Monday, May 6, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား အပိုင်း(၈)



“ကျနော်ဟာ ခင်ဗျားတို့လို တက္ကသိုလ်ပညာလည်းမသင်ဖူးဘူး၊ ဆင်းရဲတယ်။ လေးတန်းအထိပဲ ကျောင်းတက်ဖူးတယ်၊ သူများအိမ်က ကျွဲ နွား၊ ဆိတ်တွေကျောင်းပြီး အိမ်အတွက်ဝင်ငွေရှာခဲ့ရတယ်။ ငယ်ငယ်ကထဲက သူများလို၊ အဝတ်အ စားကောင်းကောင်းမဝတ်ခဲ့ရဘူး၊ ဟင်းကောင်းကောင်းမစားရဘူး၊ အမိုးလုံတဲ့အိမ်နဲ့
မနေဖူးဘူး”

ကျနော်တို့အားလုံး ခွတ်ဒေါင်းအလံကြီးနောက်ခံထားပြီး၊ ခံစားချက်အပြည့်နဲ့ ပြောနေတဲ့ ဗလတောင့်တောင့်၊ တုတ်တုတ် ခိုင်ခိုင်၊ အရပ်ပြတ်ပြတ်နဲ့ ဇော်မြင့်ရဲ့မျက်နှာကိုငေးကြည့်နေတယ်။

ခမ်းမအလည် မျက်နှာကျက်ကနေ၊ ချိတ်နဲ့ဆွဲထားတဲ့ လသာမှန်အိမ်ကြီးရဲ့အလင်းရောင်အောက်မှာ၊ ဇော်မြင့်မျက်ရည် ဝေနေတာကို မြင်ရတယ်။

“ကျနော် တမူးနယ်စပ်မှာ၊ ကုန်ထမ်းပြီးထမင်းရှာစားနေတာ၊ တက္ကသိုလ်ကျောင်းသားတွေဆန္ဒပြလို့ စစ်တပ်က သေနတ်နဲ့ ပစ်သတ်တယ်ကြားတော့ ကျနော် အံ့သြတယ်၊ ဒီနယ်စပ်မှာစစ်သားတွေနဲ့ ဓားပြတွေ၊ ကသဲသူပုန်တွေပဲ တိုက်ပွဲဖြစ် တာကြားဖူးတာ၊ တက္ကသိုလ်မှာ တိုက်ပွဲဖြစ်တာအံ့သြတယ်” အားလုံးပြုံးစိစိ ဖြစ်သွားတယ်။

“ကျောင်းသားတွေ စစ်သင်တန်းတက်မယ်ကြားလို့ မိုးရေးဘက်ကိုလာကြည့်တော့၊ အသက်ငယ်ငယ်လေးတွေ ဖြစ်နေ တယ်။ သူတို့ကိုကြည့်ပြီး ကျနော်သနားတယ်။ ကျနော်လည်း တခုခုလုပ်ချင်နေတယ်” ဗလုံးဗထွေးလေသံနဲ့ ဇော်မြင့်ရဲ့ စိတ်အားထက်ထက်သန်သန် ပြောနေတာကို အားလုံးက သဘောကျနေတယ်။

“ကျနော့်အထမ်းသမားဘဝကိုကျနော် မကြေနပ်ဘူး။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ၊ ထမင်းပဲချက်ရချက်ရ၊ ရေပဲခတ်ရ ခတ်ရ၊ ထင်းပဲခွဲရခွဲရဆိုပြီး လိုက်ခဲ့တာပါ။ ကျနော့်ကို ခိုင်းချင်တာခိုင်းပါ။ တော်လှန်ရေးအတွက် ဘာလုပ်ရလုပ်ရ နောက် ကနေလိုက်လုပ်ပါ့မယ်၊ ကျနော် အထမ်းသမားပါ။ ကျန်းမာရေးကောင်းပါတယ်”

ပြောပြီးပြီးချင်း ဦးညွှတ်အလေးပြုလိုက်တဲ့ ဇော်မြင့်ရဲ့ ဟောပြောမှုအဆုံးမှာ တခြားနေ့တွေထက် လက်ခုတ်သံက သိသိ သာသာကြီး ကျယ်လောင်နေတာကို သတိထားမိတယ်။ ဒါက ညဦးပိုင်းမအိပ်ခင် ရဲဘော်အားလုံး၊ အလှည့်ကျ မိမိအ တွေ့အကြုံနဲ့ အတွေးအမြင်တွေ ပြောရတဲ့အချိန်၊ မပြောမနေ ရမို့ မရဲတရဲ ထွက်ပြောလိုက်ရတဲ့ ဇော်မြင့်ရဲ့အရိုးသားဆုံး ရင်ဖွင့်သံပါ။

ကျနော်တို့ ဒုက္ခသည်စခန်းမှာ လူအတန်းအစားအစုံပါသလို စရိုက်အမျိုးမျိုး၊ အလုပ်အမျိုးမျိုးနဲ့ပါ။ ကျောင်းဆရာ၊ ဆရာ ဝန်၊ စာရေးဆရာ၊ ကဗျာဆရာ၊ အင်ဂျင်နီယာ၊ ရုံးဝန်ထမ်း၊ လက်နှိပ်စက်သမား၊ စစ်ထွက်၊ ဈေးသည်၊ ပန်းချီဆရာ၊ ပန်းရံ ဆရာ အစုံအစုံ။ အစောပိုင်းကာလ၊ တက်တက်ကြွကြွနဲ့ဆိုတော့၊ ကျနော်တို့ နေ့စဉ်အလုပ်တွေကလည်း အချိန်ပြည့်။
မနက်အိပ်ရာထ မျက်နှာသစ်ပြီးရင်၊ တန်းစီပြီး ခွတ်ဒေါင်းအလံနဲ့ နိုင်ငံတော်ကိုအလေးပြုတယ်။ ကျောင်းသားသမဂ္ဂ သီချင်း၊ ကျောင်းသားတပ်ဦးသီချင်းတွေဆိုတယ်။ နောက် ဦးစီးအဖွဲ့က ဆရာထူးဖြစ်စေ၊ ဒေါက်တာအောင်ကျော်ဦး ဖြစ်စေ လိုအပ်ရင်လိုအပ်သလို စကားပြောတယ်။ တပ်စုခေါင်းဆောင်တွေကလည်း စည်းကမ်းတချို့ပြောတတ်တယ်။ အဲဒီနောက်မှာ ကသဲအရာရှိနဲ့ စစ်သားတချို့ လူလာစစ်တယ်၊ သတင်းဖြစ်ဖြစ်၊ ထူးခြားမှုဖြစ်ဖြစ် စည်းကမ်းချက် တခုခု ဖြစ်ဖြစ်၊ ပြောစရာရှိရင်ပြောတယ်။ ပြီးတော့မှ “ကျငမ်း” လေးသောက်ပြီးရင်၊ သင်တန်းဆရာ ညီညီလွင်ရဲ့ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တယ်။ ဘယ်ညာ၊ ဘယ်ညာလျှောက်၊ တောင်ကုန်းအထက်နဲ့အောက်ပြေး၊ ကိုယ်ကာယလေ့ကျင့်ပေါ့။

ပြီးရင် သာလွန်ဂျု(စ်) သောက်။

ပြီးရင် ဘုန်းကြီးဦးအာလောကရဲ့၊ ကိုယ်ခံပညာ မြန်မာ့သိုင်းသင်တန်းမှာ ဝါးရင်းတုတ်အတို၊ အရှည်တွေနဲ့ ယီး ယား၊ ဖြောင်း..ဖြောင်း၊ အသံတွေလာမယ်။ ဦးအာလော သင်တန်းပြီးရင် ဆရာထူးက၊ နိုင်ငံရေးသင်တန်းနဲ့ သမိုင်းကိုပို့ချ တယ်။ ပြီးရင် စခန်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်။ နေ့လည်စာထမင်းစား။ ခနတဖြုတ်နားပြီး၊ နေ့လည်တနာရီကျတော့ ဒေါက်တာအောင်ကျော်ဦးရဲ့ ရှေးဦးသူနာပြုသင်တန်း၊ ကိုဘရန်ရဲ့ အင်္ဂလိပ်စာသင်တန်းတွေက ရှိပြန်သေးတယ်။ ပန်းချီဆရာစစ်ငြိမ်းအေးရဲ့ပန်းချီသင်တန်းကလည်း လူအင်မတန်စီပါ့။

ကျနော်လည်းအစပိုင်းတော့ သွားတက်လိုက်သေးတယ်။ တရက်လာလည်း မျဉ်းကြောင်းပဲဆွဲခိုင်း၊ နောက်တရက်လည်း မျဉ်းကြောင်းပဲဆွဲ၊ နောက်တပတ်လည်း မျဉ်းကြောင်းဆွဲနည်းကမတက်တော့၊ စိတ်လေပြီး ပန်းချီသင်တန်း မတက်တော့ ဘူး။ ဇွဲကောင်းတဲ့ သင်တန်းသား၊ လေးယောက်၊ ငါးယောက်လောက်တော့၊ မျဉ်းတွေဆွဲပြီး ကျန်ခဲ့တယ်။ အဲဒီထဲမှာ ပန်းချီထိန်လင်း ပါတာပေါ့။ အဲဒီဇွဲကပဲ သူ့ကို ပန်းချီဆရာဘဝကို ပြောင်းပေးလိုက်တာ။

နောက်ထပ် ဇွဲကောင်းတဲ့ ဇော်ကြီးဆိုတာရှိသေးတယ်။ နောက်ပိုင်း၊ နယူးဒေလီကဆန္ဒပြပွဲတွေ၊ အခမ်းအနားတွေဆို သူ့ လက်ရာတွေပေါ့။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်သန်းရွှေ၊ ထောက်လှမ်းရေး ခင်ညွန့်ုပုံတွေ အလွတ်ရတယ်။ ဇော်ကြီး အရင်ဆုံး အလွတ်ဆွဲတတ်တဲ့ပုံက “ကယ်တင်ရှင် ခရစ်တော်ယေရှု” ပုံ ဖြစ်တယ်။ လက်ဝါးကားတိုင်နဲ့ပုံ၊ ရှေ့တည့်တည့် မျက်နှာ၊ ဘေးတိုက်မျက်နှာနဲ့ ယေရှုပုံအမျိုးမျိုးဆွဲပြီး၊ မဏိပူရပြည်သား ခရစ်ယာန်ဘာသာဝင်အသိတွေကို လက်ဆောင် ပေးတယ်။ ဟိုကလည်း သူ့ကို လဘက်ရည်ဘိုးလေးဘာလေး ပေးတယ်။

တခါကျတော ခတ်နောက်နောက် နာဂစစ်သားတယောက်က၊ ဇော်ကြီးဆွဲတဲ့ ယေရှုပုံအောက်မှာ “ယေရှုခရစ်တော်၏ပုံ” လို့စာရေးခိုင်းတယ်။ ပန်းချီဇော်ကြီးကလည်း အူကြောင်ကြောင်နဲ့ ရေးပေးလိုက်တယ်။ ပြီးတော့မှ နာဂစစ်သားက ဇော်ကြီးကို “အင်းအခုမ ယေရှုပုံမှန်း၊ လူတွေသိကြမှာ” လို့ ပြောလိုက်တယ်။ ဇော်ကြီးပုံတူဆွဲရင်အဲလို။ ပုံအောက်က နေဘယ်သူဘယ်ဝါဆိုတာ နာမည်ရေးပေးရတယ်။

ကျနော်တို့ ပြောက်ကျားရဲဘော်တွေရဲ့ သင်တန်းတွေက အဲဒါတင်ဘယ်ကမလဲ နောက်ပိုင်း လူပညာရှိ၊ ရဟန်းပညာရှိ တွေရောက်လာတော့ သင်တန်းချိန်တွေ တိုးလာတော့တာပဲ။ ဘုန်းကြီး ဦးရေဝတရဲ့လက္ခဏာ၊ ဗေဒင်သင်တန်း၊ ရဲမြင့်စိုးရဲ့ မြန်မာ့လက်ဝှေ့၊ ကရာတေးသင်တန်း၊ အောင်သန့်မင်းရဲ့ တိုက်ကွမ်ဒိုသင်တန်း၊ ဇော်ဝင်းဆက်ရဲ့ မျက်လှည့် သင်တန်းတွေပါ တိုးလာတယ်။

လက္ခဏာဆိုလို့ ပြောရအုံးမယ်။ ဦးဇင်း ဦးရေဝရဆီ၊ နေ့လည်နေခင်းအားတာနဲ့ လူတိုင်းလူတိုင်း မယောင်မလည်နဲ့ လက္ခဏာသွားမေးလေ့ရှိတယ်။ အဲဒီထဲမှာ ဗေဒင်လက္ခဏာ မယုံဘူးဆိုတဲ့ လူတွေတောင်ပါလိုက်သေး။ စခန်းက လူ တော်တော်များများရဲ့ လက္ခ္ခဏာတွေ ဦးဇင်းကြည့်ဖူးတယ်။ တခါတော့ ဦးဇင်းက စိတ်ပျက်လက်ပျက်နဲ့ ကျနော့ကို ပြောတယ်။

“ကျုပ်တို့အဖွဲ့တော့ လက်နက်ကိုင်ရမယ်မထင်ဘူးဗျ” “ဘာဖြစ်လို့လဲ ဦးဇင်း” ဦးဇင်းက စိတ်ပျက်လက်ပျက်လေသံနဲ့ ဆက်ပြောတယ်။ “ကျုပ်ကြည့်ခဲ့တဲ့ လက္ခဏာတွေထဲမှာ၊ အားလုံးက ဥပစ္စေယကံနဲ့လွတ်နေတယ်” ဥပစ္စေယကံဆိုတာ သူတပါးလုပ်ကြံမှုနဲ့ အနိစ္စရောက်နိုင်တဲ့ ကံကိုဆိုလိုတာပါ။ ဒီတော့ ဒီအရပ်မှာ လက်နက်ကိုင်တော်လှန်ရေး မဖြစ်တော့ ဘူး ဆိုတဲ့သဘော၊ အားလုံးကမျော်လင့်ထားသလို၊ ရန်သူနဲ့ရင်ဆိုင် တိုက်ပွဲဝင်ရမယ့် အခြေအနေမျိုးမရှိဘူးလို့ ဆိုလို တာပါပဲ။

ကျနော်တို့နေတဲ့ စခန်းရဲ့ (ဆေးရုံအဆောက်အဦ) အောက်မှာ ဘော်လုံးကွင်းအကျယ်ကြီး ရှိတယ်။ ဘော်လုံးကွင်းက၊ တောင်ကုန်းကျယ်ကြီးတခုကို မြေညီညှိထားပုံရတယ်။ ဘော်လုံးကွင်းအောက်မှာ မဏိပူရအမှတ် (၈) ရိုင်ဖယ်တပ်စခန်း၊ ကင်န်တင်း၊ လူပျိုရိပ်သာ။ တပ်စခန်းရဲ့ညာဘက်ခြမ်းမှာ အလုပ်သမားအိမ်ထောင်သည်တန်းလျား၊ ဘယ်ဘက်ခြမ်း တောင်ကုန်းမြင့်လေးမှာလည်း သွပ်မိုးပျဉ်ကာနဲ့ စစ်သားတန်းလျားတွေရှိတယ်။ ချန်ဒယ်သွားတဲ့ ကားလမ်းဘေးကနေ၊
အမှတ်(၈) ရိုင်ဖယ်တပ်ရင်း၊ တောင်ကြောလမ်းလေးအတိုင်းတက်သွားရင်၊ တောင်ကုန်းထိတ်မှာ ကျနော်တို့စခန်း၊ စခန်း အနောက်ဖက်မှာ ခြေသလုံးလောက်၊ ပေါင်ရင်းလောက်တုတ်တဲ့ စကပ်ပင်တွေ တောထနေတာကို နေ့စဉ် ခုတ်ထွင်မြေ ညှိလိုက်တော့ ကျနော်တို့အတွက် သံဆူးကြိုးခတ်ထားတဲ့ ဝန်းအပြင်မှာ၊ ကစားကွင်းတခု ဖြစ်လာတယ်။ အဲဒီကစား ကွင်းအရှေ့ဘက်မှာအရာရှိရိပ်သာ တိုက်ပုလေးတွေ ၃ လုံးလောက် ရှိတယ်။ ကျနော်တို့ စခန်းညာဘက်တောင်ကုန်း ဆင်ခြေလျော အဆင်းမှာတော့ တပ်ရင်းမှုးရဲ့အိမ်။ ဝဝတောင့်တောင့် မီဇိုချင်းလူမျိုး။ ပါးရွဲ့ရွဲ့နဲ့။ ကျနော်တို့ထဲက လုရှိုင်း လူမျိုး မစန်းပွီးနဲ့ စကားတူ၊ လူမျိုးတူတယ်။ မကြာခန မစန်းပွီးက အရာရှိမှာတာတွေကို ဘာသာပြန်ပေးတတ်တယ်။

တနေ့တပ်ရင်းမှုးနဲ့အတူ အိန္ဒိယထောက်လှမ်းရေး (သုသေသနနဲ့ မှတ်တမ်းဌာန) က လူတချို့ရောက်လာတယ်။ သူတို့နဲ့ ဦးစီးအဖွဲ့ (ဆရာထူး၊ ကောလ်ထန်မောရိယယ်လ်၊ ဒေါက်တာအောင်ကျော်ဦး၊ ကိုစစ်ငြိမ်းအေးတို့အပြင်၊ ကိုဘရမ်၊
ကိုကျော်ကျော်ထွဋ် တို့ ရုံးခန်းထဲ သီးခြားဆွေးနွေးတယ်။ မကြာခင် ကိုဘရမ်နဲ့၊ ကိုကျော်ကျော်ထွဋ် တို့ ထောက်လှမ်း ရေးအဖွဲ့နဲ့ ပါသွားတယ်။ ကျနော်တို့အားလုံးကတော့ သူတို့နှစ်ယောက်က သူများထက်စာရင် အင်္ဂလိပ်လို ပိုပြီးရေးတတ် ပြောတတ်လို့ အဖွဲ့ကိုယ်စားတခုခု သွားဆွေးနွေးတယ် ထင်တာပေါ့။ ဦးစီးအဖွဲ့ကလည်း ရေရေရာရာ မပြောပြဘူး။
ထောက်လှမ်းရေးနဲ့ ပူးတွဲလုပ်စရာရှိလို့ ခေါ်သွားတယ်ပဲ ပြောတယ်။ သူတို့သွားတာ သီတင်းပတ်တော်တော်ကြတယ်။ နောက်မှပြန်သိရတာက သူတို့က (Liemakhun) လိုင်မခွန်းလို့ခေါ်တဲ့ အိန္ဒိယစစ်တပ် အရှေ့မြောက်ပြည်နယ်နဲ့ မြန်မာ ပြည်ဆိုင်ရာ၊ နယ်စပ်ရေးရာစစ်တပ်သုသေသန မှတ်တမ်းအဖွဲ့၊ အခြေစိုက်တဲ့ဌာန (RAW) ကို ခေါ်သွားပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့၊ စာရွက်စာတမ်းတွေ၊ လမ်းတံတားမြေပုံတွေကို၊ ဘာသာပြန်ခိုင်းတာ ဖြစ်တယ်။

အဲဒီထဲမှာ မြန်မာစစ်အစိုးရထုတ်သတင်းစာ၊ ထုတ်ပြန်ကြေငြာချက်တွေနဲ့ အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက် တွေ၊ စာရွက်စာတမ်းတွေလည်းပါတယ်။ တကယ်တမ်းဆို၊ အဲဒီလိုဌာနတွေမှာ မြန်မာစာ၊ မြန်မာစကားကျွမ်းကျင်သူတွေ ခန့်ထားပြီးသား။ ကျနော်တို့စခန်းကလူတွေကိုခေါ်ပြီး သက်သက်အမြတ်ထုတ်တယ်ဆိုတာ ကျနော်တို့ နောက်ပိုင်းမှ သဘောပေါက်သွားတယ်။ ကျနော်တို့ကလည်း စစ်ထောက်လှမ်းရေးဆိုရင်၊ အကောင်အကြီးကြီး ထင်နေတာ။ ဗမာပြည် မှာက စစ်ထောက်လှမ်းရေးဆိုရင်၊ အဲဒီကာလတွေက စစ်တပ်အရာကြီးတွေထက် တန်ခိုးထွားတာကိုး။ ချယ်လှယ်နိုင် တာကိုး။ ဒီမိုကရေစီနိုင်ငံတွေမှာက သူ့ကဏ္ဍနဲ့သူ တသီးတခြားပဲ။ သာမန်ပြည်သူတယောက်ကတောင် ဗိုလ်မှူးပဲ ဖြစ် ဖြစ်၊ ဗိုလ်ချုပ်ပဲဖြစ်ဖြစ် ကြောက်စရာမလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာ။ ကြုံတုံးပြောအုံးမယ်။

တခါတုန်းက နယူး ဒေလီသွားတဲ့ရထားပေါ်မှာ အိန္ဒိယစစ်တပ်ဗိုလ်မှူးတယောက်၊ ယူနီဖောင်းအပြည့်နဲ့ပါလာတယ်။ အဲဒီ အချိန်၊ အအေး ရောင်းတဲ့ အသက် ၁ဝ နှစ်အရွယ်၊ ကုလားလေးတယောက်က “ကိုကာကိုလာရမယ်၊ ပက်ပ်စီရမယ်” ဆိုပြီး သူ့အအေး ပုလင်းတွေကို သံနဲ့လုပ်ထားတဲ့ အဖုံးဖွင့်တဲ့အရာနဲ့ တချွင်ချွင်ခေါက်ပြီးရောင်းတယ်။ ကုလားလေး အ သံက စူးစူး၊ ပုလင်းခေါက်သံက တညံညံဆိုတော့ ဘယ်သူမှမခံသာဘူး၊ အတော့ကိုနားငြီးတာ။ အနားက ယူနီဖောင်း ဝတ်ကြီးက အိပ်ရေးပျက်ပြီး ပင်ပမ်းလာဟန်တူတယ်။ နည်းနည်းကြာတော့ စိတ်မရှည်တော့ဘူး။ ခတ်မာမာအသံနဲ့ ဟောက်ပြီး မောင်းထုတ်တယ်။ ဟိုဘက်သွားအော်ရောင်းဆိုပြီး။ ဒီတော့ ဈေးသည်လေးက၊ကိုယ့်ဖာသာဈေးရောင်းတာ ဘာဖြစ်လဲဆိုပြီး ပြန်ခံပြောတယ်။ ပြီးတော့ အဲဒီနေရာကမရွှေ့တော့ဘဲ၊ နဂိုထက် ပိုကျယ်အောင်အော်လိုက်၊ ပုလင်း ခေါက်လိုက်လုပ်နေရော။ နောက်တော့ စစ်ဗိုလ်ကြီးလက်မြှောက်ပြီး လေသံအေးအေးနဲ့စကားပြန်ပြင်ပြောမှ ကုလား လေးကျေနပ်ပြီး ပြန်ထွက်သွားတယ်။

ဆိုလိုတာက သူများတွေဆီမှာ အာဏာပါဝါပြလို့မရဘူး။ ကိုယ့်တာဝန်နဲ့ကိုယ်ပဲ။ မရှိတာထက်၊ မသိတာခက်တာက ပို ဆိုးတယ်။ ကျနော်တို့တတွေ အမြင်မကျယ်၊ ဗဟုသုတမရှိတော့ မတရားခိုင်းတာခံလိုက်ရတာပါ။ ပြီးတော့ ကိုယ့်နိုင်ငံက လမ်းတံတားမြေပုံတွေကို တပါးလက်ထဲ ဘာသာပြန် ထိုးအပ်လိုက်ရတာ သိတ်ကိုရင်နာစရာကောင်းတယ်။ အသုံးချခံ လိုက်ရတာ။ ဒီလိုလုပ်ပေးလိုက်လို့ သူတို့ဆီက ကျနော်တို့လိုချင်တဲ့ သင်တန်းတွေလည်းမရ၊ လက်နက်လည်းမရ၊ ရုတ် စွအဆုံး ငွေကြေးအထောက်အပံ့တောင်ရခဲ့တာမှုတ်ဘူး။

ဒုက္ခသည်စခန်းထဲက ကျနော်တို့တတွေကတော့၊ ကိုဘရမ်တို့၊ ကျော်ကျော်ထွဋ်တို့ တော်လှန်ရေးအတွက် လူကြီးတွေနဲ့ အပြတ်ဒူးတိုက်ဆွေးနွေးနေပြီ၊ လွတ်မြောက်နယ်မြေအတွက်လား၊ လက်နက်ကိုင်သင်တန်းအတွက်လားပေါ့။ အဟာရ မရှိတာတွေစား၊ စစ်တိုက်ဖို့ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခန်းတွေလုပ်၊ နေ့နေ့ညည မညည်းမညူ ဒုက္ခခံခဲ့တာ ကိုယ့်အတွက် သာဆို၊ လူတိုင်းဟာ အဲလောက် သီးခံကြမှာမဟုတ်။ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ပြီးတော့ တော်လှန်ရေးဂုဏ် သိက္ခာ၊ ကျောင်းသားဂုဏ်သိက္ခာ ခွတ်ဒေါင်းဂုဏ်သိက္ခာ…။ အဲဒီ ဂုဏ်သိက္ခာတွေအတွက် ကျနော်တို့အားလုံး၊ အများ အမြင်မှာ၊ သနားစရာကောင်းအောင်၊ လှုပ်ရှားရပ်တည်ခဲ့ကြတယ်။ ဘယ်လောက်အထိ သနားစရာကောင်းနေသလဲဆို၊ အိန္ဒိယဆီက ဘယ်တော့မှမရနိုင်တဲ့ သေနတ်.. သေနတ် ဆိုတာကို ရလိမ့်မယ်လို့ မျော်လင့်ပြီး ရူးသွပ်ခဲ့ကြတယ်။

၂ နှစ်လောက်ကြာအောင် သစ်သားသေနတ်တွေနဲ့ ကိုယ့်ဖာသာ၊ စစ်ရေးတွေလေ့ကျင့်ခဲ့ကြတဲ့ အရူးတပိုင်းလို၊ ဘဝတွေ ပဲ ဖြစ်တယ်။

ကိုညို

No comments: