Tuesday, September 30, 2014

ရင်ကွဲတောင် တပ်စခန်းကို တိုက်ခိုက်တာ DKBA မဟုတ်ကြောင်း ငြင်းဆို

30 Sept 2014 | Yamounnar

ကရင်ပြည်နယ် ကော့ကရိတ်အနီး နဘူးကားလမ်းပေါ်က အစိုးရစစ်တပ် ခလရ ၂၃၀ ကို ဒီကနေ့မနက်မှာ ဝင်ပစ်သွားတာဟာ ဒီအေဘီအေ တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း မြဝတီ ဒီကေဘီအေ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့် က ပြောပါတယ်။

ရင်ကွဲတောင် တပ်စခန်းကုန်းဟာ ကော့ကရိတ်မြို့နဲ့ နဘူးကိုသွားတဲ့ ကားလမ်းအနီးမှာရှိပြီး ခလရ ၂၃၀ တပ်စွဲထားတဲ့
တပ်နေရာတခု ဖြစ်ပါတယ်။

“အခု ဝင်ပစ်သွားတယ်ဆိုတဲ့ နေရာဟာ ကျနော်တို့ ဂွင်မဟုတ်ဘူး ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း မရှိဘူး၊ ကျနော့်အမြင်တော့ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်အောင် လိုက်ဖန်တီးနေတယ်လို့ပဲ ထင်တယ်။ မနေ့ညကလည်း မြဝတီ သင်္ဃန်းညီနောင် တံတားကျိုးကို ၂ ခါ လာပစ်တယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့ညကလည်း သင်္ဃန်းညီနောင် တံတားကျိုးမှာရှိတဲ့ အစိုးရစစ်တပ်က သူ့တို့ဟာသူတို့ လက်နက်ကြီးပစ်စမ်းတယ်၊ မနက်မိုးလင်းတော့ တံတားကျိုးကို လာပစ်တယ် ပြည်သူကြားမှာ သတင်းထွက်နေတယ်။ ဒါမျိုးတွေ ဖြစ်နေတာ။ ပြည်သူလူထုကြားထဲမှာ ကျနော်တို့ အဖွဲ့ကို သိက္ခာကျအောင် လုပ်နေတာဖြစ်တယ်။ မြဝတီမြို့ဝန်းကျင်မှာ ကရင်လက်နက်ကိုင်အဖွဲ့က ကျနော်တို့ တဖွဲ့တည်းရှိတာ မဟုတ်ဘူး၊ KNU ၊ KNU\KNLA (PC) ၊ KPGF ၊ KNDF ဆိုတာတွေလဲ ရှိတယ်။ မြိုင်ကြီးငူဂွင် မီဇိုင်းနဲ့ ကျိုက်မရောဘက်တွေမှာ ဖြစ်နေတာတွေကတော့ ကျနော်တို့ ဒီကေဘီအေ အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာ သေချာတယ်။ ကျန်တဲ့ ပစ်ခတ်မှုတွေကတော့ ကျနော်တို့ အဖွဲ့မဟုတ်ဘူး” လို့ ပြောပြတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က ကော့ကရိတ်မြို့အနီး ဟောင်သရောမြစ်ကို ဖြတ်ပြီး မြောက်ကြာအင်းမှ တောင်ကြာအင်းကို ကူးလားတဲ့ အစိုးရစစ်တပ်တတပ်ကို လှေဆိပ်မှာ တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တယ်၊ ဒီတရက်ထဲမှာတင်ပဲ ဘားအံမှ ကော့ကရိတ်သို့ ထွက်လာတဲ့ လိုင်းကားကို နေ့လည် ၁း၃၀ နာရီလောက်က သာမညအလွန်နေရာမှာလည်း အမည်မသိအဖွဲ့တဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ကားပေါ်ပါလာတဲ့ ခရီးသည်တချို့ ဒဏ်ရာရခဲ့တယ်။

No comments: