Wednesday, July 17, 2013

နောက်ထပ် အရှုံးမပေါ်စေချင်ပါ

အာဇာနည်နေ့.. ဒို့မမေ့

ကျနော့်ဘဝဟာ အာဇာနည်နေ့မှာ အစပြုခဲ့သလို အာဇာနည်နေ့မှာ လူဖြစ်လာတာပါ။ ကျနော့ကို မွေးဖွားပေးခဲ့တဲ့ ကရင်သူနာပြုဆရာမကြီးက မွေးမွေးချင်း “အာဇာနည်မောင်” လို့ နာမည်ပေးခဲ့တယ်။ သူပေးတဲ့နာမည်ကို မိသားစုညီ အကို မောင်နှမတွေကရော၊ ရပ်ကွက်ထဲက သူငယ်ချင်းတွေကရော ဘယ်သူမှ မခေါ်သလို အသိအမှတ်လည်းမပြုဘူး။ ဒါပေမဲ့
ကျနော့ကိုမွေးပေးခဲ့တဲ့ ကရင်သားဖွားဆရာမကြီးကတော့ ကျနော်အရွယ်ရောက်လာတဲ့အထိ ဆေးရုံမှာဖြစ်စေ လမ်းမှာဖြစ်စေ တွေ့တိုင်း “အာဇာနည်မောင်” လို့ အားရပါးရခေါ်ပြီး နှုတ်ဆက်တတ်တယ်။ သူအဲလို လူကြားသူကြားထဲ ခေါ်ရင် ကျနော် နည်းနည်းရှက်တတ်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ပြီးသဘောကျနေသလို၊ အာဇာနည်လို့ အပြောခံရတာကို ဂုဏ်ယူနေတယ်။ ကိုယ့်မွေးနေ့မို့ အာဇာနည်နေ့ကိုလည်း မေ့စရာမလိုတော့ဘူး။ ငယ်သူငယ်ချင်း အများစုကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်ခေါင်းဆောင်တွေ ကျဆုံးတဲ့နေ့၊ ဝမ်းနည်းစရာကောင်းတဲ့နေ့မှာ မွေး လို့ ကျနော်ဟာ ကံမကောင်းဘူး၊ လာဘ်လည်းမကောင်းဘူးလို့ စကားနာထိုးတတ်ကြတယ်။ ဟုတ်ပါတယ်။ ကျနော် တို့မျိုးဆက်ဟာ ဒီနေ့အထိ အမှောင်ကျပြီး ကံမကောင်းတဲ့မျိုးဆက် ဖြစ်နေပါတယ်၊ ပညာရေးမှာလည်း အကြိမ်ကြိမ်စမ်း သပ်မှုတွေ၊ စနစ်အပြောင်းအလဲတွေနဲ့ ABCD ကိုတောင် ၅ တန်းရောက်မှ သင်ခဲ့ရတယ်။ နိုင်ငံရေးမှာလည်း ပြည်တွင်း စစ်ကိုပဲ တလျှောက်လုံးကြုံခဲ့ရပြီး၊ တဘဝလုံး အာဏာရှင်ရဲ့ တွင်းနက်ကြီးထဲလဲကျခဲ့ရတယ်။ ကျနော်ဆို ဒီအသက်အ ရွယ်ထဲရောက်နေပေမဲ့ တကြိမ်တခါမှ မဲမပေးခဲ့ဖူးဘူး။

ငယ်ငယ်တုန်းက အာဇာနည်နေ့တွေ ..

ငယ်ငယ်က အာဇာနည်နေ့ မနက်တိုင်း အကိုလတ်က အိမ်ရှေ့မှာ ဝါးလုံးရှည်ကြီးစိုက်ပြီး ကြယ်ငါးပွင့် ပြည်ထောင်စု အလံကို တဝက်ထူလေ့ရှိတယ်။ ကျနော်တို့ရပ်ကွက်က အိမ်အတော်များများ အလံထက်ဝက်ထူလေ့ရှိတယ်။ အဲဒီနေ့ မနက်ဆို မြန်မာ့အသံက အာဇာနည်နေ့ ဂုဏ်ပြုတေးတွေချည်း တနေကုန်ထုတ်လွှင့်တယ်။ တကယ်တော့ အာဇာနည် နေ့ မတိုင်ခင် တရက်နှစ်ရက်လောက်ကတည်းက အာဇာနည်နေ့နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ အစီအစဉ်လေးတွေပါ ထုတ်လွှင့်ပေးတယ်။ အဲဒီနေ့မှာတော့ ကျောင်းတွေရုံးတွေလည်း ပိတ်တာမို့ ရေဒီယိုက အာဇာနည်နေ့ ကလေးများအ တွက် အထူးအစီအစဉ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဇာတ်လမ်းပမာတွေလာသလို မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ လည်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေလွှင့်ထုတ်ပေးတယ်။ အဖေက ဗိုလ်ချုပ်မိန့်ခွန်းဆို သိပ်သဘောကျတာ၊ ကျနော်တို့ မောင်နှမတွေအဖေနဲ့အတူ ရေဒီယိုနားကကပ်ပြီး ဗိုလ်ချုပ်မိန့်ခွန်းကို နားထောင်လေ့ရှိတယ်။ ဗိုလ်ချုပ်ရဲ့ မာန်ပါပါနဲ့ ဟောပြောချက်တွေကို ပိရိဿတ်ကလက်ခုတ်တီးတဲ့ အချိန် အဖေကလည်း.. အင်း.. ဟုတ်တယ်.. မှန်တယ်  လို့ အသံထွက်ထောက်ခံပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ..။

အာဇာနည်နေ့နီးပြီးဆို ကျနော်တို့ ကျောင်းတွေမှာစာစီစာကုံးပြိုင်ပွဲတွေလုပ်တတ်သလို ကျောင်းတွင်းနံရံကပ် စာစောင် တွေလည်း လုပ်လေ့ရှိတယ်။ ပြီးတော့ အာဇာနည်နေ့အကြို ဟောပြောပွဲ စကားရည်လုပွဲတွေလည်း ကျင်းပလေ့ရှိတယ်။ ပြီးတော့ အာဇာနည်နေ့မနက်ပိုင်းမှာ ကျောင်းကို စောစောသွားရတယ်၊ အဲဒီနေ့မှာ စာမသင်ဘူး။ ကျနောတို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝတလျှောက်လုံး ကိုယ့်အတန်းအလိုက် တန်းစီပြီးမြို့ထဲက အာဇာနည် ကျောက်တိုင်ရှိရာကို သွားပြီး အလေးပြုကြတယ်။ လွမ်းသူ့ပန်းခွေချကြတယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့ အချိန် ၁ဝ နာရီ ၃၇ မိနစ်ဆို ရေဒီယိုထဲကရော ကျနော်တို့မြို့က စက်ရုံကရောဥသြဆွဲလေ့ရှိတယ်။ အဲလို ဥသြဆွဲသံကြားရင် လမ်းပေါ် မှာ ဆော့နေတဲ့ ကျနော်တို့ခလေးတွေလည်း သတိဆွဲပြီး ရပ်တတ်ကြတယ်။ လမ်းသွားလမ်းလာတွေလည်း ဥသြသံ ကြားရင် ရပ်လေ့ရှိတာကို အခုထိမျက်စေ့ထဲ မြင်နေသေးတယ်။

မူလတန်းကျောင်းသားအရွယ် အဲဒီကာလတွေက ဘာမှလေးလေးနက်နက် မသိပေမဲ့ ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်း ဆောင်ကြီးတွေကို ရက်ရက်စက်စက် အသတ်ခံရတာကိုတော့ ဝမ်းနည်းစိတ်၊ သနားစိတ်တွေခံစားခဲ့ရတယ်။ ခေါင်း ဆောင်ကြီးတွေကို စိတ်ထဲကကြည်ညိုနေတယ်။ ဆရာ ဆရာမတွေရဲ့ အာဇာနည်နေ့အကြို ဟောပြောမှုတွေ အကျိုး ကျေးဇူးနဲ့ ငယ်စဉ်ကတည်းက ဗိုလ်ချုပ်ရဲ့ရိုးသားမှု၊ အမှန်အတိုင်းပြောတဲ့စရိုက်၊ ဆုံးဖြတ်ချက်အတိုင်း မဖောက်မပြန် လုပ်တတ်တဲ့အကျင့်၊ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို ဦးစားပေးတတ်တဲ့ စိတ်ဓာတ်တွေကို အားကျစေခဲ့တယ်။ ငယ် ငယ်က သင်ရတဲ့ ပြည်သူ့နီတိက ယဉ်ကျေးလိမ္မာဖို့နဲ့ ကိုယ်ကျင့်တရားကောင်းမွန်စေတယ်ဆို၊ ဗိုလ်ချုပ်အပါအဝင် ခေါင်းဆောင်ကြီးတွေရဲ့ အထ္ထုပ္ပတ္ထိတွေကို သင်ကြားခဲ့ရတာကလည်း ခေါင်းဆောင်တယောက်ရဲ့ စိတ်ဓာတ်အရည် အသွေးနဲ့ စွမ်းဆောင်အားတွေကို အတုယူဖို့ ဖြစ်စေခဲ့တယ်။ ဗိုလ်ချုပ် သက်ရှိထင်ရှားစဉ်ကာလကို မသိမမီခဲ့ရပေမဲ့ ဗိုလ်ချုပ် ဝိညာဉ်စိတ်ကိုသွပ်သွင်းပေးတဲ့ ဆရာဆရာမကောင်းတွေနဲ့ သိမီလိုက်ရတာကိုတော့ အခုထိ ဂုဏ်ယူနေရ တယ်။

ဗိုလ်ချုပ် အမြင်

ကျနော်တို့ စတုတ္ထတန်း ကျောင်းသုံးစာအုပ်နောက်ဆုံးနားက ဗိုလ်ချုပ်အောင်ဆန်း ဂျပန်စစ်ဝတ်စုံနဲ့ မြင်းစီးပန်းချီလေး နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကို သင်ရ ဆိုရတယ်။ မှတ်မိသေးတယ်၊ ဆရာမ နော်အေးချစ်ကျော်က အသံကြီးပြီး အာပြဲတဲ့ ကျနော့ကို အတန်းရှေ့ရပ်ပြီး ဦးဆောင်ဆိုခိုင်းတတ်တယ်။

×× ဗမာ့လွတ်လပ်ရေးအတွက်×× တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်..အစချီပြီး ငါတို့ ဗမာပြည်ဝယ် ××× မိဘတိုင်းကရယ် ××× ဗိုလ်အောင်ဆန်းလို ×× သူရဲကောင်းတွေ မွေးရမယ် ××× လို့ဆိုရတဲ့သီချင်းလေးပါ..

ကျနော်က မာန်ပါပါနဲ့ဆိုတာကို ဆရာမကသိပ်သဘောကျတယ်၊

ရာဇဝင် အထ္ထုပ္ပတ္ထိလည်း ရှိရမယ် ×× မော်ကွန်းလည်းထိုးလောက်တဲ့ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် ×× လို့ ဘေးဝဲယာက အတန်းဖော်တွေ လက်ကလေးပိုက် သံပြိုင်ဆိုကြတာပါ။ မှတ်မိနေတာတခုက အဲဒီတုန်းက ကျောင်းသုံး စာအုပ်မှာ ပြဋ္ဌာန်းပုံနှိပ်တဲ့ သီချင်းစာသားမူရင်းနဲ့ အခုနောက်ပိုင်းဆိုနေတဲ့ စကားလုံးနှစ်လုံးကွဲပြားသွားတာပဲ ဖြစ်တယ်။ အခုအများဆိုနေကြတဲ့ သီချင်းရဲ့ နောက်ဆုံးအပိုဒ်က ..

××မြန်မာနိုင်ငံ××ထူထောင်ရန်နဲ့××မျိုးရိုးမတိမ်အောင်××ကြံဆောင်လေတယ်×× ဖြစ်တယ်။

အရင်က ကျနော်တို့ဆိုခဲ့တာက .. ××အာရှနိုင်ငံ××ထူထောင်ရန်နဲ့××မျိုးရိုးမတိမ်အောင်ကြံဆောင်လေတယ်××လို့ မှတ်သားမိပါတယ်။

အဲဒီတုန်းက ဂျပန်တွေရဲ့ “အာရှတိုက် သာတူညီမျှကောင်းစားရေး” ဆိုတဲ့ဝါဒဖြန့်ချိမှုကိုပဲ တေးပြုဆရာ သဟာရ ဆရာ တင်က ရည်ရွယ်သလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်ရဲ့အဲဒီတုန်းက အာရှယူနီယံကြီး(ယခ္ခု အာစီယံလို အသင်းအဖွဲ့ကြီး) ဖွဲ့စည်းလိုတဲ့ စိတ်ကူးရည်မှန်းချက်ကိုဆိုလိုတာလားတော့ မပြောတတ်ဘူး။ သေချာတာကတော့ စစ်မီးတောက်နေတဲ့ ဟိုတချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းဟာ ခေတ်မီပြီး ကမ္ဘာ့နိုင်ငံရေးခြေလှမ်းသစ်တွေကို မျက်ခြေမပြတ် အာရုံ ရောက်နေတယ်ဆိုတာ ပါပဲ။ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်ကို ဆက်လုပ်မယ်ဆိုတဲ့ လက်တွေ့ကျကျ စနစ်တကျ စိတ်ကူးစီမံချက်တွေ၊ နိုင်ငံရေးရည်မှန်းရည်မှန်းချက်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဆီမှာ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ပေတံ

၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးအတွက် ကျနော်တို့ တိုင်းပြည်ပြင်ပမှာ နေထိုင်ခဲ့ရစဉ် ဗိုလ်ချုပ်ကို စံပြတော်လှန်ရေး သမားအရာထားပြီး ကျင့်ကြံနေထိုင်ကြတယ်။ ဗိုလ်ချုပ်လို ခေါင်းဆောင်ဆိုတာ ကိုယ်ကျိုးစွန့်တယ်၊ စေတနာပါပြီး အနစ်နာခံတယ်၊ ကျောသားရင်သားမခွဲခြားဘူး၊ ဆင်ခြင်တွေးခေါ်မှုနဲ့ရှေ့ကို ကြိုမြင်နိုင်တဲ့ ဉာဏ်အမြော်အမြင်လည်းရှိ တယ်ဆိုတော့ ကိုယ်က အဲလိုမကျင့်ကြံနိုင်တောင် အဲလိုဂုဏ်အင်နဲ့ ခေါင်းဆောင်မျိုးကို လိုလားနေတယ်။ ဗိုလ်ချုပ်အ ကြောင်း အဆိုးတွေမကြားဖူးဘဲ အကောင်းစားစိတ်ဓာတ်တွေချည်းပဲ ဖတ်ခဲ့ ကြားခဲ့ရတော့ ဗိုလ်ချုပ်ဟာ ကျနော်တို့ အတွက် ခြောက်ပြစ်ကင်းသဲလဲစင်ဒဏ္ဍာရီထဲက တန်ခိုးရှင်မင်းသားတယောက်လို မသိစိတ်မှာစွဲငြိနေတယ်။ ဒီတော့ ကျနော်တို့ကိုခေါင်းဆောင်တဲ့လူကို ဗိုလ်ချုပ်ပေတံနဲ့ တိုင်းထွာပြီး အမှတ်တွေပေးနေမိတယ်။ စပြီးတိုင်ကတည်းက စံမီကိုက်မီ အရည်အချင်းပြည့်မီတဲ့ ပေတံဆိုတော့ အဲဒီစံနှုံးနဲ့ မကိုက်ရင် အမှတ်တွေလျှော့၊ ပေမမီဂိုက်မမီစာရင်းသွင်း လိုက်ကြတော့ ခေါင်းဆောင်ကောင်းကို ဘယ်တော့မှ ရှာမတွေ့တော့ဘူး။ဖြစ်သင့်တာက လူဆိုတာ ခြွင်းချက်ရှိတတ် တာကို အရင်ဆုံး လက်ခံပေးပြီး သူ့ရဲ့ အရည်အသွေးကိုမြှင့်တင်ပေးဖို့သာ ဖြစ်တယ်။ အားပေးထောက်ပံ့ ကူညီဝန်းရံ ပေးဖို့ ဖြစ်တယ်။

မုန်တိုင်းကြားမှာ ခေါင်းဆောင်အားနည်းချက်ကို မရှာနဲ့။

တခါတုန်းက ကျနော် ဆရာကြီးဒဂုံတာရာကို ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ တယ်လီဖုံးကနေ လှမ်းပြီး အင်တာဗျူးလုပ်ရင်း မေးခွန်းတခုမေးဖူးတယ်။ အဲဒါက ဗိုလ်ချုပ်ရဲ့ ကိုယ်ရံတော် စာရေးဆရာ တက္ကသိုလ်နေဝင်းကလည်း ကျနော်တို့မြို့က စာပေဟောပြောပွဲမှာ “လူတိုင်းမှာ ခြွင်းချက်ဆိုတာရှိတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ခြွင်းချက်နဲ့လူတယောက်လို့ ကျနော်ပြောချင်တယ်၊ အဲလိုပဲ ကျနော်ယုံကြည်တယ်၊ ဘာကြောင့်လဲဆို ဗိုလ်ချုပ်ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကင်းကွာ သူ မဟုတ်သလို အများကောင်းကျိုးပေါ် အခြေခံတဲ့ စိတ်စေတနာနဲ့ အလုပ်လုပ်သူ ဖြစ်လို့ပဲ” လို့ ပြောဖူးပါတယ်၊ ဆရာကရော ဘယ်လိုမြင်သလဲ ဗိုလ်ချုပ်ဟာ နိုင်ငံရေးမှာ ခြွင်းချက်မရှိသူတယောက်လား၊ သူဟာ လူမှုရေးတခုသာ အားနည်းသူလား၊ နိုင်ငံရေးမှာရော အားနည်းချက်တွေ မရှိဘူးလား၊ ဗိုလ်ချုပ်ရဲ့ အားသာချက်တွေကြီး ကျနော်တို့ ဖတ်ခဲ့ရတယ်၊ ဗိုလ်ချုပ်ရဲ့ အားနည်းချက်က ဘာတွေလဲလို့ မေးကြည့်ခဲ့ဖူးတယ်။

ဆရာဒဂုံတာရာ ကချက်ချင်းအဖြေမပေးဘူး၊ တအောင့်နေမှ “ကျနော် ဗိုလ်ချုပ်ကို အားနည်းတဲ့ ချို့ယွင်းတဲ့ဘက်က တခါမှ မကြည့်ဘူးဖူး၊ မစဉ်းစားဖူးဘူးဗျာ၊ အဲဒီအမြင်ဘက်ကလည်း ကြည့်ရကောင်းတယ်လို့ ဟိုတုန်းက မစဉ်းစားမိ ခဲ့ဘူး၊ အခု ခင်ဗျားပြောမှ ကျနော်စဉ်းစားမိတယ်” လို့ ပြန်ဖြေပါတယ်။ တကယ်တော့ ဆရာကြီးဒဂုံတာရာရဲ့အဖြေက ကျနော်တို့ လူငယ်မျိုးဆက်တွေကို တိုင်းပြည်အတွက်အရေးကြီးတဲ့အချိန် မိမိခေါင်းဆောင်တယောက်အပေါ် ဘယ်လို သဘောထားမျိုးနဲ့ ရှု့မြင်သင့်တယ်ဆိုတာကို ထောက်ပြလိုက်တာပါပဲ။ အဲဒီကာလက ဗိုလ်ချုပ်ဟာ ပြည်သူချစ်တဲ့ ခေါင်း ဆောင်၊ ပြည်သူလေးစားတဲ့၊ ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပါ။ လွတ်လပ်ရေးအရယူဖို့သာ အရေးကြီးနေတဲ့ အချိန်ကာလမျိုးမှာ မိမိယုံကြည်တဲ့ခေါင်းဆောင်တယောက်ရဲ့ အားနည်းချက်တွေ တကူးတက ရှာမကြည့်ဖြစ်ခဲ့ဘူးလို့ ကျနော့်ကို အဖြေပေးခဲ့တာ ဖြစ်တယ်။

မိမိခေါင်းဆောင်ကိုသာ ဝန်းရံပါ

ကျနော်တို့တတွေဟာ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးနေတဲ့ကာလမျိုးမှာ အများပြည်သူ ယုံကြည်လေးစားပြီး အား ကိုးမျော်လင့်တဲ့ ခေါင်းဆောင်တယောက်ကို ဝိုင်းဝန်းပံ့ပိုး ဝန်းရံစောင့်ရှောက်ဖို့ သိပ်ကိုလိုအပ်ပါတယ်။ ကိုယ့်လူထု ခေါင်းဆောင်ကို ကိုယ်ကမှ မယုံကြည်ဘဲ အပြစ်တွေချည်း လိုက်ရှာမယ်ဆိုရင်အပြစ်သေးသေးမွှားမွှားလေးတွေကအစ မှန်ဘီလူးမလိုဘဲ ရှာတွေ့နေမှာ ဖြစ်တယ်။ ဗိုလ်ချုပ်ရဲ့သမီးဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် စင်ပေါ်တင် ပြီး အရူးအမူးဖြစ်ခဲ့ကြတာလည်း ကျနော်တို့ပဲ ဖြစ်တယ်၊ ပြီးတော့ ဒီခေါင်းဆောင်ကိုပဲ ကိုယ့်စိတ်အလိုနဲ့မကိုက်လို့  ဘာ ဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အကြောင်းအကျိုးကင်းမဲ့တဲ့ အပြစ်တွေ မြင်ကြတာလည်း ကျနော်တို့ မျိုးဆက်တွေပဲ ဖြစ် တယ်။ ကျနော်တို့ တင်ခဲ့တဲ့ ခေါင်းဆောင်ကိုမှ ကျနော်တို့ မယုံကြည်တော့ရင် ကျနော်တို့ ဘယ်တော့မှအောင်ပွဲရမှာ မဟုတ်ပါဘူး။ မိုးထဲလေထဲက ရှားရှားပါးပါးရထားတဲ့ခေါင်းဆောင် တယောက်ကို ကျနော်တို့ နားလည်စာနာမှုအပြည့်နဲ့ ဝန်းရံသင့်ပါတယ်။ကျနော်တို့ တိုင်းပြည်မှာ ခေါင်းဆောင်ကောင်း ရှားပါးသလို နောက်လိုက်ကောင်းလည်း နည်းလွန်း တာကို သတိပြုသင့်တယ်။ တိုးတက်ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေကိုကြည့်လိုက်ရင် ပြည်သူနဲ့ ခေါင်းဆောင်ရင်းရင်းနှီးနှီးနဲ့ အပြန်အလှန်လေးစားမှုရှိပြီး ပြည်သူဘက်ကလည်း မိမိတို့လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ် တင်ပြကြသလို အ စိုးရနဲ့ ခေါင်းဆောင်တွေကလည်း အများပြည်သူ သိလိုတဲ့အရာတွေကို ဖုံးကွယ်မထားဘဲ အမှန်အတိုင်း အရိုးသားဆုံး ရှင်းလင်း ပြောဆိုတတ်တယ်။ မီဒီယာတွေကလည်း မိမိတို့အခွင့်အလမ်းရဖို့၊ ကြီးပွားချမ်းသာဖို့ထက် အများအကျိုးနဲ့ ဂုဏ်သိက္ခာမြင့်မားဖို့ကို ပိုပြီးအာရုံစိုက်တတ်တယ်။

အပြုသဘောဆောင်တဲ့ နိုင်ငံရေး

ဗိုလ်ချုပ်တို့ကျဆုံးတာ ၆၆ နှစ် ရှိခဲ့သလို တိုင်းပြည်ရဲ့ ညီညွတ်မှုပြိုကွဲနေတာလည်း အနှစ် ၆ဝ ကျော်ပါပြီ။ ဗိုလ်ချုပ် အောင်ဆန်းဟာ ယခင်ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို ထူထောင်ခဲ့တယ်ဆိုတဲ့ ပဒေသရာဇ်မင်းတွေနဲ့တော့ လုံးဝ ခြားနားပါတယ်။ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကျိုးပမ်းမှုမှာ ချေမှုန်းရေး၊ သိမ်းပိုက်ရေး သုတ်သင်ရေးကို ဦးစားမပေးဘဲ စည်းရုံးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ပြုပြင်တည်ဆောက်ရေးတွေသာ တွေ့ရမှာပါ။ လွတ်လပ်ရေးအတွက် လန်ဒန်သွား ဆွေးနွေးပြီး တနှစ်အတွင်းလွတ်လပ်ရေး သဘောတူညီချက် အရယူခဲ့တာ။ မြေပြန့်တောင်ပေါ် ညီညွတ်မှုတည်ဆောက် ခဲ့တာတွေဟာ ဆွေးနွေးအဖြေရှာ ညှိနိုင်းမှုသက်သက်ကနေ ရခဲ့တာ ဖြစ်တယ်။ တနည်းပြောရရင် အပြုသဘောဆောင် တဲ့ နိုင်ငံရေး ဖြစ်တယ်။ မိမိနဲ့တချိန်က ဆန့်ကျင်သူ၊ အယူအဆမတူသူတွေကိုလည်း ညီညွတ်ရေးနဲ့ ပြန်လည်တည် ဆောက်ရေး ဗျူဟာအရ ရာထူးနေရာပြန်လည်ချပေးတာကိုလည်း တွေ့ရမှာပါ။ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး စွမ်းဆောင်ချက် တွေထဲက ဒီနေ့အထိ လွမ်းမောစရာကောင်းအောင် တသသဖြစ်နေရတဲ့အရာကတော့ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စု အရေးပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတာနဲ့ ပြည်ထောင်စုကြီး ပြိုလဲဖို့အစ ဖြစ်သွားပါတယ်။ ဒီကနေ့အထိ ပြည် ထောင်စု သွေးစည်းညီညွတ်ရေးကို ဗိုလ်ချုပ်လို လှလှပပ မျှမျှတတ အကောင်အထည်မဖော်နိုင်သေးတာ ဘာကြောင့် လဲ.. ဘာတွေလိုအပ်နေလဲ.. ဘာတွေအားနည်းနေသေးလဲဆိုတာ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ကာရကံရှင် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တိုင်းပြည်ကို ပွင့်ပွင့်လင်းလင်း အစီရင်ခံသင့်တယ်။

အရှုံးထဲက ထပ်မရှုံးဘို့

ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ အရှုံးထဲကနေ အကြိမ်ကြိမ်ထပ်ရှုံးခဲ့တာတွေ သတိပြုမိတယ်။ အဲဒါတွေကို အခုထိ အဖတ်ဆည်လို့ မရသေးဘူး။ ဗိုလ်ချုပ်ကျပြီးတာနဲ့ ပင်လုံသွေးစည်းညီညွတ်မှုပါ ကျဆုံးခဲ့တယ်။ ဗိုလ်ချုပ်နဲ့ ပြည်ထောင်စုဆိုတာ ငွေဒင်္ဂါး တခုရဲ့ ခေါင်းနဲ့ပန်း ဖြစ်တယ်။ နောက်ထပ်အရှုံးတခုက ဗိုလ်ချုပ်ဝိညာဉ်ကို ဖျောက်ဖျက်ခံရတာ ဖြစ်တယ်။ အဲဒါ တိုင်း ပြည်ရဲ့မျိုးဆက်တဆက် ကျဆုံးသွားတာ ဖြစ်တယ်။ တပ်မတော်မျိုးဆက်ကပါ ဗိုလ်ချုပ်ကို ကျေးဇူးရှင်လို့ မတွေးတော့ ဘူး။ ကျနော်တို့မျိုးဆက်က ဗိုလ်ချုပ်ကို သိမီခဲ့သေးတယ်။ တခါက ဘီဘီစီကလွှင့်ပေးတဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို တပ်ပြေး ရဲဘော်တယောက်က “အဲဒါ ဗိုလ်ချုပ်အောင်ဆန်း အသံလား” လို့ တအံ့တသြနဲ့ မေးတာတွေ့ဖူးတယ်။ သိပ်ဝမ်းနည်း စရာကောင်းတယ်။ ကျဆုံးသွားတဲ့ တိုင်းပြည်ခေါင်းဆောင်တယောက်ကို ထိုက်ထိုက်တန်တန် နေရာမပေးတာဟာ မိမိတို့နိုင်ငံနဲ့ လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ မြန်မာ့နိုင်ငံရေးဟာ စစ်အာဏာရှင်စနစ်အောက်မှာ အောက်ကျ နောက်ကျ အတွေးအခေါ်တွေနဲ့ ဂုဏ်သိက္ခာညှိုးခဲ့ရတယ်။ အခု ပြည်သူလူထုရဲ့ ညီညွတ်မှုနဲ့ ဆုံးဖြတ်ချက်က ပဓာန ကျတဲ့အဆင့်မှာ ရောက်နေပါပြီ။ ကျနော်တို့ ထပ်ပြီးအရှုံးပေါ်လို့ မဖြစ်ပါ။ အရှုံးထဲက အမြတ်ထုတ်ယူဖို့ အချိန်ကျနေ ပါပြီ။

ဗိုလ်ချုပ်ဝိညာဉ်ကို ပြန်မွေးမြူကြရအောင်

ကိုယ့်ခေါင်းဆောင်ကို ဝန်းရံကြရအောင်။

ကိုညို (အော်စလို)
၁၆ ဇူလိုင် ၂ဝ၁၃

(အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါး)

1 comment:

Unknown said...

လေးစားပါတယ် ကိုညို။ Salute ပါဗျာ။