Wednesday, October 1, 2014

အိန္ဒု စံပြကျေးရွာ လက်နက်ကြီးပစ်ခတ်မှု ဒီကေဘီအေ အဖွဲ့က စုံစမ်းဖော်ထုတ်နေ

1 Oct 2014 | Nined Blood | Yamounnar

ကရင်ပြည်နယ် အိန္ဒုစံပြကျေးရွာမှာ ညသန်းခေါင်အချိန် လက်နက်ကြီးနဲ့ပစ်ခတ်မှုတခု ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီမှာ ဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်မှုကို ဒီကေဘီအေ အဖွဲ့အနေနဲ့ ပစ်ခတ်သူအမှန်ပေါ်ပေါက်ရေး စုံစမ်းနေတယ်လို့ သိရတယ်။

လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ကို မြို့ခံတဦး ပြောတာက ...

“အမြောက်ပစ်သံဟာ အိန္ဒု ရဲစခန်းနဲ့ ရန်ကင်းဘုရားထောင့်ကနေ စကြားရတယ်။ ငြိမ်းချမ်းရေးဘောလုံးကွင်းထဲကို ပစ်ချဖို့လုပ်တာဖြစ်နိုင်တယ်။ အဲဒါ လွဲချော်ခဲ့ပြီး ကွင်းထောင့်က ဦးကျော်ဟိန်း အိမ်ခေါင်မိုးပေါ်က
ရေကန်နားကျသွားတယ်” ဖြစ်တယ်လို့ ပြောပြတယ်။ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အပျက်အစီး ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေက ဒီပေါက်ကွဲမှုဟာ ရွှေပြည်တောင်အခြေစိုက် ခလရ ၃၁၀ တပ်ဖွဲ့နဲ့ အိန္ဒုရဲစခန်းတို့ ပူးပေါင်းပြီး အကွက်ဆင် ဖန်တီးမှုတခုဖြစ်ကြောင်း သုံးသပ်နေကြတယ်။ ဒေသခံတွေ ထင်ယောင်ထင်မှားမဖြစ်အောင် ဒီကေဘီအေ တပ်ဖွဲ့မှလည်း လိုက်လံစုံစမ်းဖေါ်ထုတ်ချက်တွေအရ အိန္ဒုကျေးရွာ ဒေသခံတွေ သုံးသပ်ချက်နဲ့ တူညီနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၉ ရက်နေ့ ညကလည်း မြဝတီ သင်္ဃန်းညီနောင် တံတားကျိုးတပ်စခန်းမှာရှိတဲ့ အစိုးရစစ်တပ်က သူ့တို့ဟာသူတို့ လက်နက်ကြီးပစ်စမ်းတယ်၊ မနက်မိုးလင်းတော့ တံတားကျိုးစစ်တပ်ကို လာပစ်ခံရတယ်လို့ ပြည်သူကြားမှာ သတင်းတွေပျံ့နှံ့ခဲ့တယ်လို့ ဒီကေဘီအေ အဖွဲ့မှ ဗိုလ်ကြီး စိုးမြင့် က ပြောပြတယ်။

မြဝတီမြို့မှာ စက်တင်ဘာ ၁၉ ရက်နေ့ညက အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်အရေးယူမှုကြောင့် ဒီကေဘီအေ ရဲဘော်တဦး သေဆုံးပြီး တဦးဒဏ်ရာရတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြဝတီမြို့ကို ဒီကေဘီအေ ဗိုလ်ကျော်သက်အဖွဲ့မှ ဝင်ပစ်မယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြို့ခံပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်။

မြဝတီမြို့ခံတွေအနေနဲ့ ကောလဟာလတွေကြား ကျီးလန့်စာစာ ဖြစ်နေချိန်မှာပဲ၊ ပေါက်ကွဲသံကြီး ၂ ချက် ဆက်တိုက်ကြားလိုက်ရပြီး ဒီကေဘီအေ ဗိုလ်ကျော်သက် ဝင်ပစ်ပြီဆိုကာ မြိ့ခံပြည်သူတွေ ကြောက်လန့်ခဲ့ကြရတယ်။ အကြောင်းစုံကို စုံစမ်းကြည့်တော့ မြဝတီမြို့မှာ စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ တွေ့ရှိသိမ်းဆည်းထားခဲ့ ချိန်ကိုက်မိုင်း၂ လုံးကို အာဏာပိုင်းတွေက ဖေါက်ခွဲဖျက်ပစ်လိုက်တဲ့ အသံပါလို့ နောက်မှ သိလိုက်ရတယ်။

No comments: