူများကို စီမံကိန်းအတိုင်း တိတိကျကျ ပိတ်ဆို့ဖြတ်တောက် လိုက်လံတိုက်ခိုက်ဖို့ ထပ်မံ အမိန့်ပေးခဲ့တယ်။ တပ်ဖွဲ့များဟာ ရရှိထားတဲ့စခန်းတွေမှာ အင်အားအချို့ဖြင့် ထိမ်းသိမ်းခံစစ်ပြင်ဆင်စေပြီး ကျန်အင်အားများဖြင့် (၈) စတုရန်းကီလိုမီတာကျယ်တဲ့ စစ်မြေပြင်တခုလုံး တောနင်းရှာဖွေ ပိတ်ဆို့ချေမှုန်းရေးတာဝန်ကို မနားတမ်း ဆက်လက်လုပ်ဆောင်ခဲ့ကြတယ်။
ညနေ ၁၅.၀၀ နာရီလောက်မှာ တပ်ဖွဲ့အသီးသီးမှ လိုက်လံဖြတ်တောက် ပိတ်ဆို့ချေမှုန်းခြင်း အစီရင်ခံချက်အရ တိုက်ပွဲကြီးရဲ့အောင်သီးအောင်နှံကို အောင်မြင်စွာတိုးချဲ့နိုင်ကြောင်း သိရှိရပါတယ်။
(၃၀) ရက်နေ့ ၁၅.၀၀ အစီရင်ခံချက်များအရ ရန်သူစုစုပေါင်းသေ ၁၁၂ ယောက်။ (၃၀၃၅) တပ်ဖွဲ့ဖက်မှ ရန်သူသေ ၃၇ ယောက် ၊ (၅၀၁) ၃၉ ၊ (၅၀၃) ၁၅ ၊ (ခရိုင်တပ်) ၂၀ ၊ (၄၀၄၈) ၁ ၊ ၎င်းတို့အနက် ရန်သူခွဲမှူးဗိုလ်ကြီး (၁) ယောက် ၊ စုမှူးဗိုလ် (၁) ၊ ဒုဗိုလ် (၁) ပါဝင်တယ်။ စုစုပေါင်းဖမ်းမိ သုံ့ပန်း (၁၂၁) ယောက် ၊ (၃၀၃၅) တပ်ဖွဲ့ကဖမ်းမိ ၃၂ ယောက် ၊ (၅၀၁) ၇၂ ၊ (ခရိုင်တပ်) ၁၅ ၊ (၅၀၃) ၂ တို့ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ ရှေ့တန်း ခလရ (၃၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရစိုးမင်း၊ တပ်ရင်း ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီး စအေးဝင်း၊ တပ်ခွဲမှူး ဗိုလ်ကြီးသန်းဌေးလွင်၊ ဗိုလ်ကြီးညိုဝင်းမြင့်၊ တပ်စုမှူး ဗိုလ်ညီထွန်း၊ ဒုဗိုလ်တင်ထွန်းကျော် အပါ အရာရှိ (၆) ဦး ပါဝင်တယ်။ ဆေး အရာခံဗိုလ်လှသောင်းအပါ အကြပ် (၂၈) ဦး ပါဝင်တယ်။ စစ်ကြောင်း (၂) မှူး ဗိုလ်မှူး စန်းမောင်နဲ့ ဒဏ်ရာသမားများအပါ (၇၀) နီးပါး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ရရှိထားတဲ့အချက်အလက်များအရ ရန်သူချေမှုန်း ၂၆၈ ယောက်ဖြစ်ပါတယ်။ (ရန်သူထုတ်ပြန်ခဲ့တဲ့ စာအုပ်များအတွင်း သေဆုံး ၇၀။ ဒဏ်ရာ-၄၂။ ပျောက်ဆုံး ၁၁၂ ၊ စုစုပေါင်း ၂၂၄ ယောက်လို့ ဖေါ်ပြထားတယ်။)
သိမ်းပိုက်ရမိ လက်နက်ငယ် ၂၂၁ လက် (ဂျီ-၂-၃-၄ ၁၄၀ လက်။ ကာဘိုင် ၆၅ လက်။ နေ၀င်းစတင်း ၄ လက်။ ပစ္စတို ၁၂ လက်) စက်လတ် MG-၄၂ ၂ လက်၊ အမြောက်စုံ ၁၈ လက် (၇၅ မမ ၂ လက်၊ ၃လက်မ စိန်ပြောင်း၂ လက်၊ ၂လက်မ စိန်ပြောင်း ၅ လက်၊ M-၄၀ လက်ထောက်မော်တာ ၅ လက်၊ ၉၀ မမ ၅ လက်) ကြိုးမဲ့ကြေးနန်းစက် ၅ လုံး၊ စကားပြောစက် ၁ လုံး၊ အမြောက်ဆန်မျိုးစုံ ၃၀၀ ကျော်၊ ကျည်မျိုးစုံ ၂ သိန်းကျော်၊ လက်ပစ်ဗုံး အလုံး ၄၀၊ မိုင်း ၁၀၀ ကျော်တို့ကို သိမ်းပိုက်ရရှိခဲ့တယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် ရန်သူအထောက်အကူ အရန်တပ်ဖွဲ့များဟာ အလစ်အငိုက်မိခံရပြီး မိမိတို့ စီမံကိန်းအတိုင်း ထိမ်းချုပ်တိုက်ခိုက်နိုင်တဲ့အတွက် လွယ်အင် ရှိ ၂၅ မမ အမြောက်များမှလွှဲ၍ အခြားမှအကူအညီပစ်ခတ်ပေးနိုင်ခြင်း မရှိပါ။ လွယ်အင်ရှိ ၂၅ မမ အမြောက်များမှာလဲ စစ်မြေပြင် (၂) ဖက်တပ်များရဲ့ အခြေအနေမှန်ကို မဆုပ်ကိုင်နိုင်တာကြောင့် ထိထိရောက်ရောက် ပစ်ကူပေးနိုင်ခြင်း မရှိခဲ့ပါ။
ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် လှဦး က လေကြောင်းပစ်ကူအတွက် တိုက်လေယဉ် (၂) စီး၊ ဗုံးကြဲလေယာဉ် (၂) စီးကို နံနက် ၁၁.၀၀ အချိန်မှာ စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ စစ်မြေပြင်ကကျယ်ပြန့်ပြီး လက်နက်ငယ်ပစ်ခတ်သံ ကြိုးကြားကြိုးကြား ရှိနေသေးပြီး (၂) ဖက်တပ်ဖွဲ့အခြေအနေကို ခိုင်ခိုင်မာမာမသိနိုင်တဲ့အတွက် လေကြောင်းမှ အဓိကစစ်မြေပြင်ကို တိုက်ရိုက် ပစ်ခတ်ကူညီနိုင်ခြင်းမရှိဘဲ အရပ်သားကျေးရွာများနဲ့ မိမိတို့ မန်ရှန်မြို့နယ်ရုံးကို ပစ်ခတ်ဗုံးကြဲမှု အကြိမ်အချို့ လုပ်သွားပါတယ်။
ရမခ ဒုတိုင်းမှူးနဲ့အဖွဲ့ကိုတန့်ယန်းသို့ချက်ချင်းစေလွှတ်ပြီးတန့်ယန်းရှိအမှတ် (၂) စစ်ဗျူဟာကို လွယ်အင်သို့ ရွှေ့ပြောင်းအခြေချစေပြီးနောက် တပ်မ (၆၆) ရဲ့နဗဟ (၆၆၁) နဲ့ ခလရ (၇၅) ၊ (၈၀) တပ်ရင်းများကို လွယ်အင်နဲ့ တာကော်အက် ကြားမှာ စုစည်းထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် (၃) နာရီကျော်ကာလမှာ ရန်သူအထောက်အကူ တပ်စခန်းများဖြစ်တဲ့ မန်ကန် ကံ့ကော် သံခမောက် စခန်းရှိ ရန်သူများဟာ မိမိတို့တပ်ဖွဲ့များရဲ့ ထိမ်းချုပ်တိုက်ခိုက်မှုကြောင့် စစ်မြေပြင်ကို အကူအညီမပေးနိုင်ဘဲ ၎င်းတို့ ခံစစ်စခန်းများကိုပါ အတိုက်ခံရမှာဟု ယူဆပြီး ၎င်းတို့ခံစစ်စခန်းများမှာ သာစုစည်းနေကြပါတယ်။
ထို့ကြောင့် ရန်သူ ခလရ (၃၃) ရဲ့ စစ်ကြောင်း (၁) (၂) နဲ့ တပ်ခွဲ (၄) ခွဲဟာ မြေပြင် ဝေဟင် အကူအညီမဲ့စွာ မိမိတို့တပ်ဖွဲ့များရဲ့ ၀ိုင်းဝန်းချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။
(၃၀) ရက်နေ့ စခန်းထိုးတိုက်ပွဲများနဲ့ လိုက်လံပိတ်ဆို့ရေး တိုက်ပွဲတလျှောက် မိမိတို့ဖက်ကလဲ အရင်းအနှီးတွေပေးခဲ့ရတယ်။ သူရဲကောင်းရဲဘော်များရဲ့ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတယ်။ စုစုပေါင်း ရဲဘော် (၃၅ ဦး) ကျဆုံးခဲ့တယ်။ (၅၀၁-မှ-၁၀-ဦး၊ ၅၀၃-မှ-၁၃-ဦး၊ ၃၀၃၅-မှ-၉-ဦး၊ ၄၀၄၈-မှ-၃-ဦး၊) ထိုအထဲမှာ ၅၀၁-ခွဲကေဒါ-၁-ဦး၊ ၅၀၃-ခွဲကေဒါ ၂-ဦး၊ ၃၀၃၅ စုကေဒါ ၂ ဦး ပါဝင်ပါတယ်။ (ရန်သူက အလောင်း (၁၀၀) ကျော်ကျန်ခဲ့တယ်လို့ ကျေညာပါတယ်။)
ထိခိုက်ဒဏ်ရာရသူ (၁၃၁) ဦး။ (၅၀၁--၄၆ ၊ ၅၀၃--၃၇ ၊ ၃၀၃၅--၃၈ ၊ အမြောက်တပ်ဖွဲ့ ၂ ၊ ခရိုင်တပ် ၂) ပြင်းထန်ဒဏ်ရာ ၁၈ ဦးသာ ပါဝင်တယ်။
ရန်သူစစ်ဆင်ရေးမှူး ဗိုလ်ချုပ်ထွန်းရီ နဲ့ ရမခတိုင်းမှူး ဗိုလ်မှူးချုပ်လှဦး တို့ဟာ ခလရ (၃၃) ချေမှုန်းခံရတဲ့အတွက် တုန့်ပြန်လက်စားချေဖို့ ပြင်ဆင်ခဲ့ပြီး ရမခ ဒုတိုင်းမှူးကို တန့်ယန်းမှကွပ်ကဲစေပြီး နယ်လှည့်စဗဟအမှတ် (၂) လွယ်အင်မှာ ခလရ (၆၉) - (၆၇) -၂ရင်းဖြင့်၎င်း၊ တပ်မ (၆၆) ၏နဗဟ (၆၆၁) နဲ့ ခလရ (၈၀) (၇၅) -၂ ရင်းစုစု (၂) ဗျူဟာ၊ (၄) ရင်းတို့ဖြင့် ပြင်ဆင်ခဲ့တယ်။
ဒါပေမဲ့ မိမိတို့ရဲ့ သာလွန်တဲ့အင်အားစုကြီးဖြင့် မထင်မှတ်တဲ့နေရာမှာ အချိန်တိုအတွင်း လက်နက်ကြီး မီးအားအများမပြားဖြင့် တပ်ရင်းလိုက် ချေမှုန်းရေး လုပ်ဆောင်သွားနိုင်မှုကြောင့် အလွန်ခြောက်ခြား တုန်လှုပ်သွားပြီး မိမိတို့၏တပ်ဖွဲ့ကြီးများ မြစ်အနောက်ဖက်ကမ်းအထိ တက်ရောက် တိုက်ခိုက်လိမ့်မည်ဟု ယူဆပြီး လက်စားချေရန်ပြင်ဆင်ထားတဲ့ တပ်ရင်းတပ်ဖွဲ့များကို ခံစစ်အတွက် ပြင်ဆင်စုစည်းပြောင်းလဲခဲ့တယ်။
(ဆက်ရန်)
အောင်တင်ထွန်း
No comments:
Post a Comment