Friday, September 26, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၅)

26 September 2014 | အောင်တင်ထွန်း | နေ့သစ်

မိမိတို့ရှေ့တန်းဦးစီးအဖွဲ့နဲ့ တိုက်ပွဲဝင်တပ်ဖွဲ့များ မန်ရှန်ဒေသတွင် (၂) ရက်ခန့်အနားယူပြီး တိုက်ပွဲနိဂုံးချုပ်များ လုပ်ဆောင်ခဲ့ပါတယ်။ ဗဟိုစစ်ကော်မရှင်ရဲ့ တာဝန်ပေးချက်အရ ဖေဖေါ်ဝါရီ (၃) ရက်နေ့မှာ မော်ဖါ စစ်ဆင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ထွက်ခွာခဲ့ကြပါတယ်။

ဒီတိုက်ပွဲကြီးရဲ့ အဓိကအတွေ့အကြုံနဲ့
သင်ခန်းစာများကို ဆက်လက်တင်ပြပါမယ်။

 (၁) သာလွန်တဲ့ တပ်အင်အားကို စုစည်းပြီး ၀ိုင်းပတ်ချေမှုန်းစစ်ဆင်တာဟာ ရန်သူရဲ့ထိုးစစ်ကို ရိုက်ချိုးတဲ့ အကျိုးရှိတဲ့နည်းနာတခု ဖြစ်တယ်။ တခုလုံးအခြေအနေအရ ရန်သူက အင်အားသာလွန်ပြီး မိမိတို့က နှိုင်းယှဉ်ချက်အရ အင်အားချိနဲ့နေသေးတဲ့ လက်ရှိအခြေအနေအောက်မှာ ယာယီအားဖြင့် ရန်တက် - ငါဆုတ် နည်းနာကိုကျင့်သုံးပြီး မိမိအင်အားကို ထိမ်းသိမ်းထားပြီး အခါအခွင့်ကောင်းကိုစောင့်ပြီး ရန်သူအားချေမှုန်းတဲ့ လမ်းညွှန်မှုဟာ လုံးဝမှန်ကန်ပါတယ်။ ဒါဟာ လက်ဦးမှုမဲ့နေခြင်းမှ လက်ဦးမှုရှိခြင်းသို့ ပြောင်းလဲစေတဲ့ ရန်သူကို အထိနာစေတဲ့ မိမိတို့ တပ်နဲ့ ပြည်သူတွေကို စိတ်ဓာတ်တက်ကြွစေတဲ့ ထိရောက်တဲ့ တိုက်ခိုက်ရေးနည်းနာ ဖြစ်တယ်။ ဒီအချက် မှန်ကန်ကြောင်းကို မန်ခါ တိုက်ပွဲရဲ့အောင်ပွဲများက သက်သေပြလျှက်ရှိပါတယ်။

 (၂) အချိန်တိုတိုနဲ့ အမြန်အဆုံးသတ်တဲ့ စစ်ဆင်ရေးနည်းနာဟာ ယခုလို တိုက်ပွဲမျိုးမှာ အလွန်လိုအပ်ပြီး အလွန်ထိရောက်တဲ့ တိုက်ခိုက်ရေးနည်းနာ ဖြစ်တယ်။ မိမိတို့ရဲ့တပ်ဖွဲ့များဟာ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်နိုင်တဲ့အင်အားကို စုစည်းပြီး ပြင်ဆင်မှုအားနည်းတဲ့ မန်ခူး-မန်ခါရှိ ရန်သူများကို အမြန်အဆုံးသတ်တဲ့နည်းနာနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်။ စစ်မြေပြင်မှာ သေနတ်သံစထွက်ပြီး တိုတောင်းတဲ့အချိန် (၂ နာရီခွဲ) အတွင်း လက်နက်ကြီးသံ လုံးဝရပ်သွားအောင် အမြန်ထိုးစစ်ဆင်နိုင်ခဲ့တယ်။ နောက်ထပ်အချိန်တို (၂-၃ နာရီ) အတွင်း စစ်မြေပြင်ရှင်းလင်းခြင်း၊ ထွက်ပြေးရန်သူ လိုက်လံဖြတ်တောက်ပိတ်ဆို့ခြင်းနဲ့ သိမ်းပိုက်ရရှိတဲ့စခန်းများကို ယာယီ ထိမ်းသိမ်းထားနိုင်ခဲ့တယ်။

 တိုတောင်းတဲ့အချိန်အတွင်းမှာ အဟုန်ပြင်းပြင်းနဲ့ တိုက်ခိုက်အဆုံးသတ်နိုင်မှုကြောင့် ရန်သူလေကြောင်းအကူနဲ့ အဝေးပစ် လက်နက်ကြီးပစ်ကူတွေဟာ တိုက်ပွဲဖြစ်စဉ်အတွင်း လုံးဝ အသုံးမ၀င်ဖြစ်ခဲ့ရတယ်။ ယခုလို အမြန်အဆုံးသတ်တဲ့နည်းနာဟာ မန်ခူး မန်ခါ တိုက်ပွဲကြီးရဲ့ ပြတ်ပြတ်သားသား အောင်နိုင်ရခြင်းရဲ့ အကြောင်းတရားတရပ် ဖြစ်ပါတော့တယ်။

 (၃) လျှို့ဝှက်လုံခြုံမှုကို တိတိကျကျ ထိမ်းချုပ်တဲ့လုပ်ဟန်၊ မိမိတို့ရဲ့ ရှေ့တန်းဦးစီးအဖွဲ့ဟာ ပထမအဆင့်အနေနဲ့ လူအနည်းငယ်နဲ့ ရှေ့တန်းရဲ့ အခိုင်အမာအခြေအနေကို သွားရောက်လေ့လာခဲ့တယ်။ မိမိရဲ့တိုက်ပွဲဝင်မယ့် တပ်ဖွဲ့ဝင်များကို မန်ရှန်ဒေသထဲသို့ လျှို့ဝှက်လုံခြုံစွာဖြင့် ချီတက်လာစေပြီး ရန်သူရှေ့တန်းစခန်းများနဲ့ (၂) ကီလိုကျော်သာဝေးတဲ့ဒေသထဲမှာ လုံခြုံမှုရှိစွာ နေရာယူထားနိုင်ခဲ့တယ်။ သေနတ်သံမထွက်မီ (၃) ရက်တာအချိန်အတော်အတွင်း တိုက်ခိုက်ရေးအင်အား (၂၀၀၀) ကျော် စုရုံးရောက်ရှိနေမှုနဲ့ လှုပ်ရှားမှုသတင်းတွေကို လုံးဝ ပိတ်ဆို့ထားနိုင်ခဲ့တယ်။ ဒီလို သတင်းလုံခြုံစွာထားနိုင်ခဲ့ခြင်းဟာ မန်ခူး-မန်ခါ တိုက်ပွဲကြီး အောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတရပ်လဲ ဖြစ်ပါတယ်။

 (၄) ရန်သူ အခြေအနေ အချက်အလက်တွေကို တိကျမှန်ကန်စွာ ဆုပ်ကိုင်နိုင်ခြင်း။ မိမိတို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေဟာ ရန်သူအခြေအနေတွေကို အပြန်ပြန်အလှန်လှန် ထောက်လှမ်းခဲ့ကြ၊ အပြန်ပြန်အလှန်လှန် သုံးသပ်လေ့လာခဲ့ကြတယ်။ ဒေသခံအစိုးရ၊ ဒေသခံပြည်သူနဲ့ ပြည်သူစစ်များထံမှ ရန်သူအခြေအနေများကို အကြိမ်ကြိမ် နားထောင်ခဲ့ကြတယ်။ တိုက်ပွဲဝင်မယ့် တပ်စုအထက်ကေဒါတွေဟာ အကြိမ်ကြိမ် မတူတဲ့ဖက်အသီးသီးက မြေအနေအထားကို ထောက်လှမ်းခဲ့ကြတယ်။ သဲမြေပုံများပြုလုပ်ပြီး လေ့လာသုံးသပ်ခဲ့ကြတယ်။ ဒီိလို လေ့လာမှုတွေ နာယူမှုတွေအောက်မှာ ရန်သူရဲ့အင်အား၊ တည်နေရာ၊ ပစ်ခတ်မှုမီးအား၊
စတဲ့ရန်သူအချက်အလက်များကို မှန်ကန်စွာ ဆုပ်ကိုင်နိုင်ခဲ့တယ်။ ဒိနောက် မိမိတို့ရဲ့ စစ်ရေးခေါင်းဆောင်များဟာ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချနိုင်ခဲ့တယ်။ အထက်မှအောက်အထိ စစ်ရေးဒီမိုကရေစီကို အပြည့်အ၀ထွန်းကားစေပြီး တိုက်နည်းအမျိုးမျိုးကို အပြန်ပြန်အလှန်လှန် သုံးသပ်ခဲ့ကြတယ်။ ဒိနောက် နှိုင်းယှဉ်ချက်အရ လက်တွေ့နဲ့ကိုက်ညီတဲ့ တိုက်နည်းဗျူဟာနဲ့ တိုက်ပွဲစီမံကိန်းကို ချမှတ်နိုင်ခဲ့တယ်။

ဒီတိုက်ပွဲစီမံကိန်းဟာ အဖက်ဖက်မှထောင့်စေ့ပြီး စေ့စပ်သေချာမှုရှိကြောင်းကို ဒီတိုက်ပွဲကြီးရဲ့ရလာဒ်များက ရှင်းလင်းပြသခဲ့တယ်။ ဒီလိုမှန်ကန်တဲ့ တိုက်ပွဲစီမံကိန်းကို ချမှတ်နိုင်ခြင်းဟာ ရန်သူအခြေအနေကို မိမိတို့ ပြည့်ပြည့်၀၀ ဆုပ်ကိုင်နိုင်မှုကြောင့်ဆိုတာ တိုက်ပွဲကြီးလက်တွေ့က အဖြေပေးခဲ့ပါတယ်။

 (၅) အားကောင်းလှတဲ့ နိုင်ငံရေးလှုံဆော်မှု လုပ်ဟန်။ ဇန်န၀ါရီ (၂၇) ရက်နံနက်မှာ မိမိတို့ ရှေ့တန်းဦးစီးအဖွဲ့ဝင်များက တိုက်ပွဲဝင်ကြမယ့် တပ်စုအထက်ကေဒါတွေကို ဒီတကြိမ်တိုက်ပွဲရဲ့ ရည်ရွယ်ချက်၊ စိတ်ပိုင်းဖြတ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့တယ်။ တဆက်ထဲမှာလဲ မဆလ စစ်အစိုးရရဲ့ လူမျိုးပေါင်းစုံပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမားလှတဲ့ ရာဇ၀တ်မှုတွေ၊ ဖိနှိပ်မှုတွေကို ပြောပြခဲ့တယ်။ ဒိနောက် တိုတိုတုတ်တုတ်နဲ့ အားကောင်းလှတဲ့ နိုင်ငံရေးလှုံ့ဆော်မှုတွေကို လုပ်နိုင်ခဲ့တယ်။

  ဇန်န၀ါရီ (၂၉) ရက်ညနေပိုင်းမှာ တိုက်ပွဲဝင်တပ်ဖွဲ့အားလုံးကို တပ်ဖွဲ့အလိုက်ခေါင်းဆောင်များက တပ်ထွက်မိန့်ခွန်းများ ပြောကြားခြင်းဖြင့် တိုက်ပွဲမ၀င်မီ နောက်ဆုံးနိုင်ငံရေးလှုံ့ဆော်မှုများ လုပ်ဆောင်ခဲ့တယ်။ ဒီလို နိုင်ငံရေးလှုံ့ဆော်မှု့တွေဟာ မိမိတို့တပ်ဖွဲ့ဝင်များရဲ့ တိုက်စိတ်ခိုက်စိတ်များကို မြင့်မားစေခဲ့ပြီး အောင်ပွဲတွေကို ရစေနိုင်ခဲ့တဲ့အကြောင်းတရားတရပ်လဲ ဖြစ်ခဲ့ပါတော့တယ်။

 (၆) ပြည်သူ့စစ်ပွဲဟာ ရန်သူကိုအနိုင်တိုက်နိုင်တဲ့ ပြဒါးရှင်လုံး ဖြစ်ပါတယ်။ ယခု တိုက်ပွဲကြီးမှာ ပြည်သူစစ် (၅၀၀) နီးပါးကို ဒေသက မိမိတို့ကိုတွဲဖက်ပေးပြီး တိုက်ရိုက်တိုက်ပွဲထဲမှာ ပါဝင်စေခဲ့တယ်။ ၅၀၁ တပ်ဖွဲ့ကို (၁၀၀) ၊ ၃၀၃၅ တပ်ဖွဲ့ကို (၁၀၀) ၊ လက်နက်ကြီးတပ်ဖွဲ့ကို (၁၀၀) ၊ ခရိုင်တပ်ကို (၂၀၀) စသဖြင့်တွဲဖက်ပေးခဲ့တယ်။ ထောင်အချို့ရှိတဲ့ ဒေသခံပြည်သူလူထုဟာ ရိက္ခာ ခဲယမ်းမီးကျောက်နဲ့ ဒဏ်ရာရလူနာတွေကို သယ်ယူပေးခြင်းဖြင့် မိမိတို့ရဲ့ အရန်အင်အားကို ဖြည့်စွက်ပေးခဲ့တယ်။ ထို့အပြင် စစ်ရေးတာဝန်ဖြစ်တဲ့ ရန်သူအခြေအနေ သတင်းပေးပို့ခြင်းနဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့များ လုံခြုံချောမွေ့စွာ တိုက်ပွဲစုရပ်များသို့
အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်။

တဖက်မှာလည်း မိမိတို့တပ်ဖွဲ့များရဲ့ သတင်းအချက်အလက်များကို လုံခြုံစွာ ထိမ်းသိမ်းနိုင်ခြင်းကြောင့် ရန်သူများအတွက် မျက်စိပိတ်-နားပိတ် ဖြစ်စေခဲ့တယ်။ ဒီလို အချက်အလက်တွေကြောင့် ဒီတိုက်ပွဲကြီးရဲ့အောင်ပွဲဟာ ဒေသခံပြည်သူတွေရဲ့ အင်တိုက်အားတိုက် ကူညီပံ့ပိုးမှုတွေနဲ့ ခွဲခြားလို့ မရနိုင်ပါ။

 (၇) သေမှာမကြောက် ဆင်းရဲပင်ပန်းမှာမကြောက်တဲ့ တိုက်ပွဲဝင်တပ်ဖွဲ့ဝင်များရဲ့လုပ်ဟန်။ မိမိတို့ရဲ့ အဓိကတပ်ဖွဲ့တွေဟာရန်သူ `မင်းရန်အောင်´ စစ်ဆင်ရေးစတင်တဲ့ ၁၉၇၉ ခု နိုဝင်ဘာလကစပြီး (၂) လကျော် ကာလအတွင်း စတုရန်းကီလိုမီတာ (၂၀၀) ကျော်ရှိတဲ့ တို့်က်ပွဲဂွင်ထဲမှာ တတောဝင်တတောင်တက် မနားတမ်း ချီတက်လှုပ်ရှား တိုက်ခိုက်ခဲ့ရတယ်။ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းလိုစိတ်နဲ့ ခဲယမ်းမီးကျောက် အပြည့်အစုံကိုထမ်းပြီး တောင်မှမြောက်သို့ အရှေ့မှအနောက်သို့ (၂) လကျော်အချိန်အတွင်း လွန်းထိုးသလို သွားလာလှုပ်ရှားပြီး တိုက်ခိုက်ခဲ့ကြရပါတယ်။ ဒီတပတ် တိုက်ပွဲစဉ်ကြီးမှာ မိမိတို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များဟာ သေမှာမကြောက် ဆင်းရဲပင်ပန်းမှာမကြောက် စိတ်ဓာတ်တွေကို အမြင့်မားဆုံး ဖေါ်ပြခဲ့ကြတယ်။ ဒီစိတ်ဓာတ်ဟာ အောင်ပွဲကိုရရှိစေခဲ့တဲ့ အကြောင်းတရပ်လဲ ဖြစ်ပါတယ်။

တိုက်ပွဲစဉ်အတွင်း အားကောင်းချက်တွေ အောင်မြင်မှုတွေရခဲ့သလို တဖက်မှာလဲ မိမိတို့တပ်ဖွဲ့ရဲ့ ချိနဲ့ချက်အားနဲချက်များကိုလဲ နောင်အနာဂတ် တိုက်ပွဲများအတွက် သင်ခန်းစာများအဖြစ် ရရှိခဲ့တယ်။

မိမိတို့နဲ့အနီးဆုံးရှိရန် သူများကို စတင်တိုက်ခိုက်စဉ်မှာ (၅၀၃) တပ်ဖွဲ့ ညွှန်ကြားရေးမှူးတွေဟာ ရန်သူအခြေအနေတွေကို မှန်မှန်ကန်ကန် မဆုပ်ကိုင်နိုင်ခဲ့။ အခြေခံစိတ်ဓာတ်အရ သေနင်္ဂဗျူဟာအရ ရန်သူကိုအထင်သေးပြီး နည်းပရိယာယ်အရ ရန်သူကို သတိပြုရမယ့်ဆောင်ပုဒ်ကို မှန်ကန်စွာ မဆုပ်ကိုင်ခဲ့တဲ့အတွက် တိုက်ပွဲစီမံကိန်းအချို့ အကောင်အထည် မဖေါ်နိုင်ခဲ့။ ထို့အပြင် မဖြစ်သင့်တဲ့ ထိခိုက်ကျဆုံးမှုများ ဖြစ်စေခဲ့ပြီး အမှတ် (၆) နဲ့ (၇) စခန်းများ ထိုးစစ်ဆင်ရာမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်။ ဒီစခန်းတွေကို ထိုးတဲ့မိမိတို့ရဲ့ တပ်ဖွဲ့တွေဟာ မီးအားအဖွဲ့ (၁) ရဲ့ အကူအညီနဲ့သာ တိုက်ခိုက်ခဲ့ရတယ်။ (၅၀၁) နဲ့ (၃၀၃၅) တို့ရဲ့ ပြင်းပြင်းထန်ထန် ရဲရဲရင့်ရင့် တိုက်ဟန်များကြောင့်သာ အောင်ပွဲရခဲ့တာ ဖြစ်တယ်။ မဖြစ်သင့်တဲ့ ကျဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့တယ်။

  တိုက်ပွဲစတင်ပြီးနောက် ၀ိုင်းပတ်ဖြတ်တောက်ရေး တိုက်ဖွဲ့တွေဟာ တိုက်ပွဲဂွင်တခုလုံးရဲ့ အိတ်ပေါက်ဝကို ဆွဲယူမစုစည်းနိုင်ခဲ့တဲ့အတွက် ၀ိုင်းပတ်မှုဂွင်ကို ကျဉ်းမြောင်းအောင် မလုပ်နိုင်ခဲ့။ ထို့ကြောင့် ရန်သူစစ်ကြောင်း (၂) မှူး ဗိုလ်မှူး စန်းအောင်နဲ့ ဒဏ်ရာသမားအချို့အပါ ရန်သူအချို့ ထွက်ပြေးသွားနိုင်ခဲ့တယ်။

 စခန်းတွေကို တိုက်သိမ်းပြီးနောက် အောင်ပွဲကိုတိုးချဲ့ဖို့ လုပ်ဆောင်တဲ့ ရန်သူကို လိုက်လံပိတ်ဆို့တဲ့ တပ်များကြား အပြန်အလှန် စည်းရုံးဆက်သွယ်မှု အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့တယ်။ ဒီအခြေအနေမှာ မိမိတို့တပ်ဖွဲတွေချင်း မှားယွင်းတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ပိတ်ဆို့ဖြတ်တောက်ရမယ့် နေရာတွေမှာ လုံးဝပိတ်ဆို့နိုင်ခြင်း မရှိပါ။ ဒါကြောင့်ပဲ ရန်သူအချို့လွတ်မြောက်သွားနိုင်ခြင်း ဖြစ်ပါတယ်။

တပ်ဖွဲ့တချို့ဟာ ရန်သူနဲ့ အနီးကပ်ချဉ်းကပ်လှုပ်ရှားချိန်မှာ တပ်ဖြန့်ခွဲမှု ကောင်းစွာမလုပ်ဆောင်နိုင်လို့ ဦးတည်တိုက်ခိုက်မှုဟာ တမျက်နှာဖက်ပဲ ဖြစ်ခဲ့တယ်။ ဒီလိုအခြေအနေကြောင့် တချို့တပ်ဖွဲ့ဝင်များ မဖြစ်သင့်တဲ့ ထိခိုက်မှုများဖြစ်ခဲ့ရတယ်။

  အားနည်းချက်နဲ့ ချို့ယွင်းချက်အနဲနဲ့အများ ရှိခဲ့ပေမဲ့လဲ ဒီတိုက်ပွဲဟာ မိမိတို့ပြည်သူ့တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်နဲ့ ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့တယ်။ မိမိတို့ အခြေခံဒေသရှိ တပ်နဲ့ပြည်သူတွေရဲ့ အောင်ပွဲခံယုံကြည်စိတ်ကို အကြီးအကျယ် ခိုင်မာစေခဲ့တယ်။

  မန်ခူး-မန်ခါ စခန်းသိမ်းတိုက်ပွဲကြီးဟာ ရန်သူခံစစ်စခန်းများကို သိမ်းပိုက်တဲ့ အတွေ့အကြုံအတွက် အဖိုးတန်လှတဲ့ အတွေ့အကြုံတွေကို ရရှိစေခဲ့တယ်။

  ဒီတိုက်ပွဲဟာ နေရာယူခံစစ်စခန်းကြီးတွေကို မတိုက်ခိုက်သင့်ဆိုတဲ့ အတွေးအခေါ်က လွတ်မြောက်စေခဲ့တယ်။ ဒီတိုက်ပွဲအခြေအနေမျိုးလို ရန်-ငါ (၂) ဖက် အချက်အလက်များ ပြည့်စုံရင့်မှည့်တယ်ဆိုယင် ချေမှုန်းနိုင်သမျှရန်သူကို ချေမှုန်းရမှာပဲ။

  ဒီတိုက်ပွဲဟာ မိမိတို့အရှေ့မြောက်စစ်ဒေသ (၁၀) နှစ်ကျော် ကာလအတွင်း အတိုင်းအတာနှိုင်းယှဉ်ချက်အရ ကြီးမားတဲ့ စခန်းသိမ်းတိုက်ပွဲကြီး ဖြစ်တယ်။ အောင်မြင်တဲ့ စခန်းသိမ်းတိုက်ပွဲလဲ ဖြစ်တယ်။ ဒါပေမဲ့ တပြည်လုံးအတိုင်းအတာအရ ရန်သူက အားသာပြီး မိမိတို့ အားနည်းနေသေးတဲ့ အခြေအနေအောက်မှာ အခြေခံဒေသတွင်း လူအင်အားရုပ်ဝတ္တုအင်အား ပြည်သူများရဲ့ထောက်ခံမှု၊ မြေအနေအထားနဲ့ ရန်သူ့
စစ်တပ်ရဲ့တိုက်ခိုက်ရေးစိတ်ဓာတ် စတဲ့ဖက်ပေါင်းစုံက မိမိတို့အတွက် အာမခံချက်နဲ့ အကျိုးရှိတဲ့ အခြေအနေအောက်မှာသာ ဒီတိုက်ပွဲလို တစုံတရာနှိုင်းယှဉ်ချက်အရ ကြီးမားတဲ့ စခန်းသိမ်းတိုက်ပွဲတွေကို တိုက်နိုင်ပါတယ်။ ဒီလောက်မပြည့်စုံမရင့်မှည့်တဲ့ အခြေအနေအောက်မှာတော့ မတိုက်သင့်ပါဘူး။

  ဒီတိုက်ပွဲဟာ အချိန်တိုအတွင်း တပ်ရင်းလိုက် ချေမှုန်းရေးပွဲတပွဲသာဖြစ်လို့ ရှည်ကြာတဲ့ တိုက်ပွဲစဉ်ကြီးမဟုတ်ပါ။ သို့ပေမဲ့ အချိန်တိုအတွင်း လျှင်လျှင်မြန်မြန်နဲ့ သာလွန်တဲ့အင်အားစုစည်းပြီး တပ်ရင်းလိုက် ချေမှုန်းရေး လုပ်ဆောင်နိုင်တဲ့အတွက် မြန်မာပြည်အရှေ့မြောက်နဲ့ အရှေ့ပိုင်း စစ်မျက်နှာကြီးတခုလုံးကို ကြီးမားစွာ ဂယက်ရိုက်စေခဲ့တယ်။

 (ဆက်ရန်)

အောင်တင်ထွန်း

No comments: