Thursday, October 2, 2014

လူထုတိုက်ပွဲ မြေအောက်လက်စွဲ (မိုးသီးဇွန်)

နိဒါန်း

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန် လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ
ဆောင်နေခဲ့တယ်။ လှုပ်ရှားမှု အသေးလေးတွေက လှုပ်ရှားမှုကြီး တခုလုံးကို အဆုံးအဖြတ် ပေးနိုင်တယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဟာ အရေးကြီးလာပါတယ်။ ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲ နည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲ ကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေ အပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။

၁ – လုံခြုံရေး

၂ – ဆန္ဒပြခြင်း၊ချီတက်ခြင်း

၃ – စည်းကို ကျော်ပေးရခြင်း

၎ – ယန္တရားများကို ဖြိုချခြင်း

၅ – အုပ်ချုပ်ရေးများ အစားထိုးခြင်း

၁။ လုံခြုံရေး

ကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့ လုံခြုံရေး ဖြစ်တယ်။ လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။ ကိုယ်လွတ်နေသမျှ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။ အခုဖြစ်နေတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ အားနည်းချက် တချို့ကို ကျနော် လေ့လာ တွေ့ရှိရတယ်။ ဒါကတော့ တူညီဝတ်စုံ – ယူနီဖောင်း၊ အဖြူနဲ့ ကချင်ပုဆိုးတွေ ဝတ်ထားတာ၊ ပင်နီ တိုက်ပုံတွေ) ဝတ်ထားပြီး ဆန္ဒပြတာ အားနည်းချက် ရှိတယ်။ ဒီလို ဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူ ပေးထားသလို ဖြစ်နေတယ်။ လူထုထဲက ကြည့်နေတဲ့ သူတွေနဲ့ မိမိနဲ့ အဆင့်အတန်းတခု – Class တခုကို ခွဲခြားပေးထားသလို ဖြစ်နေတယ်။ လမ်းဘေးက ရပ်ကြည့်နေတဲ့သူ တဦးအနေနဲ့ ငါပါလို့ သူတို့က ကြိုက်ပါ့မလား။ (သူမှာက ယူနီဖောင်း မဝတ်ထားတဲ့ အတွက်) ငါ့ကို အစိုးရ လူတွေက စောင့်ကြည့်နေမလား ဆိုတဲ့ စိုးရိမ် သံသယတွေ ဖြစ်ပေါ် နေတတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်း မဝတ်ဘဲ သူလို ကိုယ်လိုပဲ ဝတ်ထားရင် အရေးအကြောင်းမှာ လူထုထဲကို ဝင်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း ကိုယ့်လှုပ်ရှားမှုမှာ ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။

အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းက ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင် သပိတ်မှောက်မှုက စတင်လာခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အရေးအခင်းဟာ အနှိမ်နင်းခံရတယ်။

ဘာကြောင့်လဲ။ မဆလ အုပ်ချုပ်ရေး ယန္တရားဟာ ခိုင်မာနေသေးတယ်။ အလုပ်သမား လှုပ်ရှားမှုက လူထုနဲ့ မပူးပေါင်းနိုင်ခဲ့ဘူး။ ဒီနေရာမှာ လူထုနဲ့ မပူးပေါင်းနိုင်တာက ၁၉၇၄ ခုနှစ်က အလုပ်သမား သပိတ်တွေဟာ စက်ရုံတွေ၊ အလုပ်ရုံတွေထဲမှာပဲ ဖြစ်ခဲ့တယ်။ သပိတ်ကို ဦးဆောင်တဲ့ သူတွေက အလုပ်သမားတွေနဲ့ လူထုနဲ့ ပူးပေါင်းစေနိုင်တဲ့ နည်းနာကို မကျင့်သုံးနိုင်ခဲ့လို့ပဲ ဖြစ်တယ်။

၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှုဟာလည်း အလားတူပဲ ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုရဲ့ ထူးခြားမှုကတော့ လူထုနဲ့ ပူးပေါင်း နိုင်ခဲ့တယ်။ ဒီလို ပူးပေါင်းနိုင်ခဲ့တာ အမှတ်မထင် တိုက်ဆိုင်မှု တခုတော့ မဟုတ်ခဲ့ပါဘူး။ ဒီလို ပူးပေါင်းနိုင်ဖို့ အတွက် စနစ်ကျတဲ့ နည်းစနစ် တချို့ကို တီထွင်နိုင်ခဲ့လို့ ဖြစ်တယ်။

နောက် တိုက်ဆိုင်မှုတခုက အခု အခြေအနေက ၈၈ အစပိုင်းက အခြေအနေနဲ့ တူနေပါတယ်။ ဒီကာလတုန်းက ကျနော်တို့ဟာ လူထု မလိုက်ပါနိုင် ပါနိုင်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ဒီတော့ ကျနော်တို့ဟာ အချက် ၂ ချက်ကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်။

၁ – ကိုယ့်ရဲ့ အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက ထောက်လှမ်းရေး တင်ဦးနဲ့ ဖြုတ်ထုတ် ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့ အဖွဲ့ ဖြုတ်ထုတ် ခံနေရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော် တိုက်တွန်းလိုတယ်။)

၂ – လှုပ်ရှားမှုကို တပြည်လုံး ပြန့်နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့ လူထု တိုက်ပွဲဝင်ခဲ့တဲ့ နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကို ကျင့်သုံးခဲ့တယ်။ အခြေအနေ ပေးတဲ့ နေရာတွေမှာ အချိန် တော်တော်ကြာတဲ့ ချီတက် ဆန္ဒပြမှုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။

အဲဒီကာလ စကားတခွန်း ဖြစ်ခဲ့တယ်။ ဒါကတော့ ပြောက်ကျားသပိတ် ဆိုတဲ့စကားပါပဲ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ဟာ လူစည်ကားတဲ့ နေရာတွေကို ရုတ်တရက် ရောက်လာတယ်။ တရားဟောတယ်။ စာဝေတယ်။ ပိုစတာတွေ ကပ်တယ်။ လုံထိန်းတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာရင် လူထုထဲမှာ ကိုယ်ရောက်ဖျောက်ပြီး ထွက်ပြေးကြတယ်။ နောက်တနေ့ နောက်တနေရာမှာ ပြန်ပေါ်လာပြီး ဆက်လိုက် တိုက်ပွဲဝင်ရင်း လူထုကို အဆက်မပြတ် လှုံ့ဆော်ခဲ့တဲ့ နည်းစနစ်တွေကို သုံးခဲ့ခြင်း ဖြစ်ပါတယ်။

နအဖကလည်း ဒီခြေအနေဟာ ၈၈ ကာလတုန်းကလိုပဲ ပြင်ဆင်နေတာ၊ တုံ့ပြန်နေတာကို ကြည့်ခြင်းအားဖြင့် အလေးအနက် ပေးနေတာကို သိနိုင်တယ်။ ခုကာလဟာ ၈၈ တုန်းက ဒေါက်တာ မောင်မောင် ကာလ ၁၉၉ဝ ရွေးကောက်ပွဲ ကာလတုန်းကလို မရောက်သေးဘူး ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီကာလတွေတုန်းက ကျနော်တို့ တူညီ ယူနီဖောင်းတွေ ဝတ်ခဲ့တယ်။ ဒီလို တူညီ ယူနီဖောင်းဝတ် ဆန္ဒပြတာကို ကျနော်တို့ ဒီကာလ တွေမှာပဲ လုပ်ခဲ့တယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် အောင်မြင်ခဲ့တာတွေ ရှိသင့်သလောက်တော့ ရှိခဲ့ပါတယ်။ ဆန္ဒပြပွဲ အစပိုင်းမှာ လုံခြုံရေးဟာ အထူး အရေးကြီးလှပါတယ်။ ကိုယ့်ရဲဘော်တယောက် အဖမ်းခံရခြင်းဟာ လှုပ်ရှားမှုအတွက် အောင်ပွဲအတွက် တဆင့် အားနည်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်မှု ရှိစေချင်တယ်။ ၁၉၈၈ ခုနစ် မတ်လ ကနေ ၈၈ လှုပ်ရှားမှုကြီးအထိ ကျနော် အဖမ်းမခံရအာင် အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်။ ကိုယ်လွတ်မြောက်နေသမျှ အာဏာရှင် စနစ်ကို နှောင့်ယှက် ဖျက်ဆီးနိုင်ပါတယ်။ ဒီနေရာမှာ အဖမ်းခံရတဲ့ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ တချို့ ခေါင်းဆောင်တွေကတော့ တက်ကြွ လှုပ်ရှားသူများလို ရှောင်တိမ်း လှုပ်ရှားနေလို့ မရပါဘူး။ သူတို့ဟာ မြေပေါ်မှာ ပြောင်တိုက်ပွဲဝင်ရမယ့် အနေအထားမျိုးကို ရင်ဆိုင် တိုက်ပွဲဝင်နေရသူတွေ ဖြစ်ပါတယ်။ လုံခြုံရေးကို အထူး ဂရုပြု လှုပ်ရှားနေရတဲ့ တက်ကြွ လှုပ်ရှားသူများ အတွက်သာ ဒီအကြံပြုချက်က အကျုံးဝင်ပါတယ်။

လုံခြုံရေးနဲ့ လှုပ်ရှားမှု ဟန်ချက်ညီစေခြင်း

၈၈ တလျောက်လုံး ပေးခဲ့တဲ့ သင်္ခန်းစာအရတော့ လုံခြုံရေး ကင်းမဲ့မှု ဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဟာ လှုပ်ရှားမှု တခုလုပ်ဖို့ အကြိမ်ကြိမ် ဆွေးနွေးတာ၊ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကိုယ်က ဘာလဲဆိုတာကို ရန်သူက သိနေမှုဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တချို့ နေရာတွေ ရန်သူက တော်လို့ မဟုတ်ဘဲ ကိုယ်ဘက်က ပေါ့ဆမှုတွေကြောင့် ပေါက်ကြားမှုတွေ ဖြစ်တာ၊ အဖမ်းခံရတာတွေ ဖြစ်ကုန်ကြရတာပါပဲ။ လုံခြုံရေးအတွက် ကျနော်အကြံပြုစေချင်တာတွေကတော့

၁ – လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့ လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူ နားထောင်နေတယ် ဆိုတာကို သတိပြုပါ။ လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံး သတင်း ပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့ အသံလှိုင်းကို သယ်ယူသွားတာ ဖြစ်တဲ့အတွက် ရန်သူက နေရာအနှံ့ကနေ ကြားဖြတ် နားထောင် နေနိုင်လို့ပဲ ဖြစ်တယ်။ ကြားဖြတ် နားထောင်တဲ့ စခန်းကို အရင်က တိုးကြောင်လေး အနီးနားမှာ ရုံးဖွင့်ပြီး နားထောင်နေကြပါတယ်။

၂ – တနေရာတည်းမှာ အကြာကြီး မဆွေးနွေးကြဖို့ စကားမပြောကြဖို့ လိုတယ်။

၃ – တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့ လိုတယ်။

၎ – ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲ ရှိနေဖို့ လိုတယ်။

၅ – ထွက်ပေါက်ကို အမြဲတမ်း ကြိုတင် ကြည့်ထားဖို့ လိုတယ်။

၆ – ကားစီးတဲ့အခါ နောက်ဆုံး ထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှ မထားပါနဲ့။ ကိုယ်က အားလုံးကို ကြည့်နိုင်တဲ့ပုံစံ အမြဲ ရှိနေရပါမယ်။

၇ – ခရီးသွားတဲ့အခါ တနေရာရာကို ထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အမြဲတမ်းနေပါ။

၈ – မသင်္ကာစရာ လှုပ်ရှားမှု တွေ့တာနဲ့ ခြေရာဖျောက်ပါ။

၉ – စာရွက်စာတန်း၊ စာစောင်၊ သတင်းစာ အဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာ အားလုံး ကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။ ဝှက်စရာ နေရာတွေ အများကြီးရှိတယ်။ ရအောင် ဝှက်ပါ။

၁ဝ – ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။

အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း ဆန္ဒပြတော့မယ် ဆိုတာနဲ့ ကိုယ်အင်အားကို ၂ စုခွဲပါ။ တစုက ပြောင်ဆန္ဒပြမယ့် အဖွဲ့၊ တဖွဲ့က လူထုထဲမှာ ရောနှောပြီး ကိုယ်ရောင် ဖျောက်ထားရမယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒီစနစ်ကို ကျနော်တို့ ၈၈ ကတည်းက လုပ်ဆောင်ခဲ့တယ်။ ကျနော်တို့ လုပ်ဆောင်တုန်းက ကိုယ့်မှာ လူအင်အား ၁ဝ ယောက်ရှိရင် သုံးပုံတပုံက ပြောင်ဆန္ဒပြတဲ့ တာဝန်ကို ယူခဲ့တယ်။ ကျန်တဲ့ နှစ်ပုံ ၇ ယောက်ခန့်က လူထုထဲမှာ ရောပြီး ကိုယ်ရောင် ဖျောက်ထားတယ်။ ဒီအဖွဲ့ ၂ ဖွဲ့မှာ သီးခြား တာဝန်တွေကို လုပ်-ကတယ်။ ဆန္ဒပြတဲ့ အဖွဲ့က တရားဟောတယ်။ လှုံ့ဆော်တယ်။ ချီတက်တယ်။ သီချင်းဆိုတယ်။ အလံတွေကိုင်ပြီး ဝှေ့ယမ်းတယ်။ ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့ တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထား စောင့်ကြည့်တယ်။ အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက် ပစ်လိုက်တယ်။

၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသား လှုပ်ရှားမှုတုန်းက ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ ဖော်ထုတ် နိုင်ခဲ့တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသား အိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို အသက်ဆက်ပေးနေခဲ့တယ်။ တကယ်လို့ ထောက်လှမ်းရေးတွေ လုံထိန်းတွေက လာရောက် ရိုက်နှက်တဲ့အခါမှာ သူတို့က ပြန်လည် မခုခံရပါဘူး။ သူတို့က လူထုကို ကယ်ပါ ယူပါ အော်ဟစ် အကူအညီ တောင်းကြရမယ်။ ဒီအခါမှာ လူထုထဲမှာ မြှုပ်နှံထားတဲ့ ကိုယ့်လူတွေက စတင်ပြီး လူဆိုးလူမိုက်တွေ၊ ထောက်လှမ်းရေးတွေကို စတင် တိုက်ခိုက်လိုက်တဲ့ အခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လာတဲ့ ပုံစံကို ရောက်လာတယ်။ နောက်တော့ တကယ်ပဲ လူထုက ဝင်ရောက် ကူညီလာတော့တယ်။

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုကိုကြည့်ရင် နအဖက လူဆိုးလူမိုက်တွေကို လူထုထဲမှာ ရောနှော ထည့်ထားတယ်။ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကိုယ့်လူတွေက မသိနိုင်ဘူးလို့ လှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့ သူတဦးက ဆိုတယ်။ ဒီလို ဖြစ်ရတာကတော့ ကိုယ်ဘက်က – ကြိုတင်ပြီး လူထုတဲမှာ ရောနှော မမြှုပ်နှံထားနိုင်လို့ ဖြစ်တယ်။ သေသေချာချာမြှုပ်နှံပြီး လူအုပ်ထဲမှာ အကဲခတ်ကြည့်ရင် သာမဏေန သမဏေဏော၊ ဂေါဏေန ဂေါဏော ဆိုသလို သာမဏေက ဘယ်သူလဲ နွားက ဘယ်သူလဲ ဆိုတာကို ခွဲခြား သိနိုင်လိမ့်မယ်။ လူထုထဲမှာ ကိုယ်ရောင်ဖျောက် လှုပ်ရှားရတဲ့ သူတွေကို ကျနော်တို့ တာဝန်ပေးတဲ့ အခါမှာတော့ အားကောင်းမောင်းသန်တွေ၊ လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာ မလုပ်တတ်ပေမယ့် မတရားမှုတွေကို လက်ပိုက် မကြည့်လိုတဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဟာ ဒီလို လုပ်ငန်းမှာ အထူး သင့်တော်ကြတယ်။ သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ဝင်ကူမယ့် သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့ သုံးခဲ့တယ်။ သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီး တာဝန်တွေ ပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲ လုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီး လှုပ်ရှားတာဟာ အကောင်းဆုံး နည်းစနစ်တခု ဖြစ်တယ်လို့ အကြံပြုလိုတယ်။

၂။ ဆန္ဒပြချီတက်ခြင်း

က – ချီတက် ဆန္ဒပြရမယ်။

၁ – အရေးအကြီးဆုံးက လူအစည်းကားဆုံး နေရာဖြစ်ရမယ်။ အခြေခံ လူထုတွေ အများဆုံး ရှိတဲ့နေရာတွေ ဖြစ်ရပါမယ်။

၂ – ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက် တားမြစ်လျှင် ထိပ်တိုက် မရင်ဆိုင်ပါနဲ့ ထိုင်ပြီး ဆန္ဒပြပွဲ ဆက်လက် မဆင်နွှဲပါနဲ့ ချက်ချင်း လူစု ပြန်ခွဲလိုက်ပါ။ နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။ လူပြန်စု ပြန်ချီတက် ပြန်တိုက်ပွဲဝင်။

၃ – လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူထုတွေကို ပါအောင် စည်းရုံးပါ။ ဒီလို စည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က ခုလို ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။

က – လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူတွေထဲကို ကိုယ့်ရဲဘော် တချို့က ဝင်ရောက် ရောနှော နေရာယူ ထားဖို့ လိုပါတယ်။

ခ – လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)

ဂ – အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကို ဝေခိုင်းပါ။

ဃ – လူထုတွေထဲကို ခွပ်ဒေါင်း တံဆိပ်ပါတဲ့ နဖူးစည်းများ ရပ်ကြည့်နေတဲ့ လူတွေကို ဖြန့်ဝေပေးဖို့ လိုတယ်။

င – မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထု လက်ထဲ ထည့်ပေးပါ။ ကြွေးကြော်သံတွေကို ရေးခိုင်းပါ။

စ – တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ ကပ်ခိုင်းပါ။

ဆ – လူထုထဲမှာ ရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်း ပါဝင်လာအောင် အနီးကပ် လှုံ့ဆော်ပေးနေရမယ်။

ဇ – တကယ်လို့ ဆန္ဒပြနေတဲ့ ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက်လာပါက၊ ဝင်ရောက် ကာကွယ် ပေးနိုင်ရမယ်။ ဟေ့ … ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက် ကြည့်မနေဘူး။ သတ္တိရှိရင် ထိကြည့်ကွ စသဖြင့် ကိုယ်လူတွေက စတင် ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။

ဈ – တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက် ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ ပုံစံကို ထွက်လာပါတယ်။

ည – အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ ပုံစံကို ရောက်လာလေ့ ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။ တိုက်ခိုက် ကာကွယ်ပေးတဲ့ ပုံစံ ဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးက လူတွေတောင် ပါကုန်ပြီ၊ ငါလည်း ပါတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior ရှိတယ်။ တယောက်က လုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့ သဘောပဲ။ လုံခြုံမှု ရှိတယ်။ အောင်ပွဲခံမယ် ဆိုရင် လူတိုင်းက အားတက်သရော ပါချင်ကြတယ်။ ဒီတော့ ခေါင်ဆောင် လုပ်တဲ့သူက ဒီအခြေအနေကို မှန်မှန်ကန်ကန် အသုံးချတတ်ရမယ်။

ဋ – တကယ်လို့ ကိုယ့်မှာ အင်အား များလာတယ်ဆိုရင် ချီတက် ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့ နေရာမှာပဲ ဖြစ်ရမယ်။

ခ – ကြွေးကြော်သံများ

ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုအလိုက် တဆင့်ပြီးတဆင့် မြှင့်တင်ပေးသွားဖို့ လိုတယ်။ လောလောဆယ်မှာ ဓာတ်ဆီ ဈေးနှုန်းတွေ ကျဆင်းရေး စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီး နုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။ အဆင့်မြင့်လာရင် ဗိုလ်ချုပ် သန်းရွှေ နုတ်ထွက် ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက် တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာရင် စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ လူထုအစိုးရ တရပ် ဖွဲ့စည်းနိုင်ရေး အထိ ဆက်လက် တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံး ကြွေးကြော်သံကတော့ လူထုအစိုးရ ဖွဲ့စည်းရေး (ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)

ဂ – စည်းကို ကျော်ပေးခြင်း

အာဏာပိုင်တွေက ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။ လူမစုရဘူး စသဖြင့် မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ လို့ အမိန့် ရှိခဲ့ဖူးတယ်။ လူထုတိုက်ပွဲမှာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်လာတဲ့ အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့ ချိုးဖောက်ပစ်ဖို့ လိုတယ်။ သူတို့ ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကို ကျနော်က စည်းကို ကျော်ပေးရတယ်လို့ သုံးချင်ပါတယ်။ အခွင့်အရေးရတာနဲ့ စည်းကို ကျော်ပေးဖို့ ကြိုးစားရပါမယ်။

ဃ – အရေးအကြီးဆုံး အချက်များ

၁ – အလံ

၂ – စကားပြောစက်

၃ – ရန်သူ့လူများ ထိုးဖောက်လာခြင်း

၁ – အလံက ကိုယ်လက်ထဲ သို့မဟုတ်၊ ကိုယ့်ရဲဘော် လက်ထဲမှာပဲ ဖြစ်ရမယ်။ လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့က တယောက်က ဦးဆောင်နေရင် ဦးဆောင်နေသူ နောက်ကိုပဲ တစွတ်ထိုး လိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီအခါမှာ မသမာတဲ့ သူတွေက အလံကိုရအောင်ယူပြီး ချီတက်တဲ့ လမ်းကြောင်း ပြောင်းအောင် လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို ကိုယ့်လူ လက်ထဲမှာပဲ ရှိစေရမယ်။

၂ – အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက် ဖြစ်တယ်။ အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ် ကောင်းတဲ့ စကားတွေပြောပြီး လူထုကို လိုက်ပါအောင် လှုံ့ဆော်နေချိန်မှာ မသမာသူတွေက အသံချဲ့စက်ကို ရအောင်ယူပြီး ဆန္ဒပြပွဲကို ပျက်စီးစေတဲ့ စိတ်ဓာတ် ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရှုပ်ထွေးစေတဲ့ စကားတွေ၊ စည်းပျက်ကမ်းပျက် ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင် သိမ်းမရ ဖြစ်အောင် ပြောဆိုတာတွေကို လုပ်ဆောင်လေ့ ရှိတတ်ကြတယ်။

၃ – ရန်သူ့ လူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်တတ်လေ့ ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့ သူတွေကို စာရေးပြီး ခြိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊ ခေါင်းဆောင်တွေနား ချဉ်းကပ်ပြီး လက်နက်တွေ ရလာပြီ ယူမလားဆိုပြီး လာခေါ်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ အရေးကြီးတာ တိုင်ပင်ချင်လို့ဆိုပြီး လူပြတ်တဲ့ နေရာတွေကို ခေါ်ဆောင်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ စစ်သားတွေကို ရန်သူ့လူတွေက ကိုယ့်လူပုံစံ ဖမ်းထားတဲ့သူတွေက စစ်သားတွေကို စတင် တိုက်ခိုက်ပြတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ ချီတက်ရာ လမ်းကြောင်းကို ပြောင်းအောင် လုပ်ဆောင်လေ့ ရှိတယ်။ သတ်ကွင်းကို ချီတက်နေတဲ့ လူထုကို ခေါ်ဆောင်သွားတာ လုပ်တတ်တယ်။ ဒါကြောင့် ချီတက်ရာကို ခေါင်းဆောင်နေတဲ့ သူတွေဟာ ကိုယ်လူတွေပဲ ဖြစ်ရပါမယ်။ အရေးအကြီးဆုံးက လူပြတ်တဲ့ သတ်ကွင်း ဖြစ်စေတဲ့ နေရာတွေမှာ ဆန္ဒပြပွဲ မလုပ်မိဖို့ အရေးကြီးတယ်။ မသွားသင့်ဆုံးနေရာက ရွှေတိဂုံဘုရား ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပြတ်တဲ့နေရာ ဖြစ်နေလို့ ဖြစ်တယ်။

င – အလုပ်သမားတွေ သပိတ်ထဲ ပါလာအောင် ဘယ်လို လုပ်ခဲ့သလဲ

၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ဝန်ကြီးဌာနက ဝန်ထမ်းတွေကို သပိတ်ထဲ ပါလာအောင် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံး စက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့ သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁ဝဝ လောက်က အလုပ်သမားတွေကို သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမားခေါင်း ၁ ယောက်က အပြင် မထွက်ရဘူး ဆိုပြီး တံခါးတွေ ပိတ်လိုက်တဲ့အခါမှာ အလုပ်သမားတွေဟာ နာခံသွားကြတယ်။ ဘာဖြစ်လို့လဲ

၁ – ကျောင်းသားတွေ ဦးဆောင် လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား

၂ – ငါအလုပ် ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ

၃ – လူသားမှာ ဗီဇ အရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှု သဘောတရား တွေကြောင့်ဖြစ်နိုင်တယ်။

ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ လိုချင်တာက အလုပ်သမားတွေ အလုပ်သပိတ်ထဲ ပါဝင်ဖို့ အလုပ်မဆင်းဘဲ ကန့်ကွက် ဆန္ဒပြဖို့ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့သလဲ။ ဘောက်ထော် ဘူတာနားက မီးရထား သံလမ်းတွေကို ဆွဲဖြုတ် ပစ်လိုက်ကြတယ်။ မော်တော်ကားလမ်းတွေကို ပိတ်ဆို့ပေး လိုက်တယ်။ ဒီတော့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တော့ဘူး။ သပိတ်ထဲ ပါဝင်သလို ဖြစ်လာတယ်။ လမ်းတွေ ပိတ်ကုန်တော့ အလုပ်သမားတွေ လမ်းလျှောက်လာရတယ်။ ဒီတော့ လမ်းပေါ်မှာရှိတဲ့ လူထုတွေ သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပေါင်းမိလာတယ်။ (မီးရထား သံလမ်းတွေကို ဖြုတ်ပြီးတဲ့ အခါမှာတော့ ရန်ကုန် ဘူတာကြီးကို ဖုန်းဆက်ပြီး သံလမ်း ပျက်နေတယ်လို့တော့ ကျနော်တို့ အကြောင်းပေးခဲ့ပါတယ်။ မီးရထားနဲ့ ခရီးသွားသူတွေကို အန္တရာယ် မဖြစ်အောင်လို့ပါ။)

၎။ ယန္တရားများကို ဖြိုချပေးခြင်း

အစိုးရ ယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးခန်းတွေကို ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်ပေးရတာ ဖြစ်တယ်။ ၈၈ တုန်းက စိန်လွင် တက်လာတဲ့ နောက်ပိုင်းမှာ ချီတက် ဆန္ဒပြတာတွေကို လုပ်ဆောင်ဖို့ အတော် ခက်ခဲလာခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက် ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့ နေရာမှာ အသုံးပြုရတဲ့ နည်းစနစ်ကတော့ ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။ ၈၈ တုန်းက ကျနော်တို့က မဆလ ပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာငှားပြီး လိုက်လံ အော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ ကြေညာချက် အသံက မဆလ ဒေါက်တိုင်တွေကို ခြောက်ခြား စေခဲ့ပါတယ်။ ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ ကြေညာချက်ကတော့ တိုတိုနဲ့ လိုရင်း ရေးခဲ့ပါတယ်။

ဥပမာပြောရရင် -

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ရာဇသံ

မဆလ ပါတီဝင် အပေါင်းတို့ … သင်တို့ မဆလ ပါတီဝင် အဖြစ်မှ နုတ်ထွက်ရန် ငါတို့ ပြည်သူ တရပ်လုံးက တောင်းဆိုသည်။ သင့်တို့ မတရားမှု လုပ်ဆောင်ချက်များကို ငါတို့ သည်းခံတော့မည်မဟုတ်။ မနက် နောက်ဆုံးထားပြီး သင့်တို့ မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသား ပြည်သူများထံ လာရောက် အပ်နှံရမယ်။ မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်။

ပုံ

ဗကသများအဖွဲ့ချုပ်

ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး ရပ်ကွက်တွေထဲမှာ လိုက်လံ အော်ခဲ့ကြတယ်။ ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံး အပိုင်းမှာ ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်း လိုင်းတွေကို ဖြတ်တောက် ပြစ်လိုက်ခြင်း၊ လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့ အမိန့်ပေးစနစ် Commend and Control ကို ရပ်တန့် သွားအောင်လို့ ဖြစ်တယ်။ ၈၈ တုန်း ဒီလို ယန္တရားကို ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့ အတွက် မဆလ ပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ နုတ်ထွက်လွှာတွေ လာရောက် တင်ခဲ့ကြတယ်။ မဆလပါတီ ထိပ်သီး ခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ကြဘူး။ အမိန့်ပေး စနစ် တခုလုံး ဖြိုချတာ ခံခဲ့ရလို့ ဖြစ်တယ်။

၅။ လူထု အုပ်ချုပ်ရေး အသစ်ကို အစားထိုးခြင်း

တော်လှန်ရေးတခု အောင်ပွဲခံတယ် မခံဘူးဆိုတာဟာ အုပ်ချုပ်ရေး အသစ်တခုကို တည်ဆောက်နိုင်သလား မတည်ဆောက်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဗြိတိသျှ ထောက်လှမ်းရေး အကြီးအကဲဟောင်း တခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့် အောင်ပွဲ မခံရသလဲ ဆိုတာနဲ့ ပတ်သက်လို့ သုတေသန ပြုခဲ့တယ်။ သူရဲ့ တွေ့ရှိချက်အရ တချို့ သူပုန် အဖွဲ့တွေဟာ အစိုးရ အဖွဲ့တခုကို ဖြုတ်ချပစ်ဖို့ ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ် တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်း နိုင်ခဲ့ကြတယ်။

၈၈ ရဲ့ မဟာသွေး သင်ခန်းစာအရ ကျနော်တို့ဟာ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးအပိုင်းမှာ အစိုးရ တရပ်ကို ကျနော်တို့ မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ဦးနုက အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့၊ တတ်သိ ပညာရှင်များက မထောက်ခံခဲ့ကြပါဘူး။ ဒါကြောင့် ဦးနုရဲ့ စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး စီမံကိန်းက ပျက်စီးသွားခဲ့ပါတယ်။

ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါ။ ဒီကာလက ကျနော်တို့ အစိုးရ ဖွဲ့စည်းနိုင်ခဲ့ရင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့က ထောက်ခံဖို့ ကတိပြုခဲ့သော်လည်း၊ အမေရိကန် ရေတပ်သင်္ဘောက မြန်မာ့ ရေပိုင်နက်အထိ ရောက်ရှိနေခဲ့ပါသော်လည်း ကျနော်တို့ အောင်ပွဲ လက်တကမ်း အလိုကျမှ အရှုံးကို ရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့ အစိုးရကို မဖွဲ့စည်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဒီနေ့ လူထုတိုက်ပွဲ အမြင့်ဆုံးပိုင်းကို ရောက်လာတဲ့နဲ့ တပြိုင်နက် ကျနော်တို့ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ကြားဖြတ် အစိုးရ တရပ်ကို ဖွဲ့စည်းဖို့ လိုပါတယ်။ ဒါကို အားလုံးက ဝိုင်းထောက်ခံဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ်ရွာတွေမှာ နအဖ အုပ်ချုပ်ရေးတွေကို နည်းမျိုးစုံ သုံးပြီး ဖြိုချဖို့ လိုလာတယ်။ နအဖ အုပ်ချုပ်ရေး နေရာတွေမှာ ဒီမိုကရေစီ လူထု အုပ်ချုပ်ရေးတွေနဲ့ အစားထိုးရမယ်။ ကျေးရွာ ရပ်ကွက်အလိုက် ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများ ဦးဆောင်တဲ့ ကော်မတီတွေကို ဖွဲ့စည်းရမယ်။ ရပ်ရွာ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ်။ လမ်းပန်း ဆက်သွယ်ရေးကို တာဝန် ယူပေးရမယ်။ တရား ဥပဒေ စိုးမိုးမှုကို အာမခံပေးရမယ်။ လူထုထဲအတွက် စားရေ ရိက္ခာများ ဖြန့်ဖြုး ပေးရမယ်။ ဒါကို ကျေးရွာ ရပ်ကွက် မြို့နယ် ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်ပေးရမယ်။ ရဲစခန်းတွေကို ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အောက်မှာ တည်ရှိစေရမယ်။

လူထုတိုက်ပွဲနဲ့ အောင်ပွဲကို အရယူကြ

မိုးသီးဇွန်

သြဂုတ်လ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။

No comments: